ဖားကန့်မှာ ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို KIA/PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီး

23

ဧပြီ၊၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာဘက် ဆင်းလာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့တွေကို ဒီကနေ့ နေ့လယ် ၁ နာရီခွဲလောက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်း အဖွဲ့ကနေ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်စစ်ကောင်စီရဲစခန်းက ဒုရဲအုပ်တစ်ဦးအပါ ရဲ ၂ ဦးဟာ ဆိုင်းတောင်ဘက် ဆင်းလာတဲ့အချိန် KIA၊KPDF တွေကနေ ဖမ်းဆီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ PDF တွေကနေ နောက်ကလိုက်ပြီး ပစ်ခတ်ခဲ့တာ။ ”လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

ဖမ်းဆီးပစ်ခတ်ခဲ့တဲ့အချိန် စစ်ကောင်စီရဲ ၁ ဦးသေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ်ကို ဖမ်းဆီးခေါ်သွားတဲ့အချိန် လမ်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်ရဲစခန်းကနေ ဆင်းလာတဲ့စစ်ကောင်စီရဲတပ်ဖွဲ့တွေကို KIA၊KPDF က ပစ်ခတ်ခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း အတည်ပြုပါတယ်။

ဆိုင်းတောင် စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြည့်နေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမိတဲ့အတွက် ဒေသခံအချို့ တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း မိုးကာရွာမှာ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၁၆ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here