မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ်(Passport)ရုံးမှာ သင်္ကြန်ကာလနောက်ပိုင်းကစပြီး စမတ်ကတ်(Smart Card) နဲ့ လာရောက်လျှောက်ထားမှပဲ စာအုပ်ပြုလုပ်ပေးတော့မယ်လို့ဆို

23
ဓါတ်ပုံ- နိုင်ငံကူးလက်မှတ်စာအုပ် ရရှိရန် မြစ်ကြီးနားရုံးအနီး တန်းစီစောင့်ဆိုင်းနေစဉ်။

 

ဧပြီ၊ ၃

မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ်(Passport)ထုတ်ပေးရေးရုံးမှာ လက်မှတ်လျှောက်လိုသူတွေအနေနဲ့ သင်္ကြန်ကာလနောက်ပိုင်းကစပြီး စမတ်ကတ်(Smart Card) နဲ့ လာရောက်လျှောက်ထားမှပဲ စာအုပ်ပြုလုပ်ပေးတော့မှာ ဖြစ်တယ်လို့ လက်မှတ်လျှောက်ထားသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သင်္ကြန်နောက်ပိုင်းမှ အလှည့်ကျမယ့်သူတွေကစပြီး စမတ်ကတ်ပါမှ လုပ်ပေးမယ်လို့ နိုင်ငံကူးလက်မှတ်ရုံးကနေ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က ပြောဆိုထားကြောင်း လက်မှတ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

စမတ်ကတ်ပါမှ လုပ်ပေးကြတာဟုတ်တယ်။ စမတ်ကတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စု အဲဒီသုံးမျိုးပဲလိုတယ်။ တခြားထောက်ခံစာတွေ မလိုတော့ဘူး။”လို့ ဆိုပါတယ်။

စမတ်ကတ်ပြုလုပ်လိုသူတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)မှာ မိမိရဲ့ မှတ်ပုံတင်ကိုင်ဆောင်ပြီး သွားရောက်လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စမတ်ကတ်ကို မိမိလက်ရှိအသုံးပြုနေတဲ့ မှတ်ပုံတင်ပါအချက်အလက်အပြင် လက်ဗွေရာနဲ့ မျက်ကြည်လွှာကို ထပ်မံထည့်သွင်းပြီး ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားတဲ့ ဦးရေဟာ လွန်ခဲ့တဲ့နှစ်တွေထက်ပိုပြီး များလာတယ်လို့ သိရပါတယ်။

နေ့စဉ်လူရာချီတဲ့ လူငယ်အများစုဟာ တန်းစီပြီး နိုင်ငံကူးလက်မှတ်တွေကို သွားရောက်လျှောက်ထားနေကြတယ်လို့လည်း သိရပါတယ်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ရက်ချိန်း တိုကင်ကတ်ကို သွားရောက်တန်းစီ ကြိုယူထားကြရပြီး ဒီနှစ်ကုန်ပိုင်းအထိ တိုကင်ကတ်(ရက်ချိန်း)ပြည့်သွားပြီလို့ ပြောဆိုမှုတွေရှိနေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကနေ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုအချိန် နိုင်ငံကူးလက်မှတ်လုပ်ခွင့်ရရှိသူတွေကတော့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက တန်းစီပြီး တိုကင်ကတ်တွေကို ကြိုတင်ရရှိထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်စာအုပ်ကိုတော့ လျှောက်ထားတဲ့နေ့ကနေ တစ်လအတွင်းမှာ ကုန်ကျငွေ ၅,၀၀၀၀ ကျပ် ဝန်းကျင်လောက်နဲ့ ရရှိနိုင်ကြပေမဲ့ ရက်ပိုင်းအတွင်းလိုချင်ခဲ့ရင် ကျပ်သိန်း ၁၀ ချီပေးပြီး ပြုလုပ်တာတွေရှိတယ်လို့လည်း ရုံးဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။

အာဏာမသိမ်းခင်ကတော့ ရက်ပိုင်းနဲ့(လူတန်းစီစရာမလို) ရရှိခဲ့တဲ့ နိုင်ငံကူးလက်မှတ် စာအုပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာသူတွေများလာကြောင့် တန်းစီပြီး တိုကင်စနစ်နဲ့ ရက်ချိန်းယူပြုလုပ်နေရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ လူငယ်တွေ တော်တော်များများဟာ အရင်တုန်းက မလေးရှာနိုင်ငံဘက်ကို အသွားများကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထိုင်ဝမ်နဲ့ ဂျာပန်နိုင်ငံကို သွားကြတဲ့ သူတွေများတယ်လို့လည်း နိုင်ငံကူးလက်မှတ်ရရှိအောင် ကူညီဆောင်ရွက်ပေးတဲ့သူဆီက သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here