ပြည်နယ်အစိုးရအဖွဲ့နှင့် သတင်းမီဒီယာတွေ့ဆုံစဉ် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ

885
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

NLD အစိုးရသက်တမ်း(၄)နှစ်တာ ကာလအတွင်း ဇူလိုင်လ (၁၇) ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် ကချင်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကနေ ကချင်ပြည်နယ်အတွင်း ပြည်သူ့အတွက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတွေကို ရှင်းလင်းတင်ပြမှု ဖြစ်ပါတယ်။

“ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ချမှတ်ကာ ပြည်သူများရဲ့ အကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ မျှော်မှန်းချက်ကတော့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတဲ့ မူးယစ်ဆေးဝါးကင်းစင်သော တိုင်းရင်းသား ညီအစ်ကိုများအားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ ပြည်နယ်ကြီးဖြစ်ဖို့ ဆိုပြီး မျှော်မှန်း အကောင်အထည်ဖော်ပါတယ်။

ရည်မှန်းချက်များကတော့ ငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ မြို့၊ ကျေးရွာ အားလုံး လျှပ်စစ်မီးရရှိရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်မှု ပိုမိုပြီးတော့ ခိုင်မာစေရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်နယ်သူ၊ သားများရဲ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီနေရာမှာ ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ခရီးသွားလုပ်ငန်းကို အထူးဦးစားပေးဆောင်ရွက်ဖို့ ဆိုပြီးတော့ ချမှတ်ထားတာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

နောက်ပြီးတော့ ဌာနဆိုင်ရာ အသီးသီးရဲ့ ဝန်ဆောင်မှု၊ လုပ်ဆောင်ချက်များကို အများပြည်သူ ယုံကြည်လက်ခံလာအောင် လုပ်ဆောင်ချက်မျိုး ဖြစ်စေရေးအတွက် မလိုလားအပ်တဲ့ အနှောင့်အယှက် အခက်အခဲ အတားအဆီးများ မကြန့်ကြာစေဖို့ အဂတိကင်းစင်ဖို့ဆိုပြီးတော့လည်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။

ဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ ရည်မှန်းချက် ရည်ရွယ်ချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သလားဆိုရင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်ပါဘူး။ ဥပမာအားဖြင့်ဆိုရင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုရင် ပြည်နယ်တစ်ခုလုံးမှာ တစ်ပြေးညီ ကျွန်တော်တို့ မဆောင်ရွက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေး မရသေးတဲ့အတွက် ကျွန်တော်တို့ ပြည်နယ်မှာ အစိုးရကနေ တရားဥပဒေ စိုးမိုးနိုင်တဲ့ ဒေသတွေရှိသလို မစိုးမိုးနိုင်တဲ့ ဒေသတွေလည်း ရှိပါတယ်။ အဲ့ဒီတော့ တရားဥပဒေစိုးမိုးမှုမှာ တစ်ပြေးညီ မဆောင်ရွက်နိုင်ခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဌာနဆိုင်ရာ ဝန်ဆောင်မှုမျိုးဆိုတာလည်း ပြည်သူတွေ ကျေနပ်လောက်အောင် ဒီကနေ့ မဆောင်ရွက်နိုင်သေးပါဘူး။ အခက်အခဲ အတားအဆီးတွေပေါ့လေ။ ဒါက နှစ်ပေါင်း ခုနစ်ဆယ်ကျော်လောက် အခက်အခဲ အတားအဆီးတွေကို အမျိုးမျိုးနဲ့ ရင်ဆိုင်လာတဲ့ ဒီအခက်အခဲတွေကို ဒီလေးနှစ်တာ ငါးနှစ်တာ ကာလမှာချက်ချင်းကြီး ဒါကို ပပျောက်အောင် ကျော်လွှားအောင် ဆောင်ရွက်နေတာ အားလုံး အသိပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာပေါ့လေ နှစ်ပေါင်းခုနစ်ဆယ်လောက် ဖြစ်တည်လာတဲ့ ပြည်သူများရဲ့၊ ပြည်နယ်ရဲ့ အခက်အခဲ ပြဿနာများကို ဖြေရှင်းရင်း ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို သေချာစွာ ဆောက်လုပ်တယ်။ အတတ်နိုင်ဆုံး ပြည်ထောင်စု ဘတ်ဂျက်၊ ပြည်နယ်ဘတ်ဂျက်များနဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေအလွှင့် အဖိတ်အစင် နည်းနိုင်သလောက် နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီလေးနှစ်တာ ကာလအတွင်း ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို ဆောင်ရွက်ခဲ့တဲ့ နေရာမှာ အခြေခံလိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဒေသန္တရစီမံကိန်းတွေ ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတယ်။ နောက်ပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကနေ တစ်ဆင့် ပြည်သူတွေ တင်ပြပြီးတော့ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေ ရှိတယ်။ နောက်ပြီးတော့မှ ကျွန်တော့်ဆီကို တိုက်ရိုက်တင်ပြတောင်းဆိုပြီးတော့ လုပ်ပေးခဲ့ရတဲ့ ပြည်သူတွေအတွက် လုပ်ငန်းတွေ ရှိပါတယ်။

ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ခုနက ကျွန်တော် ပြောသလိုပဲ အားလုံးကို ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ပြီးပြည့်စုံအောင် မဖြည့်ဆည်းနိုင်သေးပါဘူး။ ဒါ ကြောင့် လိုအပ်ချက်တွေက အများကြီးပါ။ ကျွန်တော်တို့လည်း အားမရပါဘူး။ သို့ပေမဲ့ ခုနက ကျွန်တော် တင်ပြခဲ့သလို ပြည်ထောင်စု ဘတ်ဂျက်၊ ရန်ပုံငွေ ရရှိတဲ့အပေါ်မှာ လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဦးစားပေးစနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့တဲ့ နေရာမှာ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာပေါ့လေ။ မူးယစ်ဆေးဝါး အမျိုးပေါင်း (၁၈)မျိုး၊ တရားခံအနေနဲ့ (၁၁၇၁၉)နဲ့ ဒီလေးနှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုး ပေါင်း(၁၃၀.၆၆) မီလီယံကျပ် ရှိပါတယ်။ နောက်ပြီး မှုခင်းဖြစ်ပွားမှုအနေနဲ့ အမှုကြီး(၁၀)မျိုး ဖြစ်ပွားမှု (၅၅၇)မှုနဲ့ လူကုန်ကူးမှု (၉၆)မှုတို့ကို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ဒေသဖွံ့ဖြိုးရေးအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်ကာလမှာ ကွန်ကရစ်လမ်းက (၁၇)မိုင် (၆)ဖာလုံ၊ ကတ္တရာ လမ်းက (၆၇၄)မိုင် (၆)ဖာလုံ၊ ကျောက်လမ်းက (၃၀၂)မိုင်၊ အမာခံလမ်းက (၅၆၄)မိုင်၊ မြေလမ်းကတော့ (၆၆၃)ဖာလုံ ဒါကတော့ ကချင်ပြည်နယ် အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တဲ့ လမ်းနဲ့ပတ်သက်တာပါ။ ဒီတော့ ကျွန်တော်ပြောချင်တာ ကျွန်တော်တို့ အစိုးရအနေနဲ့ လေးနှစ်တာ ကာလမှာ ပြည်နယ်က လေးခရိုင်ရှိတယ်။

လေးခရိုင်မှာ ခရိုင်မြို့ကြီးတွေကို ခရိုင်မြို့ကြီးတွေနဲ့ တူအောင်ဆိုပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ မြစ်ကြီးနားမြို့ကြီးကိုလည်း ပြည်နယ်ရဲ့မြို့တော်နဲ့တူအောင် စံချိန်စံညွှန်းနဲ့တူအောင် ပြည့်စုံအောင်ဆိုပြီး အတတ်နိုင်ဆုံး အများသိတဲ့အတိုင်း လမ်းတွေကို ချဲ့တယ်။ နိုင်လွန်ကတ္တရာတွေ ခင်းတယ်။ အကုန်လုံး ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်က ကျွန်တော်တို့ ပြည်နယ်မှာ ကွန်ကရစ်လမ်းဆိုတာ(၁၇)မိုင်ပဲ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ထက်မှာ အေစီလမ်းက (၅၅)မိုင် (၁)ဖာလုံ၊ ကွန်ကရစ်လမ်းက (၁၄၇)မိုင် (၃)ဖာလုံ၊ကတ္တရာလမ်းက (၈၄၀)မိုင်၊ ကျောက်လမ်းက (၂၃)မိုင် (၁)ဖာလုံ၊ အမာခံလမ်းက (၉၁)မိုင် ဒါကတော့ ဒီ လမ်းဦးစီးကနေ လုပ်တဲ့ဟာပေါ့လေ။

ယခင်တုန်းကဆိုရင် အားလုံး သိတဲ့အတိုင်းပဲ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းဆိုရင် မိုးတွင်းမှာဆို သွားလာဖို့ အင်မတန်မှ ခက်ခဲတယ်။ ကားတွေတောင်မှ သွားဖို့မလွယ်တဲ့အချိန်မှာ ဆွမ်ပရာဘွမ်တို့၊ ပူတာအိုတို့ဖက်က ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေက ဆန်ဈေးတွေ အင်မတန်ဈေးကြီးတယ်။ ဒီဇယ်၊ ဓာတ်ဆီ၊ လူသုံးကုန် ပစ္စည်းတွေ အင်မတန်မှ ဈေးကြီးပြီးတော့ ရှားပါးတဲ့ အနေအထားမှာ ဖြတ်သန်းလာရတယ်။

ဆိုတော့ ဒီနေ့ ကျွန်တော်တို့ ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူတွေကိုပဲ နံပါတ်တစ် ဦးထိပ်ထားပြီး စေတနာ၊ မေတ္တာအပြည့်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် ဒီနေ့ ဒီလမ်းကြီးက မနက်ကနေသွား ညနေ ပူတာအိုရောက်တဲ့ အနေအထားအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကတော့ ပြည်သူတွေကို ဦးစားပေးတယ်။ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ညီအစ်ကိုတွေအားလုံး တစ်ပြေးညီဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ဒီလမ်းလုပ်ငန်းပဲဖြစ်ဖြစ် စေတနာ၊ မေတ္တာပါမှ ကောင်းမယ်။။ ပိုပြီး အောင်မြင်မယ်။ စေတနာ၊ မေတ္တာမပါဘဲနဲ့ တာဝန်ကျေ၊ ဝတ်ကျေတန်းကျေဆိုပြီး လုပ်တာမျိုးတွေ ဒီပြည်သူ့အစိုးရ လက်ထက်မှာ အတတ်နိုင်ဆုံး ရှောင်တယ်။ ဒီတော့ ဒီလေးနှစ်တာ ကာလအတွင်းမှာ ပေ (၁၈၀)အထက် တံတား(၂၀)စင်း၊ ပေ(၁၀၀)အထက် တံတား (၂၄)စင်း၊ ပေ (၅၀)အထက် တံတား(၂၀)စင်း၊ ပေ (၅၀)အောက် အားလုံးစုစုပေါင်း တံတား (၂၀၀၁)စင်းတို့ကို ဆောင်ရွက်ပေးနိုင်တယ်။

နောက်ပြီးတော့ နောက်တစ်ခုက အရင်တုန်းက မြစ်ကြီးနား-ချီဖွေလမ်းက တစ်ညအိပ်သွားရပါတယ်။ အခုနေ့ချင်း ပြန်သွားလို့ ရပါပြီ။ ဒါကတော့ လေးနှစ်တာကာလအတွင်း အားလုံး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ပြည်သူ့ရဲ့အကျိုးအားလုံးကို ကြည့်ပြီး လူမှုစီးပွားဘဝတွေကို လိုက်နာတာပါ။ ခုနက ကျွန်တော်ပြောသလို အခြေခံအဆောက်အအုံတွေက တကယ် လိုအပ်လို့ ဒီဟာတွေပြည့်စုံမှ လူမှုစီးပွားဘဝဆိုတာ ပြည့်စုံမှာပါ။

ယခင်တုန်းကဆိုရင် ဆွမ်ပရာဘွမ်တို့၊ မချမ်းဘောတို့၊ နောင်မွန်းတို့ဆိုတာ ဝန်ထမ်းတွေ မသွားချင်ဘူး။ မသွားချင်ဘူးဆိုတာ လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ လေယာဉ်လမ်းကြောင်း တစ်ကြောင်းပဲ ရှိတယ်။ အဲ့တော့ တာဝန်ချပေးတဲ့အချိန် မသွားချင်ကြဘူး။ အဲ့လိုအနေအထားမှာ အဲဒီဒေသက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ဘ၀ မဖွံ့ဖြိုးနိုင်ဘူး။ ဥပမာ ပညာရေး ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ မသွားချင်ဘူးဆို အဲ့ဒီဘက်က ပညာရေး၊ ကျန်းမာရေးမှာ အောက်ကျနောက်ကျ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဒီနေ့ လေးနှစ်တာကလအတွင်း ဒီဟာတွေအကုန် အဆင်ပြေချောမွေ့သွားတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပူတာအိုခရိုင်မှာ ပူတာအိုနဲ့ နောင်မွန်းဆိုတာ သုံးညလောက် အိပ်ပြီးမှ ရောက်တာဖြစ်တယ်။ ဒါပေမဲ့ အခုတော့ နေ့ချင်းပြန်ရပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရတစ်ရပ်အနေနဲ့ ဆွမ်ပရာဘွမ်- နောင်မွန်းလမ်းကြားမှာ ပေ(၈၄၀)ရှိတဲ့ မလိခတံတား၊ ပေ (၅၀၀) အရှည်ရှိတဲ့ တံတား ဒီတံတားနှစ်စင်းရယ် ပေ(၄၀၀)အရှည်ရှိတဲ့ ထီးခကြိုးတံတား၊ ပေ(၂၀၀)အရှည်ရှိတဲ့ ကြိုးတံတား၊ ပေ (၃၀၀)အရှည်ရှိတဲ့ ခဆန်ခတံတားကို ကွန်ကရစ်တံတားကြီးအဖြစ် စီမံ ဆောင်ရွက်ပေးခဲ့တယ်။

ကျေးလက် လမ်းဦးစီးဌာနကနေ လုပ်ဆောင်ခဲ့တဲ့လမ်းတွေကတော့ ကတ္တရာလမ်းက (၅)မိုင်ခန့်ပဲ ရှိပါတယ်။ ကျောက်ချောလမ်းက (၄၅၀)မိုင်၊ အမာခံလမ်းက (၇)မိုင်၊ မြေသားလမ်းက (၁၆၃)မိုင်ခန့် ရှိပါတယ်။ ယခုကာလမှာ ကျွန်တော်တို့အနေနဲ့ ကျေးလက်လမ်းဦးစီးဌာနကနေ ကွန်ကရစ်လမ်း(၁၂၄)မိုင်၊ ကတ္တရာလမ်း(၄၅)မိုင်၊ ကျောက်ချောလမ်း (၁၁၁)မိုင်၊ အမာခံလမ်း (၈၇)မိုင်၊ မြေသားလမ်း (၁၂၆)မိုင် ဒါတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲ့ဒီဌာနအောက်မှာပဲ ပေ(၅၀)အောက် တံတားအပါအဝင် ပေ(၁၈၀)အထက် တံတားစုစုပေါင်း (၄၉၃)စင်းကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

နောက်ပြီးတော့ စည်ပင် သာယာရေးဌာနနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေနဲ့ရော စည်ပင်သာယာရဲ့ ဘတ်ဂျက်ငွေနဲ့ရော ကျွန်တော်တို့ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ လေးနှစ်တာ ကာလအတွင်းမှာ ကွန်ကရစ်လမ်းပေါင်း (၁၉၆)လမ်း မိုင်အားဖြင့် (၄၇)မိုင်၊ ကတ္တရာလမ်း (၄၀)လမ်း မိုင်အားဖြင့် (၅၃)မိုင်၊ မြေသားလမ်း (၂)လမ်း မိုင်အားဖြင့်(၅)မိုင်၊ ကတ္တရာလမ်းပြုပြင်ခြင်း (၁၄၁)လမ်းကို ခွင့်ပြုရန်ပုံငွေ (၃၃.၃)ဘီလီယံကျပ်နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ စည်ပင်သာယာရေးအဖွဲ့ကနေပြီးတော့ ကွန်ကရစ်လမ်း တံတား (၃၃၇)စင်း၊ Box Culver (ရေပြွန်) (၂၂၁)စင်း၊ အခြား ပြင်ထိန်းလုပ်ငန်း (၅၁)ခုကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒါက စည်ပင်သာယာ ကဏ္ဍတွေပါ။ ပြည်နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းအိမ်ယာတွေ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ယခင်ကာလက ဝန်ထမ်းအိမ်ယာအဆောက်အဦးပေါင်း (၂၃)လုံးပဲ ရှိပါတယ်။ အခန်းအားဖြင့် (၃၂၄)ခန်းပေါ့လေ။ ယခုကာလမှာတော့ လေးနှစ်တာကာလမှာ ဝန်ထမ်းအိမ်ယာပေါင်း(၄၆)လုံး၊ အခန်းပေါင်း(၇၄၄)ခန်း ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါက ဝန်ထမ်းအိမ်ရာပေါ့လေ။ နောက်ပြီး ဧရာဝတီကမ်းပြို ကာကွယ်ရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်ကို ယခင်ကာလက လုပ်ငန်း(၄၄)ခု ဆောင်ရွက်ပေးခဲ့ပြီးတော့ ယခုကာလမှာ (၁၁၉)ခုကို ဘဏ္ဍာရန်ပုံငွေ (၂၂)ဘီလီယံကျော်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ယခင်ကာလနဲ့ နှိုင်းယှဉ်ရင် သုံးဆလောက် ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည် လျှပ်စစ်မီး၊ ရေနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ အိမ်ထောင်စု ဦးပေါင်းဟာ လက်ရှိ (၂၆၉၃၆၅) ရှိတယ်။ အဲ့ဒီထဲမှာ ယခင်အစိုးရကာလတုန်းက (၉၉၇၉၄)အိမ်ထောင် ကိုပဲ လျှပ်စစ်မီး ပေးနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် (၃၇)ရာခိုင်နှုန်းပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အိမ်ထောင်စုပေါင်း (၂၆၉၃၆၅)ထဲက (၁၇၄၉၉၄)အိမ်ထောင်ကို ကျွန်တော်တို့ လျှပ်စစ်မီး အသုံးပြုခွင့် ပေးနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၆၅)ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

လယ်ယာမြေ ဖော်ထုတ်ပေးနိုင်တဲ့ အနေဖြင့် ယခင်ကာလက စိုက်ပျိုးမြေ (၃၀၄)ဧကနဲ့ စနစ်တကျ လယ်ယာမြေ (၃၀၀)ဧကကို ပြည်သူတွေအတွက် ယခင်အစိုးရအဆက်ဆက်က ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ကာလမှာ စိုက်ပျိုးမြေ (၁၁၆၇၈)ဧကကို ခွင့်ပြုနိုင်ခဲ့ပါတယ်။ နောက်ပြီး စနစ်တကျ လယ်ယာမြေ (၁၁၀၀)ဧကကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်နဲ့ ပတ်သက်ပြီးတော့မှ တောင်သူပေါင်း (၇၆၄၆၈)ဦးကို ပုံစံ (၇) ထုတ်ပေးနိုင်ခဲ့ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ ပြည်သူတွေရဲ့ အခက်အခဲကို နှစ်ပေါင်း ခုနစ်နှစ်ကျော်ကြာဖြစ်တည်လာတဲ့ အခက်အခဲပေါင်းများစွာကို ဖြေရှင်းရင်းနဲ့ တစ်ဖက်က ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ထဲမှာ လယ်ယာမြေ ပြဿနာတွေများတယ်။

ကချင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေးကဏ္ဍနှင့် ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ဗဟိုကော်မတီမှ လွှဲပြောင်းပေးပို့လာသည့် ပန်ကြားစာအမှုပေါင်းက(၁၃၈)မှု ရှိတယ်။ အဲ့ဒီထဲကမှ (၁၁၅)မှုကို ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ အဲ့ဒီတော့ ရာခိုင်နှုန်းအားဖြင့်ဆိုရင် (၉၁)ရာခိုင်နှုန်း ရှိပါတယ်။ နောက်ပြီးတော့ အရင်တုန်းက ဌာနဆိုင်ရာကနေ၊ တပ်မတော်ကနေ သိမ်းဆည်းပြီး ပြန်လည်စွန့်လွှတ်တဲ့ အမှုတွဲပေါင်း(၂၃၁)မှု ရှိတယ်။ အဲ့ဒါတွေကိုလည်း ကျွန်တော်တို့ တောင်သူတွေကို၊ တချို့တွေကိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အပြီးအပြတ် ပြန်ပြီးလွှဲပြောင်း ပေးလိုက်ပြီး ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကချင်ပြည်နယ်အစိုးရအနေနဲ့ လေးနှစ်တာ ကာလအတွင်းမှာ အစိုးရအုပ်ချုပ်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်း (၈၄)ခုရှိတယ်။ အဲဒီမှာနေထိုင်တဲ့ အိမ်ထောင်စုက(၇၉၁၇)စု ရှိပါတယ်။ လစဉ် ကျွန်တော်တို့ ထောက်ပံ့ပေးခဲ့တဲ့ စားကုန်သောက်ကုန်များနဲ့ လူသုံးကုန်ပစ္စည်းပေါင်း ကျပ်(၄.၂)ဘီလီယံဖိုး၊ ငွေ(၁၅.၆)ဘီလီယံဖိုး၊ စုစုပေါင်း (၁၉.၈)ဘီလီယံ အစိုးရအနေနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်ကြီး တိုးတက်ဖို့အတွက် အစိုးရအနေနဲ့ လောလောဆယ် လုပ်လို့ရတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
Ann

LEAVE A REPLY

Please enter your comment!
Please enter your name here