ပူတာအိုမြို့ဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံရှာယန်ကျေးရွာကိုဖြတ်ပြီး တန်ဂျာကျေးရွာဘက် ချီတက်သွား

179

 

မေ၊၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ ဒီကနေ့မနက်က လုံရှာယန်ကျေးရွာကိုဖြတ်ပြီး တန်ဂျာကျေးရွာဘက် စစ်ကြောင်းချီတက်သွားပြီလို့ သိရပါတယ်။

မနေ့ (မေလ ၈ ရက်နေ့)က မန္တလေးဘက်ကနေ Y8 အမျိုးအစားလေယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဆောင်ပြီး ပူတာအိုမြို့ဘက် လာချသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နေ့တွင်းချင်း အင်အား ၁၃၀ လောက်ပါဝင်တဲ့ အဲဒီစစ်ကြောင်းကို ကားတွေနဲ့ ထတင်ဆောင်ပြီး လုံရှာယန်ကျေးရွာက စာသင်ကျောင်းမှာ လာချသွားပြီးနောက် ဒီကနေ့မနက် ၇ နာရီလောက်မှာတော့ လုံရှာယန်ကနေ တန်ဂျာဘက် သွားလိုက်ကြပြီလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လုံရှာယန်ကနေ တန်ဂျာဘက် သွားလိုက်ပြီ။ ကားသုံးစီးရော၊ ခြေလျင်နဲ့ရော။ လူတွေက ခြေလျင်နဲ့ပဲ။ အစားအသောက်ကတော့ ကားနဲ့သယ်တယ်။ ဖားကန့်ဘက် မြေစာသယ်တဲ့ ကားအမျိုးအစားပဲ။လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ဆွမ်ပရာဘွမ်မြို့ဘက် ဆက်လက်ချီတက်မယ့်သဘော ရှိနေတယ်လို့လည်း သိရပါတယ်။

မတ်လ ဒုတိယပတ်လောက်ကနေ စတင်ခဲ့တဲ့ ဆွမ်ပရာဘွမ် စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က‌ ကုန်လမ်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေသာမက လေကြောင်းနဲ့ပါ ပစ်ကူခဲ့ပေမဲ့ (မေလ၅)ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ KIA ကနေ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စစ်ကကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here