ဧပြီ ၂
မိုးညှင်းမြို့၏ အရှေ့ဘက် ထန်းတပင်ကျေးရွာနှင့် လေးမိုင်ခန့်ကွာဝေးသော ကျောက်ဖြူတောင်ပေါ်သို့ သွားရာတောလမ်း၌ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ထောင်ထားသောမိုင်းကို တက်နင်းမိသည့် ထန်းတပင်ကျေးရွာသားနှစ်ဦးအနက် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြူတောင်ထိပ်သို့ ဟင်းပြင်းသီးရှာရန် ဒေသခံလေးဦးသွားရောက်ကြခြင်းဖြစ်ကာ တောင်ခြေတွင် ဆိုင်ကယ်များကိုထားခဲ့ပြီး ကိုလှမင်းကရှေ့ဆုံးမှ လမ်းလျှောက်၍ သေဆုံးသူဦးစိုးဝင်းက ဒုတိယ၊ ကိုမင်းဇော်နှင့် ကိုဌေးအောင်တို့က ကိုစိုးဝင်းနောက်မှ တန်းစီးလမ်းလျှောက်သွားကြစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလေးဦးအနက် ဦးစိုးဝင်း( အသက် ၃၆ နှစ်)ဆိုသူတွင် ဘယ်ဘက်ဒူးခေါင်း၊ ၀မ်းဗိုက်နှင့် လည်ဂုတ်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးပြီးကိုလှမင်း (၂၃ နှစ်)တွင် ညာဘက်ခြေထောက် ဒူးအောက်ပိုင်းပေါက်ထွက်ဒဏ်ရာ နှစ်ချက်နှင့် ဘယ်ဘက်ခြေထောက်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ရရှိခဲ့သဖြင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံယူနေရကြောင်းသိရသည်။
“သူတို့ လေးယောက်စလုံး မနက် ၁၀ နာရီကတည်းက ဟင်းပြင်းသီးရှာဖို့ ကျောက်ဖြူတောင်ဘက်ကို ထွက်သွားကြတာ၊ ကျွန်မရဲ့အမျိုးသား ကိုစိုးဝင်းက လူအများသွားလာတဲ့လမ်းပေါ်မှာ ထောင်ထားတဲ့ မိုင်းကိုတက်နင်းမိတယ်ဆိုပြီး ဖုန်းဝင်လာလို့သိရတယ်” ဟု သေဆုံးခဲ့သူဦးစိုးဝင်း၏ ဇနီး မနှင်းဖြူအေးက ပြောသည်။
အသက် ၃၉ နှစ်ရှိ ကိုမင်းဇော်နှင့် အသက် ၃၆ နှစ်အရွယ်ကိုဌေးအောင်တို့နှစ်ဦးမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြကြောင်းသိရသည်။
ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျောက်ဖြူတောင်ပေါ်သို့ မည်သည့်ရွာသားမျှတက်ရောက်ခြင်း မပြုရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ တားမြစ်သွားမည်ဟု မိုးညှင်းမြို့မရဲစခန်းမှ ရဲအုပ်သန်းဝေက ပြောသည်။
ထွန်းထွန်း (မိုးညှင်း)







