မြစ်ကြီးနားဧရာဝတီမြစ်ရေဟာ အမြင့်ဆုံး ၁,၄၅၀ စင်တီမီတာအထိ စံချိန်တင်ရောက်ရှိနိုင်

257

 

ဇူလိုင်၊ ၁

မြစ်ကြီးနားဧရာဝတီမြစ်ရေဟာ အမြင့်ဆုံး ၁,၄၅၀ စင်တီမီတာအထိ စံချိန်တင် ရောက်ရှိနိုင်တယ်လို့ သုံးသပ်ထားတာကြောင့် မြစ်ရိုးတစ်လျှောက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ မြစ်ရေမရောက်ရှိခင် ကြိုတင်ပြင်ဆင်ထားကြဖို့ ပြည်နယ်မိုးဇလ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ မြစ်ကြီးနားမြို့ရေကြီးခဲ့စဉ်က မြစ်ရေအမှတ် ၁,၄၀၈ စင်တီမီအထိ ရောက်ရှိခဲ့ပြီးတော့ အခုတစ်ခါမှာတော့ ၁,၄၅၀ အထိ စံချိန်တင်ရောက်ရှိနိုင်တယ်လို့ ဦးနိုင်လင်းထွေးက ခန့်မှန်းရရှိချက်ကို အသိပေးထားတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂,၀၀ ဖြစ်ပြီး ဒီကနေ့နေ့လယ် ၃ နာရီခွဲ အချိန်ထိ တိုင်းတာချက်အရတော့ စိုးရိမ်ရေအမှတ်ထက် ၅ ပေခွဲခန့်(၁၅၂ စင်တီမီတာ) ၁,၃၆၈ စင်တာမီတာအထိ ကျော်လွန်ရောက်ရှိနေပြီးတော့ ရေတက်နှုန်းကတော့ တစ်နာရီကို ၃ လက်မ( ၈ စင်တာမီတာ) ဖြစ်ကြောင်း တိုင်းတာထားတာကိုလည်း တွေ့ရပါတယ်။

မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ၁၉၇၉ ၊ ၁၉၉၇ ၊၂၀၀၄ ခုနှစ်တွေမှာ မြို့တွင်းရေကြီးရေလျှံ ဖြစ်ပွားခဲ့ဖူးပါတယ်။

၁၉၇၉ ခုနှစ်က ဧရာဝတီမြစ်ရေမြင့်တက်မှုမှာ ၁,၄၁၃ စင်တီမီတာ ၊၁၉၉၇ ခုနှစ်မှာ ၁,၄၁၁ စင်တီမီတာ နဲ့ ၂၀၀၄ ခုနှစ်မှာတော့ ၁,၄၀၇ စင်တီမီတာနဲ့ အမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ရေတက်တာကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၂၀ လောက်မှာ ရေဝင်နေပြီးတော့ ပိတ်မိနေတဲ့ ပြည်သူထောင်နဲ့ချီ အရေးပေါ်အကူအညီတွေ လိုအပ်နေတာဖြစ်တယ်။

ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးပစ္စည်းတွေလည်း အများအပြားလိုအပ်နေပြီး ကယ်ဆယ်ရေးလှေတွေလည်း အများအပြားလိုအပ် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here