ဖားကန့်တွင် ကုမ္ပဏီနှစ်ခုမီးရှို့သည်ဟု သံသယဖြစ်သူအယောက် ငါးဆယ်ခန့်အား စစ်ဆေးနေ

1188

မြစ်ကြီးနား၊ မေ ၁၄

မေလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ နှစ်ခုကို မီးရှို့သည်ဟု သံသယရှိသူအယောက် ၅၀ ခန့်ကို စစ်ဆေးနေကြောင်းဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

တောက်ပကြယ် ကုမ္ပဏီနှင့် မဟာကုမ်္ပဏီတို့မှ ၀န်ထမ်းများသည် ကုမ္ပဏီတာဝန်ရှိသူများနှင့် လုပ်ခလစာ/အလုပ်ချိန် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ထိုညတွင်ကုမ်္ပဏီများမီးလောင်ခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရပြီး ဖားကန့်မြို့တွင်လည်း ၀န်ထမ်းများ၏ မကျေနပ်ချက်ကြောင့် ရှို့သောမီးဖြစ်သည်ဟု သုံး သပ်ပြောဆိုနေကြကြောင်း သိရသည်။

ဖားကန့်မီးလောင်မှု

ထိုကုမ်္ပဏီများတွင် ၀န်ထမ်းပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိ သူ ၄၉ ဦးအား စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ အထက်ပါဖြစ်စဉ်ကြောင့် သုံးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပစ်ခတ်တားဆီးလို့ သေတာလား။ ဘာကြောင့်သေတာလဲတော့မသိဘူး။ စစ်ဆေးနေတယ်။ စိတ်အလိုမကျမှုကြောင့် လက်တွေ့ဖြစ်လာတဲ့အပေါ်မှာ ဖြစ်သွားတာ။ လစာကြောင့်ဆိုရင်တော့ ညှိနှိုင်းပေးလို့ရတယ်လေ။ အလုပ်ဆင်းခိုင်းလို့ ဖြစ်တာနေမှာပါ။”ဟု ဦးတင့်စိုးက ပြောသည်။

မီးမလောင်မီ နံနက်ပိုင်းကမိုးရွာနေသဖြင့် လုပ်သားများကို အနားပေးခဲ့ကြောင်း၊ နေ့လယ် မိုးတိတ်သည့်အချိန် အလုပ်ပြန်ဆင်းရန် ပြောသည့်အခါ ထမင်းစားနားချိန်ဖြစ်၍ အလုပ်မဆင်းနိုင်ဟု လုပ်သားများက ငြင်းဆန်ကြောင်း၊ ထိုမှအငြင်းပွားမှု စတင်ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လုပ်ငန်းကြီးကြပ်တွေနဲ့ စကားများရာကနေ လစာကိစ္စတွေပါ ရောက်သွားတယ်။ တောင်းဆိုတာတွေလုပ်ပြီး ဆန္ဒပြတဲ့အဆင့်ထိ ရောက်သွားတာပဲဗျ”ဟု အထက်ပါယာဉ်မောင်းက သူမြင်တွေ့ခဲ့သည့်အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။

ထိုသို့မီးလောင်နေစဉ် ကုမ္ပဏီဂိုဒေါင်အတွင်းထားရှိသော ကျောက်စိမ်းများကို ယူဆောင်သွားကြသဖြင့် တာဝန်ရှိသူများက သေနတ်ဖြင့်ပစ်ဖောက်ဟန့်တားခဲ့ရသည်ဟု မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော် သွားကြည့်တော့ ပွဲကျနေတာပဲ။ မီးလောင်နေတဲ့ကြားကပဲ ကျောက်စိမ်းတွေ ယူကြတယ်။ ကျွန်တော်တို့သိသလောက်တော့ ရှို့မီးပါ။ နေ့လယ်ဘက်က ကုမ္ပဏီနဲ့ အဆင်မပြေဖြစ်ပြီးမှ ညကျမီးလောင်တာပဲ။ ဘယ်သူရှို့မှန်းတော့ မသိသေးပါဘူး။ ကျွန်တော်လည်း သေနတ်သံတော့ ကြားတယ်”ဟု လုံးခင်းကျေးရွာမှ ကိုထွန်းထွန်းမှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာကုမ်္ပဏီများကို ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိခဲ့ပေ။

ယင်းကဲ့သို့ပင် မေလ ၉ ရက်နေ့ကလည်း ရတနာအဓိပတိကျောက်မျက်တူးဖော်ရေးကုမ်္ပဏီမှ ၀န်ထမ်း ၂၀၀ ကျော်က လုပ်ခလစာအငြင်းပွားမှုဖြစ်ပွားခဲ့၍ တာဝန်ရှိသူများမှ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကုမ်္ပဏီဘက်က လုပ်ခလစာအပြည့်အ၀ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here