“ကျောင်းကြီးထဲမှာတော့ အပေါ့၊ အလေး သွားဖို့ သိပ်အဆင်မပြေဘူး။ သမီးတို့က မမြင်ရဘူးဆိုတော့ ရေခပ်ရမှာလည်း အဆင်မပြေဘူး။ အောင့်ထားလိုက်တာ များပါတယ်”လို့ အသက် (၁၄)နှစ်ဝန်းကျင်ရှိတဲ့ (၇)တန်း ကျောင်းသူလေး မရွယ်ပါက ကျောင်းတက်စဉ်ကာလ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခုကို ပြောပြလာတာပါ။
သူမအနေနဲ့ ကျောင်းဖွင့်ပြီဆိုရင် အခက်အခဲများစွာတွေထဲကမှ တစ်ခုဖြစ်တဲ့ အပေါ့၊ အလေး ကိစ္စကို ဖြေရှင်းဖို့အတွက် တွေးပူနေတာက မဆန်းလှပါဘူး။ သူမဟာ ရံဖန်ရံခါ အပေါ့သွားချင်ပေမယ့် ရေကို ခပ်ပြီး သွားရတာကြောင့် သူမလို အမြင်အာရုံမသန်စွမ်းသူ တစ်ဦးအတွက်တော့ ခက်ခဲလှတယ်လို့ ဆိုပါတယ်။
“ညီမတို့က မမြင်ရဘူးဆိုတော့ ရေခပ်ရမှာလည်း အဆင်မပြေဘူး။ ဆိုတော့ မသွားဖြစ်ဘူး။ တစ်ခါတလေ အရမ်းသွားချင်တဲ့ အချိန်မှာတော့ မြင်ရတဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး သွားဖြစ်တယ်။ အဓိက ကတော့ ရေအခက်အခဲ ဖြစ်တယ်။ ကျောင်းထဲမှာ ရေပိုက်ဖြစ်ဖြစ် တပ်ထားပေးဖို့တော့ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။
လူထူထပ်ပြီး၊ လူသွားလူလာများတဲ့ နေရာမျိုးတွေမှာ ပြုလုပ်ပေးထားတဲ့ အိမ်သာတွေဟာ အများသုံး ဖြစ်တာကြောင့် အမြင်အာရုံမသန်စွမ်းသူတွေ သာမက မသန်စွမ်းတွေအားလုံးအဖို့အပေါ့၊ အလေးကိစ္စကို ဖြေရှင်းနေကြရတာက မလွယ်ကူလှတဲ့ကိစ္စ ဖြစ်နေပါတယ်။
မြို့ထဲသွားတဲ့ အခါမျိုးမှာ အဖော်တစ်ဦးနဲ့အတူသွားရပြီး အပေါ့သွားချင်ပေမယ့် လူများလှသည် သာမက တစ်ဦးတည်းသွားဖို့ အခက်အခဲဖြစ်တဲ့ အကြောင်း မောင်နော်ဆန့်ကလည်း ဆိုပါတယ်။
“အရင်ကတော့ မြို့တွေ သွားတာ ရှိတယ်။ အများသုံး အိမ်သာတွေကိုတော့ မသုံးဖြစ်ဘူး။ အောင့်ထားပြီး ကျောင်းရောက်မှ သွားဖြစ်တယ်။ ကိုယ် တစ်ယောက်တည်း သွားမယ်ဆိုရင်လည်း အဆင်မပြေဘူး၊ အခက်အခဲ ဖြစ်တယ်။ ဘယ်တော့မှ မသွားဘဲနဲ့ အောင့်ထားလိုက်တယ်။ မြို့ထဲမှာဆိုရင် လူကလည်း ကျပ်တယ်”လို့ ပြောပါတယ်။
လက်ရှိ ကားဂိတ်၊ ရထားဘူတာ အစရှိတဲ့နေရာလိုမျိုး အများစုမှာတော့ မသန်စွမ်းတွေအတွက် သီးသန့်အနေနဲ့ ပြုလုပ်ပေးထားတဲ့ အိမ်သာတွေ မရှိသေးဘဲ အများနဲ့ နည်းတူ အပေါ့၊ အလေး အသုံးပြုနေရတာက အခက်အခဲ ဖြစ်နိုင်တာကြောင့် မသန်စွမ်းသူတွေ အတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။
ခရီးသွားရတဲ့ အခါမျိုးမှာဆိုရင် အမြင်အာရုံမသန်စွမ်းသူတွေအနေနဲ့ မျက်မြင်အဖော်တစ်ဦးနဲ့ အတူသွားရတာကြောင့် အပေါ့သွားတဲ့ အခါမျိုးဖြစ်ဖြစ် အတူတကွ လိုက်ဆောင်ပေးမှ သွားဖြစ်တာမျိုး ရှိပေမယ့် တစ်ဦးတစ်ယောက်တည်း သွားရတဲ့ အခါမျိုးမှာ ခက်ခဲတယ်လို့ အမြင်အာရုံ မသန်စွမ်းသူအချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မသန်စွမ်းတွေအတွက် သွားရ လွယ်ကူအောင် သင်္ကေတအမှတ်အသားဖြစ်ဖြစ် ပြုလုပ်ထားပေးတာမျိုး ရှိရင် လွယ်ကူနိုင်မယ်လို့လည်း အမြင်အာရုံ မသန်စွမ်းသူ ဦးလဆိုင်းကလည်း ဆိုပါတယ်။
“အများပိုင် နေရာတွေမှာဆိုရင်တော့ သန့်စင်ခန်းဘယ်မှာလဲဆိုပြီး မေးရင် လိုက်ပြပေးတယ်။ တချို့ ဒီက လူတွေကျတော့ နေရာမေးရင် ဟိုမှာဟိုမှာ လို့ပဲ ညွှန်တယ်။ ကျွန်တော်တို့ကိုက အဲ့ဒီလို ညွှန်ပြလို့မှ မရတာ။ မြင်မှ မမြင်ရတာကို (ရယ်လျက်)။ တွဲပြီး လိုက်မပြရင် ကိုယ့်ဘာသာ သွားဖို့ ခက်ခဲတာပေါ့။ မြန်မာနိုင်ငံမှာကလည်း ဒီ မျက်မမြင်ဆိုတာက နည်းတော့၊ ဒီ မသန်စွမ်းတွေ အတွက်လည်း အထူးအနေနဲ့ မစဉ်းစားပေးကြဘူးပေါ့”လို့ ပြောပါတယ်။
ဒါ့အပြင် မသန်စွမ်းသူတွေ အနေနဲ့ ကျန်းမာရေးမကောင်းဘဲ ဆေးရုံတက်ရောက်ရတဲ့ အခါမျိုးတွေမှာ သွားရေးလာရေး ခက်ခဲတဲ့ အပိုင်းတွေနဲ့ ဘုရားကျောင်းတွေမှာလည်း ဝီးလ်ချဲနဲ့ သွားရတဲ့ မသန်စွမ်းတွေအတွက် ပြုလုပ်ပေးထားတဲ့ နေရာမျိုး ထည့်သွင်းစဉ်းစားပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ ကချင်ပြည်နယ် ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်က ပြောပါတယ်။
မသန်စွမ်းသူများ အတွက် အများသုံး အိမ်သာတွေသာမက သွားလာရေး အဆင်ပြေစေတဲ့ အသွားလမ်းတွေကို အဆောက်အဦးတွေမှာ ပြုလုပ်ပေးတာမျိုး ထည့်သွင်းစဉ်းထားပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်တယ်လို့ ဦးဂျီဇုန်းဆောင်က ပြောပါတယ်။
“အစိုးရ၊ ဘာသာရေး ဂိုဏ်းဂဏရယ်၊ သက်ဆိုင်ရာ ဦးဆောင်နေတဲ့သူတွေကို တောင်းဆိုချင်တာကတော့ ကြိုတင် စဉ်းစားပေးဖို့ပေါ့။ မသန်စွမ်းတွေ မတက်နိုင်တဲ့ ဘုရားကျောင်းတွေ ရှိပါတယ်။ အစိုးရ အဆောက်အဦးတွေ၊ ဆေးရုံတွေဆောက်တဲ့ အခါမှာရော၊ ကျန်းမာရေးဆိုင်ရာ၊ ကျောင်း၊ ရထားဘူတာတွေမှာ မသန်စွမ်းသွားနိုင်၊ လာနိုင်အောင် ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပြီ။ တစ်ခါတလေ အစည်းအဝေး၊ သင်တန်း ခေါ်တဲ့အခါမှာ အခက်အခဲတွေ ရှိပါတယ်။ ရထားဘူတာရောက်တဲ့ အခါမှာလည်း အခက်အခဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက နေရာတွေမှာရောပေါ့”လို့ ဆိုပါတယ်။
မသန်စွမ်းသူတွေ အနေနဲ့ ရသင့်တဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းတဲ့ အပိုင်းတွေ အားနည်းနေသေးပြီး သူတို့အနေနဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးနေသေးတာကို မြင်မိတယ်လို့ Htoi Gender and Development Foundation မှ ဒါရိုက်တာ ဒေါ်နန်ပူကလည်း သူမရဲ့အမြင်ကိုအခုလို သုံးသပ်ပြောဆိုပါတယ်။
“မသန်စွမ်းတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးမှ သက်ဆိုင်တဲ့ လူနေ အဆောက်အဦ၊ အများသုံးအိမ်သာ ဆောက်လုပ်တဲ့သူတွေက ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဆောက်လုပ် ပေးသင့်တယ်။ စီစဉ်ပေးသင့်တယ်။ အများကြီးပဲ လိုအပ်နေသေးတယ်။ သင်တန်းတွေ သွားမယ်ဆိုရင် ဖေးကူပေးမယ့် အဖော်လိုတာပေါ့။ တကယ်လို့ အဖော်မရှိခဲ့ဘူးဆိုရင် သင်တန်းတက်သည် သော်လည်းကောင်း သူတို့ ရသင့်ရထိုက်တဲ့ အသိပညာ ဗဟုသုတ အမျိုးမျိုးပေါ့နော်။ သူတို့ဘဝအတွက် စွမ်းဆောင်ရည် မြှင့်တင်လာနိုင်ဖို့ အတွက်ကို ဆုံးရှုံးနေတာပေါ့။ သူတို့အနေနဲ့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေသေးတယ်။ သူတို့ အခက်အခဲအတွက် ထည့်သွင်းစဉ်းစားမှုတွေ၊ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ တွေ့ရတယ်”လို့ ဆိုပါတယ်။
အများသုံး အိမ်သာနဲ့ ပတ်သက်ပြီး သာမန်လူတွေအတွက် အဆင်ပြေနိုင်ပေမယ့် မသန်စွမ်းသူတွေ အတွက်တော့ ခက်ခဲနိုင်တာကြောင့် အထူးလိုအပ်ချက်အနေနဲ့ ထည့်သွင်း စဉ်းစားပေးသင့်တယ်လို့ သူမက ဆက်လက်ဆိုပါတယ်။
“လူသားတိုင်းမှာ သူတို့ လိုအပ်ချက်ပေါ် မူတည်ပြီးမှ ရရှိသင့်တဲ့ အခွင့်အရေး သူတို့ ရရှိရမယ်။ သက်ဆိုင်ရာ အစိုးရတွေက စီစဉ်ပေးရမယ်။ မျက်စိမမြင်ရတဲ့ သူတွေအတွက် မမြင်ရ၊ မကြားရတဲ့ အခါမှာ ခြေထောက်အားဖြင့် သော်လည်းကောင်း၊ လက်အားဖြင့် သော်လည်းကောင်း သွားရတယ်။ အိမ်သာသွားတဲ့အခါ မျက်စိမြင်တဲ့ သူက ပြပေးမှ ရတဲ့အခါကျတော့ အခက်အခဲရှိတဲ့အခါမှာ သူတို့အတွက် တစ်ခုခု သင်္ကေတပေါ့။ ဘယ်နေရာမှာ ဘယ်လို သွားရမယ်။ လက်၊ ခြေထောက်နဲ့ ထိလိုက်တာနဲ့ သိစေတဲ့ သင်္ကေတတွေနဲ့ လုပ်ပေးထားသင့်တယ်။ ခြေထောက်မသန်စွမ်းတဲ့ သူတွေအတွက်လည်း လက်ကိုင်တန်းတွေ လုပ်ပေးရမယ်”လို့ သူမက ပြောပါတယ်။
ဆက်လက် ဆောက်လုပ်မယ့် အဆောက်အအုံကြီးတွေ ဆောက်လုပ်တဲ့အခါ မသန်စွမ်းသူတွေ အတွက် အထူးထည့်သွင်းစဉ်းစားပေးဖို့ မြစ်ကြီးနား မျက်မမြင်ကျောင်းအုပ် ဦးဂမ်ဖန်က တောင်းဆိုလိုက်ပါတယ်။
“အရင်ကတည်းက ဆောက်ထားတဲ့ အဆောက်အအုံတွေ ဖြစ်တဲ့အတွက် ပြန်ပြင်ဖို့ ဆိုတာကတော့ ခက်တာပေါ့။ ဖြစ်နိုင်သလောက်ကတော့ ဝီးချဲလ် သွားရင် အဆင်ပြေနိုင်တဲ့ အနေအထား လုပ်ရင်တော့ ကောင်းတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း မြို့ပြအင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီး လုပ်ခိုင်းလို့ရတဲ့ အဆင့်အထိ မလုပ်နိုင်တော့ ကျွန်တော်တို့ လိုလားတာကတော့ မသန်စွမ်းတွေ အတွက်လည်း ထည့်သွင်းစဉ်းစားပေးဖို့ ပြောချင်တာပေါ့။ နောက်ပိုင်း အဆောက်အအုံသစ်တွေမှာ ထည့်သွင်းစဉ်းစားပေးဖို့ လိုလားတာပါ”လို့ ဆိုပါတယ်။
မသန်စွမ်းတွေ အနေနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ဆက်လက်ရှိနေဦးမှာ ဖြစ်တာကြောင့် အစိုးရအနေနဲ့လည်း အလေးပေးစဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်ပြီး မသန်စွမ်းအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမှုအပိုင်း အားနည်းနေသေးတဲ့အပေါ်ဦးဂမ်ဖန်က အခုလို ဆက်လက်ပြောပါတယ်။
“မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေသက်ရောက်မှု ရှိလာရင်တော့ စဉ်းစားပေးလာကြမှာပါ။ အခုကတော့ ဥပဒေတွေက စာမျက်နှာထက်မှာပဲ ရှိနေကြတယ်။ အထက်က ပေါ်လစီ ရေးဆွဲသူတွေဖက်က အဆင်ပြေပြီလို့ ပြောပေမယ့် အောက်ခြေမှာ ထိရောက်မှု မရှိတာမျိုး၊ ဥပဒေ စိုးမိုးမှုတွေ လိုအပ်နေတယ်။ အချိန်တစ်ခုတော့ လိုလိမ့်ဦးမယ်”လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ (၉)သိန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်ကာယ၊ အမြင်၊ အကြားနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ ဆိုပြီး နိုင်ငံတော်ကနေ မသန်စွမ်းအမျိုးအစား သတ်မှတ်ထားပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်းက အများသုံးအိမ်သာအများစုဟာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားထားတဲ့ အပိုင်း မရှိသေးတာအပြင် ဌာနဆိုင်ရာ အဆောက်အအုံအများစုမှာလည်း မသန်စွမ်းသူတွေ လွတ်လပ်စွာ သွားလာနိုင်တဲ့ အသွားလမ်းတွေ ထည့်သွင်းပေးထားတာမျိုး မရှိသေးတာလည်း တွေ့ရပါတယ်။







