မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတင်ကားတွေ သွားလာနေပေမဲ့ လုံရှာယန်ကျေးရွာမှာ မရပ်တာကြောင့် ကုန်ဈေးနှုန်း ကျဆင်းခြင်းမရှိသေး

244

 

ဇွန်၊၂၈

မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတင်ကားတွေ အကန့်အသတ်နဲ့ အသွားအလာ လုပ်နေပြီ ဖြစ်ပေမယ့် လုံရှာယန်ကျေးရွာအတွင်း ကားရပ်နားတာ မရှိသေးတာကြောင့် ကုန်ခြောက်ပစ္စည်းတွေ ဈေးနှုန်းသိသိသာသာ ကျဆင်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ပူတာအိုမြို့မရောက်ခင် ၂၂ မိုင်ကွာဝေးတဲ့ လုံရှာယန်ကျေးရွာအတွင်းမှာ မြစ်ကြီးနားကနေ ပူတာအိုမြို့ဘက် တက်တဲ့ကားတွေ လက်ရှိအချိန်အထိ ရပ်နားတာမျိုး မရှိသေးတဲ့အတွက် ရွာအတွင်း ကုန်ပစ္စည်းတွေ ဈေးကျသွားတာမျိုး မရှိသေးသလို တစ်ချို့ ကုန်တွေဟာ ပြတ်လပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ဆီ၊ ဒီဇယ် ဈေးကျလာတာကလွဲရင် အခြေခံစားသောက်ကုန်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကတော့ ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်တယ်လို့ လုံရှာယန် ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ကုန်ဈေးနှုန်းတွေကတော့ အရမ်းကျတာ မရှိဘူး။ ဓာတ်ဆီ၊ ဒီဇယ်လောက်ပဲ ဈေးကျတယ်။ သဇင်မုန့် တစ်ထုပ်ကို ငါးထောင် ရှိတယ်။ ကုန်တွေလည်း တစ်ချို့ ပြတ်နေတယ်လို့ ပြောပါတယ်။

အရင်က စက်သုံးဆီပြတ်လပ်တဲ့အထိ အခက်ကြုံခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ဓာတ်ဆီတစ်ပုလင်းကို ကျပ်ရှစ်ထောင်ဝန်းကျင်နဲ့ ဝယ်ယူလို့ ရနေပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ရွာအတွင်း ကြက်သွန်နီ/ဖြူတွေ ပြတ်လပ်နေတဲ့အပြင် ဆန်တစ်အိတ်ကို ကျပ်သုံးသိန်းနီးပါး ဈေးပေါက်နေပြီးတော့ အိုင်အိုဒင်းဆားတစ်ထုပ်ကို ငါးထောင်ကျပ်၊ ရွှေဝါဆပ်ပြာတစ်တောင့် ကျပ်သုံးထောင်ကျော်၊ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ် ကျပ်နှစ်ထောင်ကျော်နဲ့ အရင်က ငါးရာကျပ်သာရှိတဲ့ ရေမွှေးဆပ်ပြာခဲ အသေးဟာလည်း နှစ်ထောင်ကျပ်အထိ ဈေးတက်နေတယ်လို့ အထက်ပါ ဒေသခံဆီကနေ သိရတာပါ။

လာမယ့် ဇူလိုင်လ ပထမအပတ်ထဲမှာတော့ လုံရှာယန်ကျေးရွာအတွင်း ကုန်ပစ္စည်းတင်ကားတွေ ရပ်နားဖို့ ရှိတယ်လို့ ကြားသိရတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်တီတို့ မတ်လ ပထမအပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာပါ။

ဇွန်လ ၈ရက်နေ့ ညနေပိုင်းမှာတော့ စစ်ရေးအခြေအနေကြောင့် သုံးလနီးပါးပိတ်ထားလိုက်ရတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့ နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့ စစ်ကောင်စီ) က ပထမအသုတ်အဖြစ် ကားတွေကို တက်ခွင့်ပြုပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းကနေ နှစ်ဖက်တပ်ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ တင်ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားပြီး ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီးမှသာ တစ်ဖွဲ့ကို ကား ၇စီးစီနဲ့ တစ်သုတ်ပြီးတစ်သုတ် ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here