အောက်တိုဘာ ၁၂
လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်က ဆန္ဒမဲပေးရန် ပုံစံ ၃(က) ဖြင့် လာရောက်လျှောက်ထားသူဦးရေ (၉)ထောင် ဝန်းကျင်ရှိကြောင်း ဖားကန့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးထံက သိရသည်။
သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်အရ အနည်းဆုံး ရက်ပေါင်း (၉၀)ထက်မနည်း၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိနိုင်ရန် ပုံစံ – ၃ (က)ဖြင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
ဖားကန့်ဒေသတွင် အခြားနေရပ်မှ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား ဦးရေသည် ပုံမှန်အားဖြင့် သုံးသိန်းဝန်းကျင်ခန့် ရှိသော်လည်း covid-19 ဖြစ်ပွားချိန် မိမိအရပ်ဒေသသို့ ပြန်သူများ ရှိသောကြောင့် လက်ရှိအချိန် အဆိုပါလူဦးရေ၏ ထက်ဝက်ခန့်သာ ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖားကန့်မြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များမှ မဲစာရင်းတွင် ပါဝင်ရန် ပုံစံ ၃(က)ဖြင့် လာရောက် လျှောက်ထားသူ (၁၁,၀၀၀) ခန့်ရှိသည့်အထဲမှ သတ်မှတ်ချက်နှင့်အညီ ပြန်လည်စိစစ်ချက်အရ (၉)ထောင်ဝန်းကျင် ရှိကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ကျော်သူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“စိစစ်တယ်ဆိုတာ ဒီမဲစာရင်းမှာ ပါဝင်ထားခြင်းရှိမရှိကို အရင်စိစစ်ရတယ်ခင်ဗျ။ ပါဝင်ပြီးသား ဖြစ်လို့ရှိရင် ကျွန်တော်တို့က စာရင်း ထပ်မသွင်းတော့ဘူး။ တောင်းဆိုသမျှကို လက်ခံရတာ မဟုတ်ဘူးပေါ့။ တချို့ကတော့ အသက်မပြည့်သေးဘဲ တောင်းဆိုတာတွေလည်း ရှိတယ်။ နောက်တစ်ခု ကတော့ မဲစာရင်းမှာ ပါပြီးသား ဖြစ်လျက်နဲ့လည်း သွားကြည့်တာမရှိဘဲ ပြန်တောင်းဆိုတာတွေရှိတယ်”ဟု ဦးအောင်ကျော်သူက ရှင်းပြသည်။
၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖားကန့်တစ်မြို့နယ်လုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို ကြိုတင်စာရင်း ကောက်ခံသည့်စာရင်းအရ (၁)သိန်း (၆)သောင်းကျော်ရှိပြီး အဆိုပါစာရင်းတွင် မပါဝင်သေးသူများအနေဖြင့် ဒုတိယအကြိမ် မဲစာရင်းတွင် ပါဝင်နိုင်ရန် ပြန်လည်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် မဲစာရင်းကြေညာရာတွင် အမည်စာရင်း ပါဝင်ခြင်းမရှိသေးသူများနှင့် အမည်စာရင်း ပြုပြင်လိုသူများအနေဖြင့် ပုံစံလာရောက် လျှောက်ထားနိုင်ကြောင်း ကြေညာထားသော်လည်း covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ပုံစံလာရောက် လျှောက်ထားရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း ဖားကန့်ဒေသ အတွင်းက ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ ကိုကျောက်စိမ်းက ဆိုသည်။
“ရောဂါဖြစ်နေတဲ့ ကာလဆိုတော့ အုပ်ချုပ်ရေးဆိုဒ်တွေကနေလည်း ရောဂါအတွက် ဒေသန္တရအမိန့် လိုက်နာနေရတာရော၊ ရွေးကောက်ပွဲအတွက် လုပ်ပေးနေရတာရောဆိုရင် သူတို့အတွက် အဆင်မပြေဘူး။ တော်တော်များများတော့ မှော်တွေဖက်မှာရှိတဲ့ လူဦးရေ သိန်းဂဏန်းလောက်ကတော့၊ တချို့ကတော့ မဲမပေးချင်လို့ပေါ့။ တချို့ကတော့ ပေးချင်ရက်နဲ့ မပေးလိုက်ရတဲ့သူတွ တော်တော်များများ ရှိပါတယ်”ဟု ကိုကျောက်စိမ်းက ဆိုသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် အသိပညာသိရှိမှု အားနည်းမှုကြောင့် ကျောက်စိမ်းမှော်အတွင်းရှိ ပြည်သူအများအပြား ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုများ တွေ့ရှိရကြောင်းကို ကျောက်စိမ်းက ဆက်လက်ဆိုသည်။
“ကျွန်တော်တို့လို အရမ်း စိတ်အားထက်သန်တဲ့သူတွေကတော့ ကိုယ့်နာမည်မပါပါအောင် မရမက လုပ်ပေမယ့်၊ မသိတဲ့သူတွေကတော့ ဆုံးရှုံးသွားရောလေနော်။ သိပ်မသိကြဘူး။ တော်တော်များများက အခု ကျွန်တော် လက်ရှိ မြင်နေရတဲ့အပိုင်းဆိုရင် လေးဆယ် ရာခိုင်နှုန်းလောက်ကပဲ သိတဲ့လူရှိတယ်”ဟု ၎င်းက ပြောသည်။
သို့သော် လက်ရှိအချိန် ဖားကန့်ဒေသက ရွှေ့ပြောင်းလုပ်သား အများအပြား၏ အမည်စာရင်း အများစုသည် ရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်စာရင်းတွင် ပါဝင်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးခွင့် ဆုံးရှုံးသူဦးရေ အများအပြား ကျန်ရှိမည်မဟုတ်ကြောင်းကို အောင်ကျော်သူက ထောက်ပြပြောဆိုသည်။
“အရင် ပွင့်လင်းရာသီမှာ လုပ်ကွက်တွေ လုပ်ချိန်ကျတော့ သုံးလေးသိန်းလောက် ရှိတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အများစုကလည်း ကိုယ့်ရပ်ရွာကို ပြန်သွားကြတယ်။ ရွှေ့ပြောင်းလုပ်သား တော်တော်များများကတော့ မဲစာရင်းထဲမှာ နဂိုတည်းက ပါထားပြီးသား ဖြစ်တယ်ပေါ့ ဆိုတော့ အများကြီးကျန်မယ်လို့တော ကျွန်တော် သိပ်တော့ မမြင်ဘူးပေါ့”ဟု ၎င်းက ပြောသည်။
ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိရအောင် အသိပညာပေးမှုများ ပြုလုပ်ပေးရန် လိုကြောင်း၊ ပုံစံ ၃ (က)ဖြင့် လာရောက် လျှောက်ထားရန် သတ်မှတ်ပေးသည့် ကာလ တိုတောင်းသောကြောင့် အဆင်မပြေကြောင်း ကိုကျောက်စိမ်းက ပြောသည်။
ပြည်သူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန် လိုက်လံဆောင်ရွက်ပေးနေသည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက “ယူအီးစီရဲ့ အားနည်းချက်တွေလည်း ရှိတယ်။ ဝန်ထမ်းကလည်း နည်းနည်းပဲရှိတယ်။ တစ်မြို့နယ်တည်းမှာ သိန်းနဲ့ချီပြီး ကိုင်ရတာဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းတွေလည်း အများကြီး ဖြစ်နေတယ်”ဟု ဆိုသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးရေ (၁)သိန်း (၈)သောင်းဝန်းကျင်ရှိကာ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲစာရင်းထက် နှစ်ဆခန့် များပြားကြောင်း သိရသည်။
စည်သူ၊ Ann







