ထောင်တွင်းအတွေ့အကြုံများကို ပြန်လည်ရှင်းပြလာတဲ့ ကချင်လူငယ် ကိုပေါလ်လုနှင့် တွေ့ဆုံခြင်း

4419
Paw Lu

ကချင်ဒေသတွင်း တစ်ကျော့ပြန်စစ်ပွဲ ဖြစ်ပွားလာမှုကြောင့် စစ်ရှောင်ပြည်သူများ စစ်ရှောင်လာသည်မှာ ၈နှစ်ပြည့်ပြီး ၉ နှစ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်ပြီးနောက် စစ်ရှောင်လာခဲ့ရသည့် စစ်ရှောင်လူငယ်များ၏ ခံစားမှုများ၊ လိုလားတောင့်တချက်များကို ပုံဖော်သည့် တေးသရုပ်ဖော်အစီအစဉ်ကို ၂၀၁၉ ဇန်နဝါရီလ ၁၀ ရက်နေ့က ကချင်လူငယ် ကိုပေါလ်လုနှင့် မဆိုင်းနူးပန်တို့က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

ယင်းအစီအစဉ်ကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုပေါလ်လုသည် တရားသူကြီးကို ကြိုးပြတ်နေသည့်ချိန်ခွင်ကို ပေးခဲ့သောကြောင့် ထောင်ဒဏ် ၃လ ကျခံခဲ့ရသည်။ ထို့ကြောင့် ကိုပေါလ်လု၏ ထောင်ထဲမှ အတွေ့အကြုံ၊ စိတ်နေသဘောထားများကို ကချင်ပြည်နယ်မှ စာဖတ်ပရိသတ်ကြီး သိရှိနိုင်ရန် မြစ်ကြီးနားသတင်းဂျာနယ်မှ မေးမြန်းထားပါသည်။

မေး- ထောင်ဒဏ် ၃လ ကျခံခဲ့ရတဲ့ အကြောင်လေး အကျဉ်းချုံး ပြောပြပေးပါဦး။
ဖြေ- စစ်ရှောင်ပြည်သူတွေ စစ်ရှောင်လာခဲ့တာ ၈နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်ရှောင်လူငယ်တွေရဲ့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လူငယ်တွေလိုလားတောင့်တတဲ့ မျှော်လင့်ချက်တွေကို ပုံဖော်တဲ့ ဘဝတေးသရုပ်ဖော်တင်ဆက်မှုအစီအစဉ်ကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ရက်နေ့မှာ စိမ်းမြဧရာပန်းခြံ ဗိုလ်ချုပ်ရုပ်ထုရှေ့နဲ့ ပြည်သူ့ရင်ပြင် စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလိုလုပ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်နှင့် မဆိုင်းနူးပန်က ငြိမ်းစုစည်းဥပဒေပုဒ်မ (၁၉)နဲ့ အပြစ်ပေးအရေးယူခံရတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ပြောခဲ့တဲ့အတိုင်း စာတွေလည်း တင်တယ်။ သူတို့ ဥပဒေလက်တစ်လုံးခြားလုပ်တာလား၊ ဒါမှမဟုတ် သူတို့ရဲ့လုပ်ပိုင်ခွင့် လက်တစ်လုံးခြား လုပ်တာလားတော့ မသိဘူး။ သူတို့ဆောင်ရွက်ခိုင်းတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ကို သူတို့ရဲ့နှုတ်က ပြောတာကတော့ ပွဲကို (၂)ရက် (၃)ရက် လုပ်ဆောင်လို့ရတယ်လို့ ပြောထားတယ်။ ခွင့်ပြုမိန့်မှာ ၉ရက်နေ့အတွက်ပဲ ပါတယ်။ (၁၀) ရက်နေ့အတွက် မပါဘူးဆိုပြီး ဥပဒေလက်တစ်လုံးခြားပြီး ကျွန်တော်အပြစ်ပေး အရေးယူခံခဲ့ရတယ်။

တရားစီရင်ရာမှာ ကျွန်တော်တို့ (၃)လ လောက်တော့ အပြစ်မရှိကြောင်း ထုချေခဲ့တယ်။ တကယ်ဆိုရင်လည်း ကျွန်တော်တို့မှာ အပြစ်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို အပြစ်ရှိတယ်ဆိုပြီး စက်တင်ဘာလ (၂)ရက်နေ့မှာ မြစ်ကြီးနားမြို့နယ်တရားသူကြီးက ကျွန်တော်တို့ကို ထောင်ဒဏ် (၁၅) ရက် သို့မဟုတ် ငွေဒဏ် ၃သောင်းကို ချခဲ့တယ်။

ကျွန်တော်တို့မှာ အပြစ်မရှိဘူး။ အပြစ်မရှိတဲ့အတွက် ငွေဒဏ်ဆောင်ဖို့ အကြောင်းမရှိဘူး။ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ရင် ထုချေမနေဘူးပေါ့နော်။ အချိန်ကုန် လူပင်ပန်းပြီးမှ တရားရင်ဆိုင်စရာ အကြောင်းမရှိဘူး။ သူတို့တရားစွဲကတည်းက ကျွန်တော်တို့ ငွေ ၃သောင်းပေးပြီးသားပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အပြစ်မရှိတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီးမှ ဘယ်လိုမှ ဝန်ခံလို့မရဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ထောင်ဒဏ်၁၅ရက် ကျသွားတာပေါ့နော်။

ဒီထောင် ၁၅ရက်ကျတဲ့အပေါ် ကျွန်တော်တို့က မကျေနပ်ဘူး၊ တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကို မှားယွင်းနေတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က နှုတ်နဲ့လည်း ပြောတယ်။ ပြီးရင် ဖော်ပြတဲ့အနေနဲ့လည်း ချိန်ခွင်အပျက်ကို ကျွန်တော်ပေးခဲ့တာပေါ့။ အမှန်တရားကို ကျွန်တော်တို့လိုချင်တယ်ဆိုပြီး ကျွန်တော် ပေးခဲ့တာ ဖြစ်တယ်။

အဲသလို ကြိုးပြတ်နေတဲ့ချိန်ခွင်ကို ပေးခဲ့တဲ့အတွက် မထီမဲ့မြင်ပြုလုပ်မှုကြောင့် ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုခံရမှုကြောင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃လ ချမှတ်ခံခဲ့ရတယ်။

မေး- တရားသူကြီးကို ချိန်ခွင်ပျက်ပေးခဲ့တဲ့အပေါ် နောင်တရတာမျိုးတွေ ရှိပါသလား။
ဖြေ- အဲဒီလိုပေးခဲ့တဲ့အတွက် ကျွန်တော် နောင်တရတာမျိုးတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပေးခဲ့တာက ကျွန်တော်တို့ကို ဒီလိုအမိန့်ချတဲ့အပေါ် မမျှတဘူးဆိုတဲ့အပေါ် ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်မှုရှိတဲ့အကြောင်း ဒီတစ်ခုကိုပဲ ပြောခဲ့တယ်။ ဒါပေမဲ့လည်း ထိရောက်သွားတာက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဏိုင် ယိုယွင်းပျက်စီးနေတယ် ဆိုတာကို ထောက်ပြတာနဲ့အလားတူ ဖြစ်သွားတယ်။

တကယ်လည်း ကျွန်တော်တို့နိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင်က လွတ်လပ်ပြီး သမာသမတ် ရှိရမယ်လို့ ကျွန်တော်တို့ သိထားတယ်။ တရားစီရင်ရေးမဏ္ဏိုင်က ယိုယွင်းပျက်စီးနေတယ်ဆိုတာကို ပြည်သူတွေလည်းသိတယ်။ ပြီးရင် သက်ဆိုင်ရာဌာနဆိုင်ရာ အကုန်သိတယ်။ လူငယ်တွေလည်း အကုန်သိတယ်။ အဲဒါကို မပြောရဲဘူးပေါ့နော်။

မေး- အဲ့ဒီလို ချိန်ခွင်ပျက်ပေးလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဏိုင်က ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါသလား။ အားရကျေနပ်မှုရော ရှိပါသလား။
ဖြေ- ပြုပြင်ပြောင်းလဲရေး သွားဖို့အတွက် ကျွန်တော် အဲဒီလိုလုပ်ဆောင်လိုက်တာက တစ်ခါတည်း ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ပြောင်းလဲဖို့သွားတဲ့အခါမှာ ဒါက အင်အားတစ်ခုဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အားရကျေနပ်မှုလည်း ရှိပါတယ်။

မေး- ထောင်ကျသွားတော့ ဘယ်လို ခံစားခဲ့ရပါသလဲ။
ဖြေ- ထောင်ဆိုတာ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူးနော်။ ဒါပေမဲ့လည်း ရင်ဆိုင်ရတော့မယ်ဆိုတာတော့ ကျွန်တော် အဆင်သင့်ဖြစ်နေပြီးသား။ အဲလိုဆိုတော့ ထွေထွေထူးထူး ခံစားချက်တွေတော့ မရှိဘူး။ လူသားဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်စိတ်တော့ နည်းနည်းရှိတာပေ့ါ။ ဒါပေမဲ့လည်း အဲဒီစိတ်က ကိုယ့်ရဲ့ခံယူချက်ထက် မပြင်းထန်ဘူး။ ခံယူချက်ကို ရှေ့တန်းတင်ပြီးမှ ထောင်ထဲမှာ အဆင်ပြေအောင်နေတယ်။

မေး- ထောင်ထဲမှာ ရခဲ့တဲ့အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
ဖြေ– ကျွန်တော့်ကို အကျဉ်းဦးစီးက လွတ်လွတ်လပ်လပ် ရှိအောင်ဆိုပြီး တိုက်ထဲမှာ တစ်ယောက်တည်း ထားတာပေါ့နော်။ တိုက်ထဲမှာ တစ်ယောက်တည်းထားတာကတော့ ကျွန်တော်အပြင်ထွက်လာပြီး စဉ်းစားချင့်ချိန်ကြည့်တာကတော့ စိတ်ပိုင်းဆိုင်ရာ အရမ်းထိစေတာပေါ့နော်။ ညနေ ၅နာရီခွဲမှာ ပိတ်လိုက်တယ်။ နောက်မနက် ၆ ခွဲမှ ပြန်လာဖွင့်တယ်။ အဲမှာ တစ်ယောက်တည်းဆိုတော့ စကားပြောဖော် မရှိဘူး။ ဒါမျိုးတွေကို စိတ်ပိုင်းဆိုင်ရာခံစားမှုတွေဖြစ်ရတယ်။ ဒါပေမဲ့ ကျွန်တော်အတွက် အဆိုးထဲက အကောင်းပေါ့နော်။ စာပေနဲ့အများကြီး အချိန်ပေးနိုင်ခဲ့တယ်။ စာပေရဲ့ကျေးကျွန်ဖြစ်ခွင့်ရခဲ့တယ်။ စာအုပ်၊ စာပေအများကြီး ဖတ်ခွင့်ရတယ်၊ စာအုပ်အစုံနဲ့ ကျော်ဖြတ်ခဲ့ရတယ်။

မေး- ထောင်ထဲမှာ ဘယ်လိုလူတွေ ပိုရှိတယ်လို့ မြင်ရသလဲ။
ဖြေ- လူကတော့ အစုံရှိတယ်။ ဒါပေမဲ့ လူငယ်ဆိုတာထက် လူလတ်ပိုင်းတွေ များတယ်။ အထူးသဖြင့် မူးယစ်နဲ့ပတ်သက်ပြီးမှ ကျတာပိုများတယ်လို့ ကျွန်တော်မြင်တယ်။ အကျဉ်းထောင်ထဲမှာ အကျဉ်းသူ၊ အကျဉ်းသား အားလုံး ၃ထောင်နီးပါးရှိတယ်။ အဲဒီမှာ အမျိုးသမီးက ၅၀၀လောက်ရှိတယ်။ အထူးသဖြင့် လူလတ်ပိုင်းတွေ ပိုများတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်က အများကြီးဆုံးရှုံးတယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး- ကချင်ပြည်နယ်က လူငယ်တွေကို ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦး။
ဖြေ- ကျွန်တော်တို့လူငယ်တွေက အမှန်တရားဘက်ကို ရပ်တည်ရမယ်။ ပြောင်းလဲမှုကို ရဖို့ရန်အတွက် ကျွန်တော်တို့ လူငယ်တွေရှေ့ထွက်ပြီး လုပ်ဆောင်ရမယ်။ ပေးဆပ်ရမယ်။ အလုပ်လုပ်ရမယ်။ အလုပ်လုပ်တဲ့အချိန်မှာ အနုနည်းနဲ့ချဉ်းကပ်ပြီးမှ လုပ်ဆောင်တာတွေရှိမယ်။ အာဏာပိုင်တွေ ကျွန်တော်တို့ တောင်းဆိုမှုကို အကန့်အသတ်လုပ်လာတဲ့အချိန်မှာ အာဏာကိုဖီဆန်တဲ့အနေနဲ့ ကျွန်တော်တို့ လူငယ်တွေက လုပ်ဆောင်ရမယ်လို့ ခွန်အားပေးချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံပြောင်းလဲဖို့ရန်အတွက် လျှောက်လှမ်းတဲ့အခါ လူငယ်အင်အား အရမ်းလိုအပ်တယ်။ လူငယ်တွေကိုလည်း လူကြီးတွေက အသုံးပြုခိုင်းစေချင်တယ်။

မေး- အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ- ဟုတ်ကဲ့ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

မျိုးမြတ်မြတ်ပန် မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here