ဇူလိုင်၊၁
မြစ်ကြီးနားမြို့က ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ကူညီရေးလုပ်ရာမှာ ကယ်ဆယ်ရေးပစ္စည်း မပြည့်စုံ မလုံလောက်တဲ့အပြင် စက်လှေတွေလည်း ဓာတ်ဆီမဖြည့်နိုင်တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေဆီက သိရပါတယ်။
ကယ်ဆယ်ရေးစက်လှေတွေ အသုံးပြုဖို့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပြီး လိုသလိုဝယ်ယူလို့ မရနိုင်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်နေတဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်
“ပြောမယ်ဆိုရင် ကယ်ဆယ်ရေးပစ္စည်း မပြည့်စုံတာလည်း ပါမယ်ပေါ့ဗျာ။ အသက်ကယ်အင်္ကျီလေးတွေ အသက်ကယ် ပစ္စည်းတွေ မစုံတာလည်း ပါမယ်။ အခုက မြစ်ကြီးနားမြို့က ရေကတော်တော်လေးကို လွှမ်းမိုးလာတဲ့အခါကြတော့ ဦးတို့လည်း မနိုင်ဘူး။ စက်လှေတစ်စီးတော့ ပြန်ပြီးစီစဉ်နေတယ်။ စက်သုံးဆီ ဈေးကတော့ ခေါင်ခိုက်နေတာပဲ။“ လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
စက်သုံံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် တချို့ ဆီပန့်ဆိုင်တွေလည်း ရေဝင်ပြီး ရောင်းချခြင်းမရှိဘဲ ပိတ်ထားရတာကြောင့် စက်သုံးဆီတွေ ရောင်းပေးကြဖို့ လူမှုကွန်ရက်စာမျက်နှာ(Facebook)ပေါ်မှာ တောင်းဆိုထားကြတာလည်း တွေ့နေရပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့ စက်သုံးဆီဝယ်လို့ရတဲ့ နေရာတွေမှာ တစ်လီတာကို တစ်သောင်းကျပ်လောက်အထိ ဈေးရှိနေတယ်လို့လည်း မြစ်ကြီးနားမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရသိရပြီး အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မြစ်ရေကြီးလာတာနဲ့အမျှ ရေစီးနှုန်းတွေလည်း ကြမ်းတဲ့အတွက် စက်လှေတွေထွက်ဖို့ အခက်အခဲရှိနေကြပြီး ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အများအပြား လိုနေတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ နေ့လယ်အချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်အမှတ်အထက် ၅ပေခန့်(၁၅၂ စင်တီမီတာ)ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ၂ ပေလောက် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က ဇွန်လ ၃၀ ရက်နေ့ ညကနေ ဧရာဝတီမြစ်ရေ စတက်လာပြီး စိုးရိမ်အမှတ်ကို ကျော်လွန်လာတဲ့အတွက် မြစ်ကြီးနားမြို့က ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူထောင်ချီ ပိတ်မိနေပြီး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။







