မြစ်ကြီးနားမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှု အားနည်းချက်နှင့် ပြည်သူလူထု၏ မဲပေးမှုလျော့နည်းခဲ့ခြင်းကြောင့် ကချင်ပါတီများ အနိုင်မရရှိခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။
ပြည်သူလူထုများ အနေဖြင့် မိမိနှစ်သက်သည့် ပါတီကို ထောက်ခံသော်လည်း မဲရုံသို့ သွားရောက် မဲပေးခဲ့ခြင်းမရှိခဲ့သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးသူများလာအောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်သည်ဟု ၎င်းက ပြောသည်။
“မထောက်ခံဘူးလားဆို ထောက်ခံတယ်၊ မဲရုံမသွားဘူးဗျ။ တော်တော်များများက အဲ့လို အနေအထားမျိုး တွေ့ရတယ်၊ လူ နည်းစုပဲတွေ့ရတယ်။ ဒါတွေက ပါတီတွေအနေနဲ့ပြည်သူတွေကို အများကြီး ထပ်မံစည်းရုံးဖို့ လိုသေးတယ်ဆိုတာ သိသာထင်ရှားနေပါတယ်၊ မဲပေးခါနီးအထိ ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်ကို မဲပေးရမှန်းမသိတဲ့ သူတွေလည်း ရှိတယ်။ မဲပေးချင်ပေမယ့် ဘယ်လို ပေးရမလဲဆိုတာ မသိတဲ့သူလည်း ရှိနေတယ်။ ဒါက ပါတီကိုယ်စားလှယ်လောင်းတွေက ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ရမယ်”ဟု ဒေါက်တာတူးဂျာကပြောသည်။
ထို့အပြင် ကြိုတင်မဲကိစ္စနှင့်ပတ်သက်၍လည်း အနာဂတ် ရွေးကောက်ပွဲအတွက် ယခု ကျင်းပခဲ့ပြီးဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲက သင်ခန်းစာ ရရှိခဲ့သည်ဟု ကချင်ပြည်နယ်ရှိ ဒေသတွင်း ပါတီများမှ ခေါင်းဆောင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင်လည်း ယခုကဲ့သို့ ကြိုတင်မဲကိစ္စဖြင့် အငြင်းပွားမှုများ ရှိခဲ့ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယခုကဲ့သို့မဖြစ်ပွားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်သည်ဟု ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ခမ်းကပြောသည်။
ကြိုတင်မဲကိစ္စတွေကို အနာဂတ်မှာ ပြင်ဆင်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်မဲကိစ္စနဲ့ အငြင်းပွားမှုတွေပဲ ဖြစ်နေတယ် ၂၀၁၀ မှာလည်း၊ ၂၀၁၅ မှာလည်း ခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒီလိုပဲဖြစ်နေတော့ “ကြိုတင်မဲကိစ္စက မရှိမဖြစ်လိုအပ်တယ်ဆိုတာလည်း ကျွန်တော် နားလည်တယ်၊ ဒါတွေက နိုင်ငံတကာမှာရောက်နေတဲ့ သူ၊ ခရီးသွားနေတဲ့သူ၊ နားမကျန်းဖြစ်နေတဲ့သူတွေ၊ မသန်စွမ်း တွေက ကြိုတင်မဲထည့်ရမယ်ဆိုတာကို နားလည်ထားတယ်၊ ဒါပေမဲ့ စစ်တပ်ကနေ ဒီလိုများတဲ့ Amount တွေကို ထည့်မယ်ဆိုရင်လည်း ကော်မရှင်ရဲ့ရှေ့မှာ၊ ပါတီတွေရဲ့ ရှေ့မှာထည့်ပေးခြင်းဟာ လွတ်လပ်စွာ မျှတတဲ့ရွေးကောက်ပွဲစနစ်ကို သွားသင့်တယ်၊ သွားရမယ်ဆိုတဲ့ဟာမျိုးတော့ သင်ခန်းစာရပါတယ်၊ ကျွန်တော်ထင်တယ်။ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲမှာ စစ်တပ်ကနေ တစ်သောင်း၊ နှစ်သောင်းလည်း ကြိုတင်မဲတွေ ထည့်လာနိုင်တယ်၊ ဒါတွေကတော့ ရွေးကောက်ပွဲ တရားမျှတစွာ လွတ်လပ်စွာ ကျင်းပရဲ့လား ဆိုတဲ့ဟာမျိုး သင်ခန်းစာရပါတယ်”ဟု ဦးအောင်ခမ်းက ပြောသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း “ကြိုတင်မဲကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့လိုတယ်၊ ဘယ်ဟာက ကြိုတင်မဲ ဖြစ်သလဲ၊ မဖြစ်ဘူးလဲ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ရမယ်။ စစ်မှန်တဲ့မဲတွေကိုပဲ လက်ခံဖို့လိုအပ်တာလေ”ဟု ၎င်း၏အမြင်ကိုပြောဆိုခဲ့သည်။
အနိုင်မရရှိခဲ့ခြင်းမှာ မိမိတို့ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိခဲ့သည့်အတွက်ဖြစ်သည်ကို လက်ခံသော်လည်းအနိုင်ရရှိသူမှာ တရားမျှတ၊ လွတ်လပ်စွာ ကျင်းပသည့်ရွေးကောက်ပွဲ အောက်တွင် မှန်ကန်စွာ အနိုင်ရခဲ့ခြင်းလားဆိုသည့် မေးခွန်းမျိုး ထုတ်လိုကြောင်း ဦးအောင်ခမ်းက ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့ကကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ဦးရေ ၂ သိန်းကျော်ရှိသည့်အနက် ၇ သောင်းနီးပါးခန့်သာ မဲပေးခဲ့ကြပြီး တစ်သိန်းသုံးသောင်းကျော် မဲပေးခြင်း မရှိခဲ့ပေ။
အဆိုပါ မြစ်ကြီးနားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆီဟူးဒွေ့က ၂၃၈၈၆ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာတွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) မှ ဦးအောင်ခမ်းက ၁၉၁၁၂ မဲ၊တတိယနေရာတွင် အန်အယ်လ်ဒီမှ ဒေါ်ယမ်ခေါန်က ၁၈၉၉၉ မဲဖြင့် အနိုင်ရရှိခဲ့ကြသည်။
Salai







