ဖားကန့် ရတနာနယ်မြေအတွင်းသို့ ဝင်ရောက်လာသူများအား စီစစ်သွားမည်ဖြစ်ပြီး မြို့အား Lock Down ချခြင်းမဟုတ်ဟုဆို

845

ယနေ့ ဧပြီလ (၁၂) ရက်နေ့မှ စတင်ပြီး ဖားကန့်ရတနာ နယ်မြေ အတွင်း ဝင်ရောက်လာသူများကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက သိရသည် ။

” ဖားကန့် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ၊ ဖားကန့်အိမ်ထောင်စု ရှိတဲ့သူတွေ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ပါတဲ့ သူတွေ ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ သက်ဆိုင်ရာ ကုမ္မဏီတွေရဲ့ ထောက်ခံချက်ပါတဲ့ ကုမ္မဏီဝန်ထမ်းတွေ ကိုပဲ ခွင့်ပြုသွားမှာပါ “ ဟု ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောသည် ။

Covid-19 ကူးစက်မြန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာသူများကို ကန့်သတ်စိစစ်ရခြင်း ဖြစ်သည်ဟုလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။

” ဖားကန့်မြို့နယ်ရှိသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ခွင့်ပြုခဲ့ပါပြီ ။ဒါကြောင့် ဖားကန့်မြို့နယ်ကို ဝင်ရောက်လာနိုင်တဲ့ ဂိတ်လေးဂိတ်ကနေ စီစစ်သွားမှာပါ”ဟု ဦးတင့်စိုးက ရှင်းပြသည်။

ယခုကဲ့သို့ ဖားကန့်မြို့ဝင်ရောက်လာသူများကို စိစစ်ရာတွင် ကုန်စည်စီးဆင်းမှု အတွက် ကုန်တင်ယာဉ်များကို ယာဉ်ပေါ်လိုက်ပါလာသူ လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုသွားမည်လည်း ဖြစ်သည်။

ဖားကန့်ရတနာနယ်မြေရှိ အဝင်ဂိတ်များဖြစ်သည့် ကာမိုင်း စုပေါင်းစစ်ဆေးရေးဂိတ် ၊ လုံးခင်းကျေးရွာ လယ်ပြင် စုပေါင်း စစ်ဆေးရေး ဂိတ် ၊ ဝေခါကျေးရွာ မကားပင် စုပေါင်းစစ်ဆေးရေးဂိတ် ၊ ဆယ်ဇင်းကျေးရွာ ဆယ်ဇင်း စုပေါင်း စစ်ဆေးရေး ဂိတ်များမှ ဝင်ရောက်လာသူများကို စီစစ်လက်ခံသွားမည်ဖြစ်သည်။

ဖားကန့်ရတနာ နယ်မြေသို့ ဝင်ရောက်လာသူများကိုသာ စိစစ်ခြင်းဖြစ်ပြီး ဖားကန့်မြို့ကို အဝင်အထွက် ပိတ်ဆို့ (Lock Down )ချခြင်းမဟုတ်ဟုလည်း ဒေသအာဏာပိုင်များကပြောသည် ။

ဖားကန့်မြို့အဝင်ကိုသာ စိစစ်ခြင်းဖြစ်ပြီး ဖားကန့်ရတနာ နယ်မြေမှ ပြန်လည်ထွက်ခွာသွားလိုသူများကို စိစစ်ခြင်း မပြုဘဲ ပြည်သူများ၏ အစီအစဉ်ဖြင့် ကြိုက်နှစ်သက်သလို ထွက်ခွာသွားနိုင်သည်ဟုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ လုပ်ငန်းရာသီချိန်တွင် ရေမဆေးကျောက်ဖွေသူ သုံးသိန်းဝန်းကျင် ရှိနေပြီး စုစုပေါင်း လူဦးရေ ငါးသိန့်ခန့်ရှိမည်ဟု သက်ဆိုင်ရာ ဌာနများ၏ စစ်တမ်းများအရ သိရသည်။

ဖားကန့်မြို့နယ် အတွင်း Covid-19 ကြိုတင်ကာကွယ်မှုအတွက် လုံးခင်း ၊ ဆိပ်မူ ၊ ဝေခါ ၊ ဆယ်ဇင်း ၊ တာမခံ ၊ လဝါး ကျေးရွာ အပါအဝင် ကျေးရွာ အချို့တွင် Quarantine ထားရှိသူ (၃၅ဝ) ဦး ကြောင်းလည်း သိရသည်။

ဇော်မိုးထက်(ဖားကန့်)

LEAVE A REPLY

Please enter your comment!
Please enter your name here