မန်ဒေါင်ကျေးရွာ အုပ်စုတွင် တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ

949

ဖေဖော်ဝါရီ ၂၂

ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီများ တစ်သျှူးငှက်ပျော ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် ဒေသခံများ ကန့်ကွက်စာတင်ထားကြောင်း သိရသည်။

တစ်သျှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခုသည်ဇန်နဝါရီလ ၈ ရက်နေ့မှ စတင် ဝင်ရောက်လာခြင်းဖြစ်ပြီး တရုတ်တစ်သျှူး ငှက်ပျော စိုက်ပျိုးမည့် သခင်စစ်ကုမ္ပဏီသည် ဇန်နဝါရီလ ၁၈ ရက်က မန်ဒေါင်ကျေးရွာအုပ်စုရှိ လူထုနှင့် ကုမ္ပဏီများ တွေ့ဆုံပွဲ ပြုလုပ်ကာ ခဝမ်ကျေးရွာဘက်တွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ဆိုင်းဘုတ်ထောင်ပြီး လမ်းများစတင် ဖောက်လုပ်နေကြပြီဖြစ်ကာ ထိန်းနိထဝါကုမ္ပဏီသည် လိုင်ငူယန်ကျေးရွာဘက်တွင် ဖေဖော်ဝါရီလ ၈ ရက်မှစပြီး စိုက်ခင်းအတွက် မြေပြုပြင်ထွန်ယက်ခြင်းများ ပြုလုပ်နေကြကြောင်းလည်း သိရသည်။

ယင်းသို့ ဝင်ရောက်နေမှုများကြောင့် ဒေသဆိုးကျိုးများ ဆက်တိုက်ခံစားရတော့မည်ကို စိုးရိမ်၍ ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကန့်ကွက်နေကြကြောင်း မန်ဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမဒိန်တိန်းဘောမ်က ပြောသည်။
“အုပ်ချုပ်ရေး ဘက်ကနေ ဥပဒေရှိတဲ့အတိုင်း တားမြစ်ထားပါတယ်။ အခု သူတို့လုပ်ငန်း ရပ်ဆိုင်းထားတဲ့ အခြေအနေတော့ ရှိတယ်။ မြို့နယ်ထွေ/အုပ်ကိုလည်း တင်ပြပြီး စာတွေတင်ထားပါတယ်။ မြို့နယ်ကလည်း ရပ်ဆိုင်ဖို့ ပြောထားတယ်။ ဘာသာရေး အဖွဲ့အစည်းကလည်း ကန့်ကွက်ကြောင်း စာတင်ထားပါတယ်။ ဒေသခံပြည်သူတွေနဲ့ ရပ်မိရပ်ဖတွေကတော့ ဘယ်လောက် ကန့်ကွက်ကန့်ကွက် အဆင်မပြေရင် နောက်ဆုံးအဆင့် ဆန္ဒထုတ်ဖော်ကြဖို့ အထိ ရည်ရွယ်ထားကြတယ်”ဟု မန်ဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမဒိန်တိန်းဘောမ်က ပြောသည်။

ယင်းကုမဏီများကို ခြံငှားရမ်းပေးသူများမှာ ဒေသခံ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိဘ အုပ်ထိန်းသူ မသိဘဲ ငှားရမ်းပေးလိုက်သည့်သူများ ဖြစ်ကြောင်း စိုက်ခင်းနှင့် ပတ်သက်၍ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။”ငှားပေးတဲ့သူတွေက ၄ ဧကလောက်ပဲ ငှားတာကို ၁၀ ဧကလို့ရေးပြီး ဆိုင်းဘုတ်တောင်ပြီး လုပ်ကြတယ်။ သူတို့လုပ်ကွက်ဝင်တဲ့ နေရာမှာ ဒေသခံတွေရဲ့ ခြံတွေနဲ့ လယ်တွေရှိတယ်။ ဒေသခံတွေအားလုံးက လုံးဝသဘောမတူကြတာကို သူတို့က ဝင်လုပ်နေကြတာပါ”ဟု ယင်းပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

မန်ဒေါင် ဒေသခံများသည် မိမိတို့စိုက်ခင်းများ၌ နှစ်ရှည်ပင်များ ဖြစ်သည့် ကျွန်း၊ သံပရာပင်၊ တညင်းသီး၊ မက်လင်၊ လိမ္မော်ပင် စသည့်အပင်များနှင့် အခြားသီးနှံပင်များ အားလုံးကို ခုတ်ထွင်ရှင်းလင်းကာငှက်ပျောစိုက်ခင်းများ ဝင်ရောက်လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။ကျေးရွာအနေဖြင့် အဆိုပါ ငှက်ပျောစိုက်ခင်းကို ကန့်ကွက်နေရခြင်းမှာ ဒေသအတွက် ရေရှည်တွင် ဆိုးကျိုးများသည့်အတွက် ဒေသခံများကို နေရာပြောင်းရွှေ့ပေးခြင်း မရှိပါက ယင်းဒေသတွင် နေထိုင်ရန် အကြောင်း မရှိတော့ကြောင်း ဒေသခံများက ပြောဆိုသည်။

ငှက်ပျော စိုက်ခင်းကြောင့် ဒေသခံများ စိုက်ပျိုးထားသည့် သီးနှံပင်များပျက်စီးခြင်း၊ မြေဆီလွှာ ပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ပြီး ဒေသခံမဟုတ်သည့် အခြား ပြည်နယ်နှင့်တိုင်းများမှရောက်လာသည့် ငှက်ပျောခြံအတွင်း အလုပ်လာရောက် လုပ်ကိုင်သူများကြောင့် ခိုးဆိုးလုယှက်မှုများလာခြင်း၊ ဓားထိုးမှုများလာခြင်း၊ မူးယစ်မှုများလာခြင်း၊ လောင်းကစားသမား များလာခြင်း၊ အလုပ်လက်မဲ့ များလာခြင်းနှင့် တရိစ္ဆာန်များအနာရောဂါများ ခံစားရခြင်းစသည့် ကြီးမားသည့် အန္တရာယ်များ ကြုံတွေ့လာရမည်ကို မြင်တွေ့နေရကြောင်းလည်း အုပ်ချုပ်ရေးမှူး ဦးမဒိန်တိန်းဘောမ်ကပြောသည်။

“လက်တွေ့ကတော့ ကျွန်တော်တို့ ကျေးရွာနဲ့ ကပ်နေတဲ့ မန်ဝိန်းကျေးရွာမှာ ရှိတဲ့ ချန်းရင်ခူး ကုမ္ပဏီရဲ့ ငှက်ပျောခြံကြောင့် ကျွန်တော်ကျေးရွာအုပ်စုမှာရှိတဲ့ ဆင်နီခူးကျေးရွာက လိမ္မော်ပင်တွေအားလုံး အပြောင်သေကုန်ပြီ။ မြေတွေလည်း ဘာမှစိုက်လို့မရဘူး။ တိရစ္ဆာန်တွေလည်း အားလုံး အနာဖြစ်ကုန်ပြီ။ လက်ရှိလည်း အခု နွားတွေတော်တော် သေကုန်နေတယ်။ မြို့နယ် မွေးကု ဆရာဝန်နဲ့လည်း ချိတ်ဆက်ထားတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ထို့အပြင် ရွာသားများစိုက်ပျိုးထားသည့် သီးနှံပင်၊ နှစ်ရှည်ပင်များနှင့် ဝါးပင်များကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ခုတ်ယူသုံးစွဲနေကြခြင်း၊ ဒေသခံများ သုံးစွဲနေသည့် ရေများကိုလည်း ငှက်ပျောခြံအတွက် လွဲယူလိုက်ကြသဖြင့် ဒေသခံများရေအခက်အခဲမျာလည်း ဖြစ်နေကြကြောင်း အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။

“ဘယ်လိုမှ ဝင်လို့မရပါဘူး။ မဟာဆိုးကျိုးဖြစ်တဲ့အတွက်ကြောင့်ပါ။ သူတို့ကရေဦးရေပေါက်ဖြစ်တဲ့ နေရာကရေတွေ အားလုံးယူလိုက်ရင် ရေရှည်မှာ ကျွန်တော်တို့ဒေသခံတွေ ဘာသုံးပြီး နေရမှာလဲ။ ဘယ်လိုမှ အဆင်မပြေဘူး။ စိုက်ခင်းဝင်ရင်ကတော့ ဆိုးကျိုးတွေက ဆက်တိုက်ခံစားရတော့မှာ ဖြစ်တယ်”ဟု အုပ်ချုပ်ရေးမှူးက တွေ့ကြုံလာရမည့် အခက်အခဲကို ထောက်ပြပြောဆိုသည်။

မန်ဒေါင်ကျေးရွာအုပ်စုသည် မန်ဒေါင်၊ ခဝမ်၊ ဇွပ်ရာ၊မလိယန်၊ ဆနီခူး၊ လိုင်ငူယန်၊ ဘန်ဘင်း၊ နဒီခူး၊ ထိန်းဇာ၊ ဒိန်ညွှန်ကောင်၊ ဇွမ်ရာ၊ ဒွမ်ဘန်၊ ချောင်းဆုံ အစရှိသည့်ကျေးရွာ ၁၂ ရွာဖြင့်စုစည်းထားသည့် ကျေးရွာအုပ်စုဖြစ်ကြောင်းလည်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here