ပန်ဝါမြို့အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံအယောက် ၅၀၀ လောက် မြို့ပေါ်ကို စစ်ရှောင်လာ

147

 

အောက်တိုဘာ ၁၄

ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့အနီးဝန်းကျင်ဘက်မှာ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်းတပ်တွေနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး ဒေသခံအယောက် ၅၀၀ လောက် မြို့ပေါ်ကို စစ်ရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံပြည်သူတွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဆေးရုံနဲ့ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်သံတွေတော့ ကြားနေရတယ်။ စစ်ရှောင်စခန်းမှာတော့ တခြားအခက်အခဲတွေတော့ မရှိဘူး။ စားစရာတွေကိုတော့ ကချင်အထူးဒေသ()က တာဝန်ယူပြီး ကျွေးထားကြတယ်။ လို့ ဒေသခံက ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်သူတွေလည်းရှိပြီး တချို့ကတောင်တွေထဲ ဆက်လက်ပုန်းအောင်းနေဆဲ ဖြစ်တဲ့အပြင် တချို့ကတော့အလံဖြူပြပြီး လုံခြုံတဲ့ဘက်ကို တိမ်းရှောင်နေကြတယ်လို့ ကြားသိရကြောင်း ဒေသခံတွေက ဆိုပါတယ်။

စစ်သားစုဆောင်းတာတွေလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေကြပြီး တချို့ကဝိုင်းမော်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းသွားပေမယ့်လည်း လမ်းခုလတ်တွေမှာ ပိတ်မိနေကြတယ်လို့ ပန်ဝါကိုရောက်ရှိနေတဲ့ ပြည်သူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသးပါဘူး။

ပြည်သူ့စစ်ဘက်က စုဆောင်းရေးတွေ ဆက်တိုက်ဆိုသလို ဆွဲနေပါတယ်။ ပြန်လို့လဲမရဘူး။ လမ်းတွေအကုန်ပိတ်ထားတယ်။ တရုတ်တွေပြန်လို့ရအောင် နေထိုင်ခွင့်ကဒ်တွေ လုပ်ပေးသလိုနဲ့ စုဆောင်းရေးထဲထည့်တယ်။လို့ အထက်ပါပြည်သူက ဆိုပါတယ်။

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေက သိမ်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ပေါ်ဒေသခံတချို့က ပြောင်းရွှေ့နေပေမဲ့ တိုက်ပွဲရဲ့အနီးနားရွာတွေက ဒေသခံတွေကတော့ အနီးဆုံးဖြစ်တဲ့ ပန်ဝါမြို့ပေါ်ကို ပြောင်းရွှေ့လာနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း တရုတ်နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ မြေရှားသတ္တုလုပ်ကွက်ဆိုက်တွေ တော်တော်များများ ပိတ်ထားကြပြီလို့ကြားသိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ နေ့တိုင်းလာရောက်ပစ်ကူတဲ့အပြင် အင်အားတွေလည်း တိုးထားတဲ့အတွက် နေ့စဉ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ပန်ဝါမြို့ဒေသခံတွေဆီက ကြားသိရပါတယ်။

ပန်ဝါဒေသဟာ မြေရှားသတ္တုအများဆုံး တူးဖော်လုပ်ကိုင်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ကချင်အထူးဒေသ(၁)ရဲ့ ၁၀၀၂ တပ်ရင်းတည်ရှိရာနေရာတစ်ခုလည်း ဖြစ်သလို ရုံးချုပ်အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ကစပြီး ချီဖွေမြို့နဲ့ ဆော့လော်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပန်ဝါမြို့ဘက်ကို တိုက်ပွဲတွေ ဆင်နွှဲလာတာကိုလည်း တွေ့ရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အထက်ပါ မြို့ ၂ မြို့အပြင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကိုပါ သိမ်းယူထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မဘိမ်းနဲ့ နမ့်ဖတ်ကာမြို့တွေကို ထိန်းချုပ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here