မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံ မြောက်ရပ်ကွက်မှ မိသားစု တစ်စု မဲပေးခွင့် ဆုံးရှုံးခဲ့ရ

1032

နိုဝင်ဘာ(၈)

မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံမြောက်ရပ်ကွက်တွင် နေထိုင်သည့် ဦးဘရန်အောင်မိသားစု (၄) ဦးမှာ ပထမကြိမ် မဲစာရင်းတွင် မပါခဲ့ခြင်းကြောင့် ပုံစံ ဖြည့်ထားခဲ့သော်လည်း မဲထည့်ခွင့် ဆုံးရှုံးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

အထက်ပါ မိသားစုများက (၂)ပတ်ကြိုပြီး မဲစာရင်းသွားကြည့်စဉ် ၎င်းတို့မဲစာရင်းနေရာတွင် မဲစာရင်းစာရွက် ပြဲနေခြင်းကြောင့် မဲစာရင်းလက်ခံသူကို ဖုန်းဆက်မေးကြည့်ခဲ့တယ်လို့ မိသားစုဝင် ဒေါ်ဂျာခန်းက ပြောတယ်။

ပထမအကြိမ် မဲစာရင်းတွင် မပါခြင်းကြောင့် နောက်တိုးဖြင့် မိသားစု (၅) ယောက်မှ ပုံစံဖြည့် တင်ထားခဲ့ပြီး အောက်တိုဘာလ (၂၈)နေ့က မဲစာရင်းသွားကြည့်ချိန် မဲစာရင်းများသိမ်းသည့်အချိန်ဖြစ်နေခြင်းကြောင့် သက်ဆိုင်သူကို ဖုန်းဆက်ခဲ့ကြောင်းလည်း ဒေါ်ဂျာခန်းက ပြောသည်။

ထို့နောက် မိသားစုငါးဦးအနက် (၁) ဦးသာမဲပေးခွင့်ရရှိခဲ့ပြီး (၄) ဦးမှာ မဲပေးခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ဖုန်းဖြင့်ဆက်သွယ်ခဲ့စဉ် “မဲစာရင်းပါမှာပါ ဘာမှစိတ်မပူနဲ့ လို့ပြောခဲ့တယ်ဆိုတော့အေးဆေးနေခဲ့တာ။ ဒီမနက်က အစောကြီးသွားကြည့်တော့ မဲစာရင်းမှာ မပါဘူးဖြစ်နေတာ။ ဒါကြောင့် ဒီမနက်ကနေ မိတ္တူကူးထောက်ခံစာ ယူတာတွေယူပြီး မဲပေးဖို့လုပ်နေတဲ့အချိန် မထည့်ရတော့ဘူး ထောက်ခံစာနဲ့မရဘူးလို့ မထည့်ခိုင်တော့ဘူး။ ရှေ့မှာတစ်ယောက်တော့ ထောက်ခံစာနဲ့ ထည့်လို့ရသွား ကျွန်မတို့ မိသားစုက မထည့်လိုက်ရဘူး” လို့ ဒေါ်ဂျာခန်းက ဆိုသည်။
တပ်ကုန်းမဲရုံ (၂၉) မှ တာဝန်ရှိများကလည်း ယခင်ကတည်းက မဲစာရင်းမပါခဲ့ခြင်းကြောင့် ထောက်ခံစာဖြင့် မဲထည့်ခွင့်မရခဲ့ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

“ထောက်ခံစာနဲ့ မရဘူးဆိုရင်လည်း ကျွန်တော်သားတစ်ယောက်က ထောက်ခံစာနဲ့ မဲထည့်လို့ရခဲ့တာ သူကအရင်ထည့်လိုက်တာ ပြီးတော့မှ သူတို့က အချိန်ကိုကြည့်ပြီး မထည့်ခိုင်းတော့ဘူး” လို့ မဲမထည့်ခဲ့သည့် အိမ်ထောင်ဦးစီး ဦးဘရန်အောင်က ပြောသည်။

တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်မှ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ပြည်သူလူထုများ ဆူပူမှုမဖြစ်ရအောင် အခွင့်အရေးမဆုံးရှုံးအောင် ရပ်ကွက်နေထိုင်သူ အိမ်ထောင်စုမူရင်း ပုံစံ (၆၆)ရှိသည့်အပြင် မှတ်ပုံတင်လည်းရှိခြင်းကြောင့် မဲရုံမှူးအနေနှင့် ပေးခွင့်ပြုခဲ့ခြင်းကို မတားမြစ်ခဲ့ကြောင်းလည်း သိရသည်။

“လေးယောက်ကမပါတာလား။ အဲလူတွေက ကျွန်တော့်ထောက်ခံစာနဲ့ဆိုတော့ အိမ်ထောင်စုမိတ္တူတွေလည်း မှတ်ပုံတင်မိတ္တူတွေလဲတွဲပေးတယ်ဆိုတော့ မဲရုံမှူးတွေလဲ အုပ်ချုပ်ရေးမှူးထောက်ခံထားတယ်ဆိုတော့ ခွင့်ပြုလိုက်တာပါ့ဗျာ။ ဒါပေမယ့်ကျန်တဲ့လူတွေ မပေးလိုက်ရတာက အဲမှာ စောင့်ကြည့်တွေရှိတယ်ဗျ။ ပါတီပေါင်းစုံစောင့်ကြည့်တွေလေ ။အဲပါတီပေါင်းစုံကစောင့်ကြည့်တွေက သူတို့ကတားမြစ်လိုက်တာပေါ့။ ဒါဥပဒေနဲ့မညီဘူး မထည့်နဲ့ပေါ့ဆိုတော့ သူတို့လည်းမထည့်ရဘူးပေါ့ဗျာ။ ဒီလိုပါပဲ အဲတစ်ယောက်က ဘာဖြစ်လို့ထည့်ရသလဲဆိုတော့ ပထမလူကိုတော့ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာပါတဲ့အတွက်ကြောင့်ရတယ်။ မဲရုံမှူးကလည်းဒါက ဖြစ်သင့်ပါတယ်လေဆိုပြီးတော့မှ ဆင်ခြင်ထုံတရားနဲ့ပေါ့။ သူလည်း သနားလို့ ခွင့်ပြုလိုက်တာနေမှာ နောက်လူတွေလဲ သူခွင့်ပြုဖို့တော့ သူ့ဆီမှာ အစီအစဉ်ရှိတယ် ဒါမယ့် စောင့်ကြည့် အဖွဲ့တွေတားလိုက်တာပေါ့ တားလိုက်တော့သူကလည်းကြောက်ပြီးတော့မှ မထည့်ခိုင်းတော့တာပေါ့ ဒါပါပဲ။” လို့ ပြောသည်။

အုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲမဝင်ခင် ပါတီအကြီးများ၏ သဘောထားမှတ်ချက်နှင့် ပေးသင့်/မသင့်ကို ညှိနှိုင်းခဲ့ပြီး ၎င်းသည်သဘောရိုးနှင့် သဘောထားမှတ်ချက်ယူ လုပ်ပေးခြင်းဖြစ်သည့် အကြောင်း ဦးဘောက်နော်က ဆိုသည်။

လဖိုင်လု၊ နူးမိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here