စက်တင်ဘာ ၂၉
နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း များပြားလာစေရန်အတွက် အမျိုးသမီးများကိုယ်တိုင် နိုင်ငံရေးထဲကိုယ်တိုင် တက်ကြွလှုပ်ရှားစွာ ပါဝင်ဖို့သည် အဓိကအချက် ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ပြောဆိုလိုက်သည်။
ဒါ့အပြင် နိုင်ငံရေးပါတီများ အနေဖြင့်လည်း အမျိုးသမီးများကို နိုင်ငံရေးတွင် ပါဝင် လှုပ်ရှားလာစေရန် အတွက် စည်းရုံးနိုင်ရန် လိုအပ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်း ဝင်ပြိုင်သည့် အချိန်တွင်လည်း အမျိုးသမီးထက် အမျိုးသားများက အနိုင်ရသွားခြင်းများသည် အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားမှုတွေင် ပါဝင်မှုနည်းပါးခြင်းဖြစ်ကြောင်း ဒေါ်ဒွဲဘူက သုံးသပ်သည်။
“နိုင်ငံရေး ဆိုတာလည်း အမျိုးသမီးတွေက အမျိုးသားတွေပဲ လုပ်တဲ့အလုပ်ဆိုပြီးပဲ ထင်တယ်။ ပြီးတော့ အမျိုးသမီးတွေလည်း ကိုယ့်မိသားစုအလုပ်က အကုန်လုံးသူတို့ ခေါင်းပေါ်မှာ ရှိတာကိုး။ အခုကျွန်မတို့ နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေတောင်မှ အိမ်ကအလုပ်လည်း လုပ်ရသေးတာကိုး။ အဲ့လိုမျိုးတွေကြောင့် နည်းတာ။ နောက်ငွေကုန်ကြေးကျ ခံနိုင်ဖို့လည်း သိပ်မရှိဘူး”ဟု ၎င်းက ပြောသည်။
အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခြင်း၊ ရှိခြင်း၊ မရှိခြင်းထက် ထက်မြက်လာရန်နှင့် ဗဟုသုတ အသိအမြင်ရှိလာဖို့ အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ဆက်လက်ပြောသည်။
အမျိုးသမီးများကို ရှေးယခင်ကတည်းက အခွင့်အရေးများ မပေးခဲ့ခြင်း၊ မျက်စိပိတ် နားပိတ်နေခဲ့ရသည့်ဘ၀ ဖြစ်ခြင်း၊ အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကိုယ်အားနည်းသူဟု ခံယူထားခြင်း၊ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် သတ္တိမရှိခြင်း အပြင် အိမ်မှုကိစ္စလုပ်ကိုင်ခြင်းသာ အမျိုးသမီးတို့၏ တာဝန်တစ်ရပ်ဟု ခံယူထားခြင်းတို့ကြောင့် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှု အားနည်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီမှ အမျိုးသားလွှတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ငွားမလေးက ပြောသည်။
“အရင်ကတည်းက ကျွန်မတို့အမျိုးသမီးတွေက အိမ်မှုကိစ္စပဲ လုပ်တယ်။ အမျိုးသားတွေပဲ စစ်သားလုပ်၊ စီးပွားရေးလုပ်တယ်။ ဒီလို အလေ့အထတွေကြောင့်လို့လည်း ထင်တယ်။ အရင်တုန်းက အဲ့ဒီလိုပဲ နေခဲ့တယ်။ ပြီးတော့ အခုခေတ်က မျက်စိတော့ ပွင့်လာပြီ။ ဒါပေမဲ့ နိုင်ငံရေးက မိန်းကလေးနဲ့ မဆိုင်ဘူးလို့ ခံယူထားတာကြောင့်လည်း ဆိုင်တယ်လို့ မြင်ပါတယ်”ဟု ဒေါ်ငွားမလေးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင့်သည့်နေရာတွင် အမျိုးသမီးရေးရာ မူဝါဒများ မရှိခြင်းသည် အမျိုးသမီးများ နိုင်ငံရေး လှုပ်ရှားမှုတွင် ဆုံးဖြတ်ချက်ချသည့် နေရာတွင် ရောက်ရန် ခက်ခဲခြင်း၊ အမျိုးသမီးများကို ကူညီထောက်ပံ့မှု နည်းပါးခြင်းအပြင် မီးဖိုဆောင် ဝင်သည့်ဘက် ပိုမြင်တွေ့ရသဖြင့် နိုင်ငံရေးဘက်ကို အမျိုးသမီးများနှင့် မဆိုင်နေသလို ဖြစ်နေသည်ဟု လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လူငယ်အမျိုးသမီး ဖြစ်သည့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မဆိုင်းနူးပန်က ပြောသည်။
“အဓိကက ကျွန်မတို့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပေါ်လစီ တိတိကျကျ မရှိတာကြောင့်လို့ မြင်ပါတယ်။ ကျွန်မတို့ပါတီမှာလည်း (၈)ယောက်ပဲ။ အရမ်းတော့ အားနည်းတယ်။ ဒါပေမဲ့ ကျွန်မတို့လည်း ရှာတယ်။ မရဘူး။ ဒါကို စီမံကိန်းတိကျစွာ လုပ်ဆောင်သွားရမယ်။ အဲ့ဒါတွေကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှု ခက်ခဲတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
သက်ဆိုင်ရာ အစိုးရ၏ မူဝါဒရေးဆွဲမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ပတ်သက်၍ ကိုင်တွယ်လုပ်ဆောင်မှုအပြင် ရိုးရာအစွဲအလမ်းများက ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍများတွင် နည်းသွားပြီး နိုင်ငံရေးမှာ မပါဝင်လာနိုင်ခြင်းဖြစ်ကြောင်း ထွယ်ဂျဲန်ဒါမှ ဒါရိုက်တာဒေါ်နန်ပူက သုံးသပ်ပြောဆိုသည်။
“အရည်အချင်း ရှိတဲ့အမျိုးသမီးတွေ ရှိပေမယ့် အရည်အချင်း ရှိနေမှန်း မမြင်ရဘူး။ မြင်ရပေမယ့် တချို့နေရာမှာ နေရာမပေးတာလည်း ရှိမှာပေါ့။ တချို့ အမျိုးသမီးတွေတော့ မိသားစုအရေး ပစ်ထားလို့ မရဘူးဆိုတဲ့ ကိစ္စတွေကြောင့်လို့ တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။
အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကနေ ဥပဒေများ ချမှတ်ရာတွင် ပါတီများကို မှတ်ပုံတင်ပေးသည့် အခါတွင်လည်းကောင်း မူဝါဒရေးဆွဲသည့် အခါတွင် လည်းကောင်း ကျား/မ ရေးရာ ပေါ်လစီများ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ခေါင်းဆောင်နေရာတွင်ပါဝင်လာနိုင်ရန် စွမ်းဆောင်ရည် မြှင့်တင်သည့်လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်မှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘတ်ဂျတ်များချမှတ်ပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါ်နန်ပူက ဆွေးနွေးပြောဆိုသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၀၀)ကျော် ရှိသည့်အထဲမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၅၅)ဦးပါဝင်ပြီး (၁၁)ရာခိုင်နှုန်း ရှိသည်။
ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း(၂)အရ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများအနေဖြင့် ကဏ္ဍအသီးသီး၌ အနည်းဆုံး(၃၀)ရာခိုင်နှုန်းပါဝင်ရေးကို ထည့်သွင်းချုပ်ဆိုထားပြီး လက်ရှိအစိုးရလက်ထက် ကချင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်(၅၃)ဦး ရှိသည့်အနက် အမျိုးသမီး (၅)ဦးသာ ပါဝင်သည်။
မျိုးမြတ်မြတ်ပန်