နောင်မွန်မြို့နယ်မှာ ကျောင်းသုံးကိရိယာတွေ ဈေးကြီးမြင့်ပြီးပြတ်လပ်၊ ဗလာစာအုပ်တစ်အုပ်ကို ကျပ် ၄,၀၀၀ အထိဈေးပေါက်

209

 

ဇွန်၊၄

ပူတာအိုခရိုင်၊နောင်မွန်မြို့နယ်မှာ အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နေပြီဖြစ်ပေမဲ့ ကျောင်းသုံးကိရိယာတွေ ဈေးကြီးမြင့်ပြီးပြတ်လပ်နေတာကြောင့် အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်မှတ်ထားတဲ့ ဇွန်လ ၃ ရက်နေ့ကနေ နောင်မွန်မှာရှိတဲ့ကျောင်းတွေ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပေမဲ့ မြို့ထဲမှာတော့ ကလေးတွေရဲ့ ကျောင်းဝတ်စုံတွေ နဲ့ ဗလာစာအုပ်တွေ ဝယ်ယူလို့မရနိုင်သလို ဝယ်ယူလို့မရနိုင်ဘူးလို့ နောင်မွန်မြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

နင်္လာနေ စဖွင့်တယ်။ ပစ္စည်းကတော့ ကျောင်းဝတ်စုံဆိုတာတောင်မရှိဘူး။ ဗလာစာအုပ်တွေ အကုန်လုံးဘာမှမရှိဘူး။ ဒါပေမဲ့ ကျောင်းတော့ဖွင့်ပါတယ်။လို့ ဆိုပါတယ်။

အရင်က တစ်အုပ်ကျပ်ငါးရာလောက်ပဲ ရှိခဲ့တဲ့ ဗလာစာအုပ်တွေဟာ လက်ရှိမှာတော့ တစ်အုပ်ကို ကျပ်လေးထောင်နှုန်းရှိပြီး ဝယ်ယူရရှိဖို့ခက်ခဲသလို ခဲတံတစ်ချောင်းကိုလည်း ကျပ်တစ်ထောင်ထိ ပေါက်ဈေး ရှိတယ်လို့ ဆိုပါတယ်။

ကျောင်းသုံး ပုံနှိပ်စာအုပ်တွေလည်း မရတဲ့အတန်းတွေ ရှိတဲ့အတွက် အရင်နှစ်က တက်ခဲ့တဲ့ ကလေးတွေဆီက ပုံနှိပ်တောင်းယူ အသုံးပြုကြဖို့ ပြောဆိုတယ်လို့ သိရပါတယ်။

ကလေးတွေ ပုံမှန်ကျောင်းသွားနေကြပြီဖြစ်ပေမဲ့ လိုအပ်တဲ့ စာရေးကိရိယာတွေတော့ ဝယ်ယူလို့ မရနိုင်သလို စာသင်ကျောင်းမှာလည်း ဆရာ၊ဆရာမ အင်အား မလုံလောက်ဘူးလို့ နောက်ထပ် နောင်မွန် ဒေသခံတစ်ဦးကလည်း အခြေအနေကို ပြောပြပါတယ်။

ကျောင်းတော့ဖွင့်ပေမဲ့ ခဲတံ၊ဖောင်တိန် ဝယ်လို့မရဘူး။ ကျောင်းစိမ်းတွေ မရောင်းဘူး။ ကလေးတွေလည်း စာအုပ်အလွတ်နဲ့ ကျောင်းသွားတာ။ဆိုင်မှာလည်း မရောင်းဘူး။ ဆရာတွေ မလောက်ဘူး။ ကျွန်တော်တို့နေရာမှာ ရှစ်တန်းထိဖွင့်တာ ကျောင်းဆရာ ဦးပဲရှိတယ်။လို့ ဒေသခံက ဆိုပါတယ်။

နောင်မွန်မြို့မှာ အထက်တန်းကျောင်း ၂ ကျောင်း၊ လယ်ခွဲကျောင်း ၃ ကျောင်းအပြင် ရွာတိုင်းလိုလို မူလတန်းကျောင်းတွေရှိပြီး လက်ရှိမှာတော့ ကျောင်းတွေအားလုံး ဖွင့်လှစ်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပူတာအို့မြို့မှာလည်း ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်ကို ကျပ်လေးသောင်းကျော် ဈေးပေါက်နေပြီး ဝယ်ယူရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

နောင်မွန်မြို့မှာတော့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်း ဈေးကြီးမြင့်ပြီး ပြတ်လပ်နေသလို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း ပြတ်လပ်နေတာကြောင့် အမျိုးတွေ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဓာတ်ဆီရရှိဖို့ ဒေသခံတွေဟာ တရုတ်ဘက်က သွားရောက်သယ်ယူကြပြီး ဓာတ်ဆီ တစ်ဂါလံ ကျပ်နှစ်သိန်း နဲ့ ပြန်လည်ရောင်းချကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ဈေးကြီးမြင့်တဲ့အတွက် ဒီနောက်ပိုင်း ယာဉ်အသွားအလာတွေ လျော့နည်းသွားတဲ့အပြင် စက်သုံးဒီဇယ်ဆီတွေ မရတဲ့ အတွက်လည်း နောင်မွန်ကတချို့နေရာတွေမှာ လယ်တွေကို လူအင်အားသုံး ထွန်ယက်နေကြရတာပါ။

မြစ်ကြီးနား – ပူတာအို ကားလမ်းဟာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းက တိုက်ပွဲကြောင့် ပိတ်ပင်သွားတာဖြစ်ပြီး ကားလမ်းပိတ်နေတာ သုံးလနီးပါး ကြာမြင့်လာပြီဖြစ်တာကြောင့် ဒေသခံတွေကတော့ လမ်းပိုင်း ဖွင့်လှစ်ဖို့ မျှော်လင့်နေရတယ်လို့ ဆိုကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here