မိုးညှင်းမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ရာမှာ အုပ်ချုပ်ရေးမှူးရဲ့အမျိုးတွေ မပါဝင်တာကြောင့် ရွာသားများက အုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းရိုက်နှက်

17

 

မတ်၊၂၁

ကချင်ပြည်နယ်၊မိုးညှင်းမြို့၊ ဇောတိကုန်း(ဘောဓိ)ကျေးရွာမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွှေးချယ်တဲ့အချိန် အုပ်ချုပ်ရေးမှူးရဲ့အမျိုးတွေ မပါဝင်တာကြောင့် ရွာသားတွေက အုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဟာ တစ်အိမ်တစ်ယောက် နာမည်စာရင်းကောက်ပြီးတော့ မတ်လ ၂၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ်တဲ့အချိန် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီမှာ မဲစနစ်နဲ့ စစ်သားလုပ်ဖို့အတွက် မဲထည့်၊ မဲနှိုက်ခိုင်းတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးတွေက မပါတဲ့အတွက် သူတို့အချင်းချင်း ငြင်းခုံကြပြီးနောက် ရိုက်နှက်ကြတာတဲ့။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူးကို ဝိုင်းရိုက်ကြတာတဲ့။လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါဖြစ်စဉ်ကြောင့် အစည်းအဝေးလည်း ပျက်သွားခဲ့ရပြီး အုပ်ချုပ်ရေးမှူးကတော့ ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာရရှိခဲ့သလဲဆိုတာ မသိရှိရဘူးလို့ ဆိုပါတယ်။

အစည်းဝေးပြုလုပ်ချိန် အနှောက်အယှက်မရှိစေဖို့ ရုံးခြံဝင်းအပြင်ဘက်မှာ စစ်သားနဲ့ရဲတွေ လုံခြုံရေးယူထားကြားက အခုလိုရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ရွာသားတွေကိုတော့ ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

အဲဒီကျေးရွာဟာ ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၁,၀၀၀ ကျော်လောက်နေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မိုညှင်းဘူတာအနောက်ဖက် ဟဲလုံကျေးရွာသွားတဲ့ လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး မတ်လ လဆန်းပိုင်းလောက်ကတည်းက နိုင်ငံအနှံ့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေပါမကျန် စစ်မှုထမ်းဖို့ ဆင့်ခေါ်နေပြီးတော့ ကချင်ပြည်နယ်မှာလည်း ခရိုင်မြို့တွေက ရပ်ကွက်/ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေပါတယ်။

စစ်မှုထမ်းဖို့အတွက် အကျုံးဝင်သူတွေကတော့ အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်းဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အသက် ၃၀ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ခေါ်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုခေါ်ယူရာမှာ တစ်ရပ်ကွက်ကို အယောက် ၂၀ စီ မဲစနစ်နဲ့ ခေါ်ယူသွားမှာဖြစ်ကြောင်း တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ယူ ဆွေးနွေးမှုတွေကို ရပ်ကွက်၊ ကျေးရွာအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံလုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ခံပေးသွင်းနေတဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ ရှိနေသလို ဒီလိုစာရင်းကောက်ခံတာတွေ မပြုလုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနေတာလည်း အများအပြား ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here