စစ်အစိုးရလက်ထက်မှာစတင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကြီးဟာ မြန်မာပြည်သူလူထုက တရုတ်အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်က ၇ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီး ယခုနှစ်ပိုင်းမှာ စီမံကိန်းပြန်လည်စတင်ဖို့ တရုတ်ကုမ္ပဏီက ရွှေ့ပြောင်းဒေသခံတွေကို မဲဆွယ်စည်းရုံးမှုတွေ အပြင်းအထန် လုပ်နေတယ်လို့ သိရပါတယ်။
မြစ်ဆုံစီမံကိန်းကြီး စတင် ဝင်ရောက်လာတဲ့၂၀၀၉ ခုနှစ်လောက်ကစပြီး မြစ်ဆုံအနီး ရွာလေးတွေဖြစ်တဲ့ တန်ဖရဲ၊ အောင်ဂျာယန်၊ ဒေါင်ပန်၊ လဖဲ၊ မဇွပ် စတဲ့ ရွာငါးရွာဟာ စီမံကိန်းကြောင့် အောင်မြင်သာနဲ့ မလိယန်စံပြကျေးရွာဆိုတဲ့ နေရာနှစ်ခုကို ပြောင်းရွှေ့ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှာ ကချင်ပြည်နယ်ကို ရောက်လာတဲ့ တရုတ် သံအမတ်ကြီးနဲ့ ကချင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှု အပြီး မှာတော့ ဇန်နဝါရီလ ၁၃ရက်နေ့မှာ တရုတ်သံရုံးဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တွေ့ဆုံစဉ်မှာ မြစ်ဆုံအရေးနဲ့ပတ်သက်လို့ စီမံကိန်းဆက်လက် လုပ်ဆောင်ခွင့်မပြုဘဲ အချိန်ဆွဲနေမယ်ဆိုရင် တရုတ်ကုမ္ပဏီတွေက မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်သွားမှာ ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေး တည်ဆောက်ဖို့ အတွက်လည်း လုံလောက်တဲ့ လျှပ်စစ်အား လိုအပ်မှာဖြစ်တာကြောင့် နှစ်ဖက်လုံးက မျက်ခြေမပြတ် ဆွေးနွေးညှိနှိုင်းပြီး မြစ်ဆုံစီမံကိန်းပြဿနာနဲ့ စပ်လျဉ်းလို့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့အဖြေကို အမြန်ဆုံးရှာဖွေနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်နေကြောင်း၊ အဆိုပါလုပ်ငန်းလုပ်ဆောင်ရာမှာလည်း ကချင်ပြည်နယ်က တိုင်းရင်းသားပြည်သူ အားလုံးရဲ့ ထောက်ခံမှု ရရှိနိုင်ဖို့မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ကချင်နိုင်ငံရေးပါတီနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက တရုတ်ကုမ္ပဏီတွေ ကချင်ပြည်နယ်ကို လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ကြိုဆိုကြောင်း၊ ကချင်ပြည်နယ်ကဒေသခံ တိုင်းရင်းသားတွေက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဘဲ ကန့်ကွက်နေတာက ပြင်ပလူအဖွဲ့အစည်းတွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
တရုတ်သံအမတ်နဲ့ တွေ့ဆုံစဉ်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြစ်ဆုံရေကာတာကို ဆောက်ခွင့်မပေးဘူးဆိုရင် တရုတ်ကရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်မလုပ်နိုင်ဘူးဆိုတဲ့အကြောင်း၊ ဒုတိယအချက်ကတော့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက အလွန်တရာ စိတ်ဆိုးနေတယ်ဆိုတဲ့အကြောင်း၊ တတိယအချက်ကတော့ သူတို့တရုတ်အစိုးရအနေနဲ့ တင်းခံနေရတဲ့ အခြေအနေ ဖြစ်နေတယ် ဆိုတဲ့အကြောင်းတွေကိုသာ တရုတ်သံအမတ်ဘက်က ပြောဆိုခဲ့ပြီး သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိတဲ့ ကချင်ပြည်နယ်နိုင်ငံရေးပါတီတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မှုမရှိဘူးဆိုတဲ့ အချက်ဟာ မမှန်ကန်ကြောင်းနဲ့ စီမံကိန်းကြီးကို ကန့်ကွက်ဆဲ ဖြစ်တယ်လို့ ကချင်ပါတီတွေက ဆိုပါတယ်။
“မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ ပေါ်လစီကတော့ ပြတ်သားပါတယ်။ ကချင်သုံးပါတီအနေနဲ့ တွေ့တဲ့အချိန် စီမံကိန်းဆက်လုပ်ဖို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်တို့လည်း ဒါကို မလိုလားပါဘူး။ လူထုထောက်ခံတယ်ဆိုတာက တရုတ်တွေရဲ့ လိုရာဆွဲပြီးပြောတာပဲ ဖြစ်ပါလိမ့်မယ်”လို့ ပေါင်းစည်းထားတဲ့ ကချင်သုံးပါတီထဲက တစ်ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။
ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က မြစ်ကြီးနားကိုရောက်ရှိလာတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြစ်ကြီးနားမြို့က ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့ရာမှာလည်း မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရေး/မဖော်ရေးနဲ့ပတ်သက်ပြီး တိကျစွာ အဖြေမပေးနိုင်ခဲ့ပါဘူး။
စည်းရုံးမှုတွေ ပြုလုပ်လာစီမံကိန်း စတင်ချိန်ကစပြီး ပြောင်းရွေ့ခဲ့ကြရတဲ့ မြစ်ဆုံအနီးရွာတွေက ဒေသခံတွေအတွက် တရုတ်ကုမ္ပဏီက လစဉ် ဆန်ထောက်ပံ့တာတွေ၊ နေအိမ်အဆောက်အဦ ဆောက်လုပ်ပေးတာတွေစတဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီမှုတွေ ပုံမှန်ပြုလုပ်ပေးနေရာကနေ ပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ အောင်မြင်သာရွာနဲ့ မလိယန်ရွာတွေမှာ ဒီဇင်ဘာ ခရစ်စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ စတဲ့ ပျော်ပွဲရွင်ပွဲတွေကို ကျင်းပပေးပြီး အလှူငွေတွေ ထည့်ဝင်တာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ငွေကြေးလှူဒါန်းမှုတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ ပိုမိုပြုလုပ်လာခဲ့တယ်။
ပြီးခဲ့တဲ့ ထုတ်ပြန်ချက်အပြီးမှာတော့ ရွာအတွင်း ရက်ကန်း သင်တန်းတွေ၊ သင်္ဘောပင် စိုက်ပျိုးနည်းသင်တန်းတွေစတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းတွေဖွင့်လှစ်ပို့ချခဲ့သလို ထူးချွန် ကျောင်းသားတွေကို ဆုချီးမြှင့်တာတွေ၊ အားကစားပွဲတော်တွေနဲ့ အခြားသော အဆောက်အဦ၊ လမ်းတံတား ပြုပြင်ဆောင်ရွက်မှုတွေကို ပိုမိုပြုလုပ်ပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်လာပါတယ်။
ရွာအတွင်း ပွဲလမ်းသဘင်တွေ ကျင်းပပေးပြီး ဒေသခံတွေ ပျော်ရွှင်နေတဲ့ ပုံတွေနဲ့ မြစ်ဆုံစီမံကိန်း ပြုလုပ်မယ့်အပေါ် ဒေသခံတွေ ကန့်ကွက်မှု မရှိကြောင်း သတင်းလွှင့်တာတွေ ရှိတယ်လို့ မလိယန်ကျေးရွာက ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမုန်ရာက ပြောပါတယ်။
အလှူငွေ ၂၅ သိန်းစီ၊ ဘုန်းကြီးကျောင်းမှာ သိန်း ၅၀ လာပေးတယ်။ ပွဲတွေမှာ ရွာသားတွေ ပျော်နေတဲ့ပုံတွေကိုလွှင့်ပြီး မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ဘူးဆိုပြီး သတင်းလွှင့်တာမျိုးတွေ ရှိတယ်”လို့ ဦးမုန်ရာက ဆိုပါတယ်။
တရုတ်ကုမ္ပဏီ အနေနဲ့ ရွာအတွင်း ဆန်ပေးလှူဒါန်းတာတွေ၊ ရွာသားတွေရဲ့ အလုပ်အကိုင် ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းပို့ချပေးမှုတွေ၊ ငွေကြေးလှူဒါန်းမှုတွေ လုပ်တာဟာ ၎င်းလှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး ပြင်ပကို သတင်းလွှင့်နိုင်အောင် အပေါ်ယံမျှသာ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“တရုတ်တွေက ရွာတွေမှာ ဗန်းပြအလုပ်တွေတော့ အရမ်းလုပ်တယ်။ သူတို့လည်း ဓာတ်ပုံရိုက်နိုင်အောင်။ အပြင်ကို ပြန်သတင်း လွှင့်နိုင်အောင်လောက်ပဲ ကျွေးနေတာပေါ့။ အဲ့ဒါတွေက ရွာသားတွေအတွက် ဖူလုံမှုဘယ်လိုမှ မရနိုင်ဘူးပေါ့”လို့ မလိယန်ဒေသခံ ဦးမုန်ရာက ဆက်လက်ပြောပါတယ်။
ပြောင်းရွေ့ဒေသခံများ အခြေအနေ
မြစ်ဆုံ ဒေသခံတွေ ပြောင်းရွှေ့နေထိုင်တဲ့ မလိယန်ကျေးရွာဟာ ခမ်းဘူ၊ အင်ဂန်း အစရှိတဲ့ အနီးအနားက ရွာသားတွေရဲ့ ဝါးခြံတွေ၊ သီးနှံခင်းတွေဖြစ်ပြီး ယင်းမြေနေရာတွေကို ခုတ်ထွင် ရှင်းလင်းပြီးတော့ နေရာချပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပိုင်ရှင်ရှိတဲ့ အခင်းမြေနေရာတွေကို ခုတ်ထွင်လိုက်ပြီး ပြောင်းရွှေ့ဒေသခံတွေအတွက် နေရာချပေးခြင်းက အခင်းပိုင်ရှင်ဖြစ်သူတွေအတွက် အလွန်နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
မူလရွာတွေဖြစ်တဲ့ မြစ်ဆုံဒေသမှာ နေထိုင်တုန်းက ကိုယ်ပိုင်မြေ၊ ယာ၊ အခင်းတွေနဲ့ စားဝတ်နေရေးအတွက် မပူမပင် နေထိုင်ခဲ့ရပေမယ့် လက်ရှိပြောင်းရွှေ့နေထိုင်ရတဲ့ ဒေသမှာတော့ ရွာအတွင်းမှာ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ အဆင်မပြေတာတွေကြောင့် တောင်ယာခုတ်ပြီး ဝမ်းကျောင်းရပေမယ့် ကာလကြာလာတာနဲ့အမျှ တောင်ယာခုတ်ဖို့ နေရာမရှိတော့တာကြောင့် စားဝတ်နေရေးအတွက် အမြဲတစေပူပန်နေရတယ်လို့ မလိယန်သေခံဖြစ်တဲ့ ဦးမုန်ရာက ဆိုပါတယ်။
“အခု ဒီကိုပြောင်းခဲ့ရတော့ ပြောင်းခဲ့ရတာကြာပြီ အခုထိ အခြေတကျမရှိသေးဘူးလားလို့ မေးတာမျိုးတော့ရှိမယ်။ ဒါပေမဲ့ အခုဒီမှာက ကျွန်တော်တို့ တောင်ယာခုတ်စားဖို့ နေရာလည်း မရှိလာတော့ဘူး။ ဘာမှလုပ်စားဖို့ နေရာမရှိတော့ လာမယ့် အချိန်အတောအတွင်းမှာတော့ ကျွန်တော်တို့အတွက် စိုးရိမ်စရာဖြစ်တာပေါ့”လို့ ဦးမုန်ရာက ဆိုပါတယ်။
တရုတ် ကုမ္ပဏီတွေက အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ သင်တန်းတွေ၊ အလုပ်တွေ ပေးတယ်ဆိုပေမယ့် ဒေသခံတွေရဲ့ လုပ်ကိုင်နေကျ အလုပ်အကိုင်နဲ့ ကိုက်ညီမှုတွေ မရှိတာမျိုးတွေလည်း ဖြစ်နေပါတယ်။ ဝမ်းရေးအတွက် ဖူလုံမှုမရှိတာနဲ့အမျှ အလုပ်အကိုင်ရှားပါးတာကြောင့် ဒေသခံတွေဟာ ရွှေတူးတာတွေ၊ တခြားဒေသတွေမှာ အခင်းသွားလုပ်တာတွေ၊ နေ့စားလုပ်တာတွေနဲ့ ရွာအတွင်းက အမျိုးသမီး အများစုကတော့ တရုတ်ပြည်ဘက် အနှိပ်သည် သွားရောက်လုပ်ကိုင်ပြီး အသက်မွေးဝမ်း ကျောင်း ပြုနေကြရပါတယ်။ အခြားဒေသတွေကို ရွှေ့ပြောင်းလုပ်ကိုင်တဲ့သူတွေ များပြားလာတာကြောင့် ရွာမှာ လူငယ်လူရွယ်တွေ မရှိသလောက်နည်းပါးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှု
ရွာသစ်ကို ပြောင်းရွှေ့လာရချိန်က ဒေသခံတွေရဲ့ နဂိုမူလပိုင်ဆိုင်မှုတွေဖြစ်တဲ့ မြေယာတွေ၊ ကျွဲ၊ နွားတွေတွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။ ရွာက အိမ်ခြေအားလုံးနီးပါး ကျွဲ၊နွားတွေကို တစ်နိုင်တစ်ပိုင် မွေးမြူကြပြီး လယ်ယာစိုက်ပျိုးရေး အတွက် ခိုင်းစေနိုင်ရုံသာမက၊ ကျွဲ၊နွား ပြန်လည်ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေတွေက ဝမ်းရေးအတွက်သာမကဘဲ ကလေးတွေကို မြို့ပေါ် ကျောင်းထားနိုင်ဖို့ထိ ဖူလုံခဲ့တာပါ။
မူလ မြစ်ဆုံရွာတွေမှာ တိရစ္ဆာန်တွေအတွက် ဆားတွင်းနဲ့ မြစ်ကမ်းဘေး စိမ်းလန်းစိုပြေတဲ့ စားကျက်ကောင်းတွေရှိပြီး ပြောင်းရွှေ့လာရတဲ့ မလိယန်ကျေးရွာမှာတော့ စားကျက်မြေမရှိတာတွေကြောင့် ကျွဲ၊ နွားတွေကို ရွာသစ်တွေဆီ ခေါ်ဆောင်လာပေမယ့် နဂိုမူလနေရာကိုသာ ပြန်သွားကြတယ်လို့ ပြောပါတယ်။
မြစ်ဆုံ ရွာဟောင်းတွေမှာ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်လိုက်တော့ ရွာဟောင်းကိုပြန်သွားတဲ့ ကျွဲ၊ နွားတွေကို ရှာဖွေဖို့ အခွင့်အရေး မရခဲ့ကြပါဘူး။ ရှာခွင့်မပေးတာတွေကြောင့် ကျွဲနွားတွေ ပြန်လည်မရရှိတာတွေ၊ အချိန်ကာလကြာမြင့်သွားလို့ တိရစ္ဆာန်တွေ ပြန်လည်ဖမ်းယူရရှိဖို့ မလွယ်ကူတော့တာတွေနဲ့ ကန့်သတ်နယ်မြေအတွင်းက အစောင့်တွေက ပြန်လည်ရှာဖွေခွင့်မပေးတာတွေ၊ ပစ်သတ်စားတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပျောက်ဆုံးစဉ်က နွားအကောင်ရေ ဆယ်ကြီးပိုင်းရှိပေမယ့် ယခုချိန်ထိ မသေမပျောက်ဘဲ ရှိနေသေးရင်တော့ တစ်ရွာလုံးမှာ အကောင် ၂၀၀ လောက်ရှိမှာဖြစ်ကြောင်း နွားအကောင်ရေ ၂၀ လောက် ပိုင်ဆိုင်ခဲ့ဖူးတဲ့ မလိယန်ဒေသခံ ဒေါ်ခေါန်နန်က ပြောပါတယ်။
“အရင်တုန်းကတော့ ကျွန်မ ကျွဲတွေက အကောင် ၂၀ ဝန်းကျင် ရှိတယ်။ တစ်ရွာလုံးနီးပါး အများကြီးမမွေးရင်တောင် တစ်နိုင်တစ်ပိုင်တော့ မွေးကြတယ်။ အကုန်ပျောက်သွားတော့ ပြန်တွေ့ရင်တော့ ဒါ ဘယ်သူ့ဟာဆိုတာ မှတ်မိနိုင်တော့မှာ မဟုတ်ဘူး”လို့ ဒေါ်ခေါန်နန်က ဆိုပါတယ်။
နေရာသစ်ကို ပြောင်းရွှေ့ခိုင်းခဲ့စဉ်က မြစ်ဆုံရွာက ဒေသခံတွေရဲ့ လယ်ပိုင်ယာပိုင်တွေအတွက် ပြန်လည် အစားထိုးလုပ်ဆောင်ပေးမယ်လို့ အစိုးရက ကတိကဝတ်ပြုခဲ့တဲ့အတိုင်း မလိယန်ကျေးရွာ အပြင်ဘက်မှာ မြေနေရာ ပြန်လည်ခွဲဝေပေးခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ခွဲဝေပေးခဲ့တဲ့ မြေနေရာတွေဟာ လယ်ယာမြေတွေ မဟုတ်ဘဲ ကုန်းမြေတွေသာ ဖြစ်တာကြောင့် ထွန်ယက်စိုက်ပျိုးဖို့ မဖြစ်နိုင်သလို ရေရရှိဖို့အတွက်လည်း ခက်ခဲကြောင်း သိရပါတယ်။
မြစ်ဆုံရွာတွေမှာ နေခဲ့စဉ်က ဒေသခံတွေရဲ့ လယ်ယာမြေတွေဟာ အိမ်နဲ့ကပ်လျက်တည်ရှိပြီး မလိယန်မှာ အစိုးရကနေ တရားဝင်ခွဲဝေပေးတဲ့မြေနေရာဟာ မလိယန်ကျေးရွာနဲ့ အလွန်ဝေးကွာတဲ့နေရာမှာ တည်ရှိနေပြီး ၃၊ ၄ နာရီလောက် ခြေလျှင်လျှောက်ရတဲ့ နေရာတွေ ဖြစ်တာကြောင့် ဒေသခံတွေ ထွန်ယက်စိုက်ပျိုးမှုကို မပြုလုပ်ကြပါဘူး။ ဒါ့အပြင် အဲ့ဒီမြေနေရာတွေဟာ မလိယန်အနီးရွာက အင်ဂန်းဒေသခံတွေရဲ့ သီးနှံစိုက်ခင်း၊ ဝါးစိုက်ခင်းတွေကို ထွန်ယက်ပေးလိုက်ပြီး နစ်နာကြေးတွေ ပြန်လည်ပေးတာမျိုးမရှိခဲ့တာကြောင့် အခင်းပိုင်ရှင် ဒေသခံတွေအတွက် နစ်နာမှုများစွာ ဖြစ်ခဲ့ရတာပါ။
ယခုအချိန်မှာတော့ မထွန်ယက်ဘဲ ထားထားတဲ့ လယ်ယာမြေတွေကို အင်ဂန်းက မူလပိုင်ရှင်တွေက အခြားသူတွေထံ ပြန်လည်ရောင်းချမှုတွေ၊ တရုတ်တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေက ၎င်းင်းတို့ကို အစိုးရဌာနလုပ်ကွက်ချထားပေးတယ်ဆိုပြီး မြေနေရာယူတာတွေ ရှိတာကြောင့် မလိယန်ရွှေ့ပြောင်းဒေသခံတွေအတွက် ၎င်းတို့ပြောင်းရွေ့လာစဉ်က အစိုးရက လယ်ယာမြေပြန်လည် ခွဲဝေပေးမယ်ဆိုတဲ့ သဘောတူညီမှုဟာ မဖြစ်မြောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး မလိယန် ဒေသခံတွေက သက်ဆိုင်ရာ အစိုးရဌာနတွေမှာ စာတင်တာမျိုးတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပေမယ့်လည်း အကျိုးသက်ရောက်မှု မရှိသေးကြောင်း၊ သက်ဆိုင်ရာဌာနတွေက ရွာသားတွေကို မြေနေရာပြန်ရှာခိုင်းပေမယ့် ဘေးပတ်ပတ်လည် ရွာတွေရှိတာကြောင့် မြေနေရာလွတ်တွေမရှိလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒေသခံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိလာ
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ ကန့်ကွက်မှုတွေ ရှိနေပေမယ့် စားဝတ်နေရေး အဆင်မပြေတာတွေကြောင့် တရုတ်ကုမ္ပဏီတွေရဲ့ အကူအညီကို ယူနေရတဲ့ အခြေအနေမှာရှိနေပါတယ်။ ကာလကြာမြင့်လာတာနဲ့ အမျှ ရွာအတွင်းက ရွှေ့ပြောင်းဒေသခံတွေအကြား တရုတ်ကုမ္ပဏီရဲ့ အကူအညီယူရေး မယူရေးနဲ့ ပတ်သက်လို့ သဘောထား အမြင် ကွဲလွဲမှုတွေလည်း ရှိလာပါတယ်။
“ကျွန်မတို့ အဘက်ဘက်မှာ ခက်ခဲနေတယ်ဆိုတာကို အခွင့်ကောင်းယူပြီး သူတို့က နာမည်ယူတာပေါ့။ အချင်းချင်းကြား သွေးကွဲအောင် ဆွဲဆောင်လာကြတယ်”လို့ အောင်မြင်သာ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်ခေါန်ရာက ပြောပါတယ်။
ရွာသား အချို့တော့ ၎င်းတို့ ရွှေ့ပြောင်းလာရတာဟာ တရုတ်တို့နဲ့ သက်ဆိုင်တာကြောင့် အကူအညီပေးနေချိန်အတွင်း ကျေးရွာအတွက် ရရှိသမျှအထောက်အပံ့တွေ ရယူထားဖို့နဲ့ အစိုးရရဲ့ ကူညီထောက်ပံ့မှု ဘာမှမရရှိတဲ့အတွက် တရုတ်တွေဆီကနေ လိုအပ်သမျှ အကူအညီတောင်းဖို့ ဆန္ဒရှိကြပြီး ကျန်ရွာသားတွေကတော့ မြစ်ဆုံအရေးကို ဆက်လက်ကန့်ကွက်သွားမှာ ဖြစ်တာကြောင့် တရုတ်ထံက အကူအညီအများအပြား ရယူတောင်းဆိုမှုတွေ မပြုလုပ်ဖို့ဆိုတဲ့ အမြင်နှစ်ခုကြား သဘောထား ကွဲလွဲမှုတွေ အနည်းအကျဉ်း ရှိလာခဲ့ပါတယ်။
“အခု တရုတ်တွေကတော့ ဒေသခံတွေ အချင်းချင်း သွေးကွဲအောင် ပိုပြီးတော့တောင် လုပ်လာကြပြီ။ ဘယ်အစိုးရမှ ကျွန်မတို့ကို ကူညီပေးနေတာ မရှိဘူး။ အခုက တရုတ်ရွာလိုဖြစ်နေပြီ။ ကျွန်မတို့ဘက်ကလည်း အရမ်း ကန့်ကွက်နေပေမယ့် သူတို့က ပေးကမ်းတာတွေရှိနေတော့ စိတ်ဝမ်းကွဲလာတာတွေရှိတာပေါ့”လို့ ရေကာတာစီမံကိန်း ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဦးစီးဦးဆောင်ပြုနေသူတွေထဲက တစ်ဦးဖြစ်တဲ့ အောင်မြင်သာက ဒေါ်လုရာက ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့အထဲ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေတဲ့ အောင်မြင်သာ စံပြကကျေးရွာက ဒေါ်လုရာနဲ့ ဒေါ်ဂျာခေါန်တို့ မိသားစုတွေကို တရုတ် SPIC ကုမ္ပဏီက လစဉ် ဆန်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာ (၅)နှစ်ခန့် ရှိပြီဖြစ်ပြီး မလိယန်ကျေးရွာက ဦးမုန်ရာကိုတော့ ၂၀၁၈ ဒီဇင်ဘာလကနေ ဖြတ်တောက်ခဲ့တာပါ။
အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံနေရတဲ့ ဒေသခံအချို့တွေကတော့ မြစ်ဆုံကန့်ကွက်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတောင် ပါဝင်လာခြင်းမရှိတော့တဲ့အထိ ဖြစ်လာပြီး ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ရင် တရုတ်တွေဆီက လစဉ်ဆန်ထောက်ပံ့မှု ရပ်ဆိုင်းသွားမှာကို စိုးရိမ်နေကြရတဲ့အခြေအနေ ဖြစ်နေပါတယ်။
မလိယန်စံပြ ကျေးရွာနဲ့ အောင်မြင်သာစံပြ ကျေးရွာနှစ်ရွာက အချို့သော ဒေသခံတွေက ပြောင်းရွှေ့ခံခဲ့ရတဲ့ ရွာသစ်မှာ အခြေတကျဖြစ်နေပြီး မူလဒေသကို ပြန်သွားဖို့ မလိုလားတော့တာတွေရှိတယ်လို့လည်း သိရပါတယ်။ မူလရွာမှာ ဝမ်းရေးအတွက် ပူပန်မှုမရှိဘဲ ဖူလုံပေမယ့် လူနေမှုပုံစံ၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျမှုတွေရှိနေပြီး ရွှေ့ပြောင်းရွာသစ်မှာတော့ ဝမ်းရေးအတွက် ခက်ခဲပေမယ့် လူနေမှုအဆင့်အတန်းက ပိုမိုမြင့်တဲ့အပြင် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ပိုမိုကောင်းမွန်တာတွေကြောင့် ဖြစ်တယ်လို သိရပါတယ်။
မူလ မြစ်ဆုံရွာဟောင်းကို ပြန်လည်ရွှေ့ပြောင်းဖို့ဆန္ဒမရှိတော့တဲ့သူတွေ ရှိပေမယ့် ဘိုးဘွားစဉ်ဆက် တစ်လျှောက် နေထိုင်လာတဲ့မူလဒေသကို လက်မလွတ်နိုင်သူတွေလည်း ရှိနေပါသေးတယ်။
သမိုင်းတစ်လျှောက်ဆင်းသက်လာတဲ့ ဘိုးဘွားပိုင်အမွေအနှစ် ဖြစ်တာကြောင့် ပျောက်ကွယ် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆန္ဒရှိရုံသာမက သားစဉ်မြေးဆက် တစ်လျှောက် ဧရာဝတီ မြစ်ကြီးကို မြင်တွေ့သွားနိုင်ဖို့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနေတာဖြစ်တယ်လို့ အောင်မြင်သာ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်လုရာက ပြောပါတယ်။
“ကျွန်မတို့က နေရာအသစ်မှာ ဘယ်လောက်ပဲ အခြေကျနေပြီပြောပြော ကျွန်မတို့ ဒေသကိုတော့ ပြန်လိုချင်တယ်။ ပြန်လာပြီး ထူထောင်ဖို့ မလွယ်တော့ဘူးပဲပြောပြော ကျွန်မတို့ နေရာကိုတော့ လက်လွှတ်လို့ မရဘူး”လို့ ဒေါ်လုရာက ဆိုပါတယ်။
နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက ဒေသခံတွေကို တရုတ်အကူအညီကြောင့် စားဝတ်နေရေး ဖူလုံအဆင်ပြေနေကြတယ်လို့ သိမှတ်ထားပေမယ့် လက်တွေ့မှာတော့ ရွှေ့ပြောင်းဒေသခံတွေရဲ့ဘဝက စီမံကိန်းပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ မြေစာပင်လိုပါပဲ။
“တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ကူညီဖို့ဆိုရင် တရုတ်တွေ ကျွေးထားလို့ ရွာသားတွေ ဝမ်းစာဖူလုံနေတယ်လို့ပဲ မြင်တယ်။ အဲ့ဒါကြောင့် အခုလိုပဲ တရုတ်တွေက အပေါ်ယံဆီလူးပြီး သတင်းလွှင့်နေတာပေါ့”လို့ မလိယန်သေခံ ဦးမုန်ရာက ဆိုပါတယ်။
တရုတ်ကုမဏီတွေရဲ့ အကြံအစည်ကို သိနေပေမယ့် စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံတွေ အတွက် မတတ်သာတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး မြန်မာတစ်မျိုးသားလုံးကနေ ရွှေ့ပြောင်း ဒေသခံတွေအပေါ် စားဝတ်နေရေးအတွက် တကယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေလို မမြင်နိုင်ဘူးဆိုရင် နောင်စီမံကိန်းကို ကန့်ကွက်မယ့်အရေးမှာ အဟန့်အတားတွေ ရှိလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ အခက်အခဲကဘာလဲဆိုရင် စားဖို့သောက်ဖို့ ခက်ခဲကြတယ်။ ကျွန်တော်တို့ ဒေသခံတွေကို ဒုက္ခသည်တွေအနေနဲ့ ကမ္ဘာက မြင်နိုင်တဲ့ အခြေအနေသာ မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က မချစ်သော်လည်းအောင့်ကာနမ်း ဆိုသလိုပဲ တရုတ်တွေပေါ်မှာပဲ မှီခိုနေရသလို ဖြစ်နေတယ်”လို့ ဒေသခံတွေက ဆိုပါတယ်။
စီမံကိန်း ဆောင်ရွက်မှု အခြေအနေ
တရုတ်သံရုံးက ထုတ်ပြန်ချက်ထုတ်အပြီး ယခုနှစ်ပိုင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကန့်သတ်နယ်မြေအတွင်းမှာ လုပ်ငန်းလုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ လှုပ်ရှားမှုကို မတွေ့နိုင်ပေမယ့် အောင်မြင်သာကျေးရွာ အနီး လုံဂါဇွပ်က တရုတ်ရေတိုင်းဆောင်လို့ ခေါ်တဲ့ နှစ်ထပ်ဆောင်မှာ တရုတ်အလုပ်သမားတွေ ယခင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
တရုတ် SPIC ကုမ္ပဏီက မလိယန်နဲ့ အောင်မြင်သာကျေးရွာတစ်ဝိုက်မှာ လိုအပ်ချက်တွေကို လိုက်လံကြည့်ရှုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေကိုလည်း ပိုမိုလုပ်ဆောင်လာကြပါတယ်။
ဒါ့အပြင် စီမံကိန်းကန့်သတ်နယ်မြေ အတွင်းက Nmai Hka Jum bum မေခမြစ်ဘက်က ဆားတောင်ပေါ်မှာ အရင်က စိမ်းစိုနေရာက မြက်တွေအမြဲရှင်းလင်းနေပြီး မြက်သေဆေးတွေအချိန်ပြည့် ဖြန်းထားဟန်တူတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံစီမံကန်းနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကို မသိမမြင်ရပေမယ့်လည်း စီမံကိန်းဘေးပတ်ဝန်းကျင် တစ်ဝိုက်မှာတော့ အဲဒီတောင်နဲ့ ပတ်သက်ပြီး သတိထားမိတာမျိုးတော့ရှိတယ်လို့ ပြောပါတယ်။
ယခုလ ၁ ရက်နေ့ကလည်း တရုတ်အစိုးရခေါင်းဆောင်တွေရဲ့ ဖိတ်ကြားမှုကြောင့် ကေဘီစီ ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ ဆရာတော်ကြီးတွေ ရွှေလီမနောင်ပွဲကို သွားရောက်ခဲ့ပါတယ်။ သွားရောက်ခဲ့ရာမှာလည်း မြစ်ဆုံစီမံကိန်းကို မရရအောင် ပြန်လည် အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ ယူနန်အစိုးရကို ပေကျင်းအစိုးရအဖွဲ့ချုပ်က ညွှန်ကြားထားပြီးပြီဖြစ်ကြောင်း၊ တရုတ်တွေအနေနဲ့ မဖြစ်မနေလုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ဒေသခံတွေအနေနဲ့ ကန့်ကွက်မှုတွေ မလုပ်ပေးဖို့ ထပ်မံပြောဆိုခဲ့တာတွေ ရှိပါတယ်။
မြစ်ဆုံစီမံကိန်းအပေါ် လူထုရဲ့ စိုးရိမ်ပူပန်မှုကို အစိုးရအနေနဲ့ လျစ်လျူမရှုပါကြောင်း ဘေးထွက်ဆိုးကျိုးမရှိအောင် စီမံကိန်းကို အရွယ်အစားလျော့ချမလား၊ ဒါမှမဟုတ် နေရာပြောင်းမလား ဆိုတာကိုလည်း ညှိနှိုင်းနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မီဒီယာတွေကို ဆိုထားပါတယ်။
စီမံကိန်း အပြောင်းအရွှေ့ လုပ်မယ်ဆိုရင်တောင် သဘောတူနိုင်မှာ မဟုတ်ဘူးလို့ အောင်မြင်သာစံပြကျေးရွာ ဒေသခံ ဒေါ်လုရာက ပြောပါတယ်။
“စီမံကိန်းကို နေရာပဲပြောင်းပြောင်း ကျွန်မတို့တော့ လက်မခံနိုင်ဘူး။ ဘာလို့လည်းဆိုရင် မေခဆိုလည်း ရေစီးအရမ်းသန်တယ် ရေကြီးတယ်။ မလိခလည် ရေကြီးတယ်။ ချောင်းသေးသေးလေး မဟုတ်ဘူး”လို့ ဒေါ်လုရာက ပြောပါတယ်။
မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေဆီက အကူအညီ အထောက်အပံ့တွေကို လက်ခံနေရပေမယ့် မြန်မာတစ်နိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ မလဲလှယ်နိုင်ကြောင်း၊ မြစ်ဆုံစီမံကိန်းကြီးကို ဆက်လက်ကန့်ကွက်သွားမယ်လို့ ဒေသခံတွေက အခိုင်အမာဆိုပါတယ်။
“ကျွန်တော်တို့က ဘာပဲလုပ်လုပ်၊ သူတို့ပေးတာ ကျွေးတာပဲ ယူယူ ကျွန်တော်တို့ စိတ်ထဲမှာတော့ မြစ်ဆုံစီမံကိန်းကို နည်းနည်းလေးမှ သဘောမတူဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်”လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်ဆုံကန့်ကွက်တဲ့အဖွဲ့တွေကလည်း ဒေသခံတွေကို တရုတ်ကုမ္ပဏီက ကူညီနေပေမယ့် မြစ်ဆုံနဲ့တော့ လဲမှာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။
“သူတို့က ဒါကိုကူညီပြီးမှ မြစ်ဆုံအတွက် ထောက်ခံပေးပါ။ စီမံကိန်းကို ထောက်ခံပေးပါဆိုရင်တော့ ကျွန်တော်တို့က လုံးဝပဲ။ သူတို့က ကျွန်တော်တို့ရဲ့ လယ်တော နှစ်ရှည်ပင်တွေ၊ ခြံတွေ၊ အားလုံး အပြောင်ကို ရှင်းပစ်ခဲ့တာ။ အခုကျွန်တော်တို့က အလုပ်လက်မဲ့နဲ့ နေနေရတာ။ သူတို့က ကူကို ကူညီရမှာ၊ ဒါ သူတို့ တာဝန်ပဲ…”လို့ ဆိုပါတယ်။