မြစ်ကြီးနား-ဖားကန့်လမ်း နန့်ယားကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ထားပြီး စစ်ကောင်စီပူးပေါင်းတပ်သား ၃၇ ဦး ဖမ်းဆီးရမိ

15

 

ဧပြီ၊၁၁

နန့်ယားကျေးရွာက စစ်ကောင်စီ ခမရ (၁၂၀)တပ်စခန်းကို ဒီကမနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၃၇ ဦး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းက နန့်ယားကျေးရွာမှာ အခြေချထားတဲ့ အထက်ပါတပ်စခန်းက တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့စစ် အယောက် ၃၀ နဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ကို ဖမ်းမိခဲ့ပြီး တစ်ချို့ကတော့ ကာမိုင်းမြို့ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြည်သူ့စစ် အယောက်၃၀ ဖမ်းမိတယ်။ စစ်ကောင်စီတပ်သားက ၇ယောက် ဖမ်းမိတယ်။ တပ်ရင်းမှူး ဇေယျာလင်းနဲ့အတူ အယောက် ၂၀ ကျော်က ထွက်ပြေးသွားတယ်။ ကားမိုင်ဘက် ရောက်သွားပြီ။လို့ အထက်အမျိုးသားက ပြောပါတယ်။

အရင်အချိန်တွေက ဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က တိုက်ပွဲတွေမှာ ဖားကန့်တပ်မကုန်းနဲ့ ကံဆီးဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေ ရှိခဲ့ပေမဲ့ နန့်ယားစခန်းတိုက်တဲ့အချိန်မှာ ပစ်ကူတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်ခွာသွားတဲ့ နန့်ယားစခန်းကို KIAပူးပေါင်းတပ်တွေ မီးရှို့ ဖျက်ဆီးလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီခွဲလောက်က နန့်ယားစစ်ကောင်စီတပ်က အလံဖြူထောင်ပြီး ၇ နာရီခန့်လောက်မှာ အကုန် ထွက်သွားကြတာဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း စစ်ကောင်စီတပ်က လေယာဉ်တစ်စင်းနဲ့ ဗုံးလာကြဲတဲ့အချိန် နန့်ယားဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပေမဲ့မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့ကစပြီး နန့်ယားကျေးရွာက စစ်ကောင်စီ ခမရ-၁၂၀ ကို KIA ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ(စစ်ကိုင်းအစပ်)မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေလည်း နီးစပ်ရာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဖားကန့်ဒေသကိုဝင်တဲ့ အဓိကလမ်းတွေဖြစ်တဲ့ အထက်ပါ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်တိန်းတပ်စခန်းအပြင် တာခန်ကျေးရွာလမ်းနဲ့ ဝှေခါလမ်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က တိုက်ပွဲတွေမှာလည်း ဒီကနေ့အထိ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၆၀ လောက်ကို KIA က သိမ်းပိုက်ထားပြီးပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here