မြန်မာပြည် မြောက်ဖျားဘက်မှ တောင်ဘက်ဖျားထိ စက်ဘီးစီးခရီးနှင်နေသူ ဝင်းကိုကို

1930

ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရက်တောင်ကို ပထမဆုံး အောင်မြင်စွာတက်ရောက်နိုင်ခဲ့သူ ကိုဝင်းကိုကိုသည် မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသမှ တောင်ဘက်ပိုင်းကော့သောင်းမြို့အထိ စက်ဘီးစီး ခရီးနှင်နေပါသည်။ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသရှိ ထိပ်ဆုံးရွာတစ်ရွာဖြစ်သည့် မဒိန်ကျေးရွာမှ ဇန်နဝါရီ လ ၁ ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မြစ်ကြီးနားသို့ ဖေဖော်ဝါရီ ၈ ရက်နေ့ ရောက်ရှိလာခဲ့သော ကိုဝင်းကိုကို ကို မြစ်ကြီးနားသတင်း ဂျာနယ်မှယခု ခရီးစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါသည်။

အစ်ကို့ရဲ့ မြန်မာပြည်မြောက်ဖျားပိုင်း ခရီးစဉ်ကို ပြောပြပေးပါဦး။
ကျွန်တော်က မြန်မာပြည်မြောက်ဖျားက နောက်ဆုံးရွာ၊ နောက်ဘက်စွန်းရွာဖြစ်တဲ့ မဒိန်းရွာကနေ စတယ်ပေါ့။ စစချင်းကတော့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့သွားတယ်။ ပြီးရင် မန္တလေးကနေ ပူတာအိုအထိကို လေယာဉ်နဲ့ ကျွန်တော်က တောင်တက်တဲ့ ပစ္စည်းနဲ့ စက်ဘီးပါလာတယ်။ ပူတာအိုကနေ ပန်နန်းဒင်ကို ကားနဲ့ သွားတယ်။ ပန်နန်းဒင်ကနေ စက်ဘီးဆင်ပြီးတော့နှစ်ရွာကျော်ကျော် အထိ သွားတဲ့အခါ လမ်းက မရတော့ဘူး။ မိုးကျတဲ့အခါ တံတားတွေ ပျက်တယ်။ မြေပြို၊ တောင်ပြိုထားတာတွေနဲ့ ဆိုတော့ ချောက်တွေ ချောင်းတွေ ဖြတ်ရတော့ စက်ဘီးက သယ်လို့ အဆင်မပြေတော့ဘူး။ စက်ဘီးထားခဲ့ပြီးတော့ ခြေလျင်ခရီးကို မြောက်ဖျားအစွန်းဆုံး မဒိန်းကျေးရွာအထိ သွားခဲ့ကြတယ်။ မဒိန်းရွာဆိုတာက တိဗက်လူမျိုးတွေနေထိုင်တဲ့ မြန်မာပြည်မြောက်ဖျား နောက်ဆုံးရွာအထိကို ခြေလျင်ခရီး သွားခဲ့တယ်။ အပြန်မှာ ပန်နန်းဒင်ကနေ စပြီး စက်ဘီးစီးတယ်။ ပန်နန်းဒင်ကနေ ပူတာအို၊ ပူတာအိုကနေ မြစ်ကြီးနားအထိ စက်ဘီးနဲ့ပဲ။

မြစ်ကြီးနားရောက်ပြီ ဆိုတော့ ဘယ်ကို ဆက်ပြီးသွားဖို့ ရှိမလဲခင်ဗျ။
မြစ်ကြီးနားကနေဆိုရင် အင်းတော်ကြီး၊ ဇလုံတောင်တို့ကို ကျည်တောက်ပေါက်တို့ဘက်ကို သွားပြီး မန္တလေးကို ပြန်ဝင်မယ်။ ပြီးရင် စစ်ကိုင်းဘက်ကနေ ပြန်ထွက်ပြီးတော့ ပုဂံ၊ညောင်ဦး၊ ပုပ္ပား ပြီးတော့ မိထ္ထီလာဘက်ကနေ ရှမ်းပြည်ဘက်ကို ပြန်တက်မယ်။ ရှမ်းပြည်ကနေဆိုရင် ကယားပြည်နယ် လွိုင်ကော်သွားမယ်။ ပြီးရင် တောင်ငူကို ပြန်ဆင်းမယ်။ တောင်ငူကနေပြီးမှ တစ်ဆင့် ညောင်လေးပင်၊ အဲ့ဒီကနေ ရန်ကုန်ကို ပြန်ဝင်မယ်။ရန်ကုန်ကနေ ပဲခူးကို ပြန်ထွက်ပြီးတော့ မြန်မာပြည်ရဲ့တောင်ဘက်ပိုင်း ကျိုက်ထို၊ ဘားအံ သွားပြီးရင် တနသာၤရီတိုင်းဘက်၊ ကော့သောင်းဘက်တွေ ဆက်သွားဖို့ ခရီးစဉ်ရှိတယ်။ မြန်မာပြည်မြောက်ဖျားကနေ တောင်ဖျားအထိ ခရီးစဉ်ပေါ့။

ဒီလိုစက်ဘီးနဲ့ခရီးစဉ် သွားရတဲ့ အစ်ကို့ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါဦး။
ရေ၊ မြေ၊ တောတောင် သဘာ၀ အခြေခံအားကစားဖွံ့ဖြိုးဖို့အတွက်ပါ။ ဒီ အားကစားတွေဆိုတာက စက်ဘီးစီးလို့ရမယ့်နေရာ၊ လှေလှော်လို့ရမယ့်နေရာ၊ ကျောက်တွေတက်လို့ရမယ့်နေရာ၊ တခြား ရေ၊ မြေ၊ တောတောင် သဘာ၀ အားကစားတွေ ပြုလုပ်လို့ရမယ့် နေရာတွေကိုမှတ်တမ်းပြုစုတာပါ။ အဲ့ဒီအတွက် ကြောင့် မှတ်တမ်းကောင်းကောင်းတစ်ခု ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာဘယ်နေရာမှာ ဘယ်လို အားကစားတွေ လုပ်လို့ရတယ်။ ခရီးသွားလုပ်ငန်းတွေလည်း ပိုမိုတိုးတက်ဖို့အတွက် ပြီးရင် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်ဖို့၊ စွန့်စားမယ့် ရေ၊မြေ၊ တော၊ တောင် သဘာ၀ အားကစားကို မြန်မာနိုင်ငံမှာ ပြန့်ပွားဖို့ အဓိက ဒီလိုရည်ရွယ်ချက်တွေနဲ့ သွားလာဖြစ်တာပါ။

မြန်မာပြည် မြောက်ဖျားကနေ ဘယ်နေ့ကစပြီး ခရီးနှင်ခဲ့လဲခင်ဗျ။ အစ်ကို တစ်ယောက်တည်းလား။
ပန်နန်းဒင်ကနေ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ထွက်ခဲ့ကြတယ်။ မြစ်ကြီးနားကို ဖေဖော်ဝါရီ ၈ ရက်နေ့ကရောက်တယ်။ ၁၀ ရက်နေ့နောက်ပိုင်း အင်းတော်ကြီးဘက်ကို ပြန်သွားမယ်။ လူဦးရေကတော့ ကျွန်တော်တစ်ယောက်တည်း ပထမက မြောက်ဖျားဘက်ကို သွားတော့ တောင်တက်တဲ့ သူငယ်ချင်း ကျွန်တော်အပါအဝင် ၄ ယောက် အဲ့ ၄ ယောက်မှာ တစ်ယောက်ကတော့ နဂိုကတည်းက စက်ဘီးမစီးဘူး။ တောင်ပဲတက်မယ်ဆိုပြီး ပူတာအိုမှာနေခဲ့တယ်။ ကျန်တဲ့နှစ်ယောက်နဲ့ ကျွန်တော်တို့က ပူတာအိုကနေ စက်ဘီးစီးလာတဲ့အချိန်မှာ လမ်းတွေက တော်တော်ဆိုးတော့။ ဟိုဘက်ကနေ ပူတာအိုကို လာတဲ့လမ်းကလည်း ဆိုးတယ်။ ပူတာအိုကနေ မြစ်ကြီးနားကို လာတဲ့လမ်းကလည်း ဆိုးတော့ တစ်ယောက်ရဲ့ စက်ဘီးက ဂွေလိမ်သွားတယ်။ ဆက်စီးလို့ မရတော့ဘူး။ နောက်တစ်ယောက်ရဲ့ စက်ဘီးကတော့ ပစ္စည်းတွေတင်တဲ့ ကယ်ရီယာပေါ့၊ အဲ့ကောင်က ကျိုးသွားတော့ ပစ္စည်းတင်မရတော့ ပူတာအိုကို ဖုန်းဆက်၊ ကားလာကြိုခိုင်းပြီးတော့ မိုင် ၃၀ လောက်မှာ ပြန်ပြီးခေါက်သွားတယ်။ ကျွန်တော်ကတော့ နဂိုရည်မှန်းချက် ခရီးစဉ်အတိုင်း စက်ဘီးအနေအထား၊ ကိုယ့်ရဲ့ ကျန်းမာရေး အနေအထားအရ ကောင်းလို့ ဆက်ပြီးတော့ ထွက်လာခဲ့တာပေါ့။

လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲခင်ဗျ။
အခက်အခဲတွေကတော့ အမျိုးမျိုးပဲ ခင်ဗျ။ လမ်းတောက်လျှောက်မှာတော့ တစ်မျိုးနဲ့တစ်မျိုး မတူဘူး။ စက်ဘီးနဲ့ တောတောင်တွေမှာ ဖြတ်သန်းရတယ်ဆိုတော့ အခက်အခဲကတော့ ပေါင်းစုံပါပဲ။

အစ်ကို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရေ၊မြေ၊တော၊တောင် သဘာဝအခြေခံ အားကစားအတွက်ရော မြန်မာပြည် မြောက်ဖျားပိုင်းက ကချင်ပြည်နယ်မှာ အားကစားလုပ်လို့ရမယ့် နေရာကောင်းတွေ ရှာတွေ့ခဲ့လား ခင်ဗျ။
အားကစား လုပ်လို့ရတဲ့နေရာတွေ အများကြီးတွေ့ခဲ့ပါတယ်။ ကျွန်တော်က နီပေါ၊ အန္ဒိယ၊ တရုတ်၊ ထိုင်း၊ အဲ့ဒီဘက်တွေ အကုန်လုံးကိုရောက်ဖူးတော့ ဒီမှာ အားကစားလုပ်လို့ရမယ့် နေရာတွေ ဖော်ထုတ်ပေးချင်တာ။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးချင်တာ။ ဆိုတော့ ဒီမှာ လုပ်လို့ရမယ့် အားကစားနေရာတွေ မှတ်တမ်းပြုစုထားတယ်။ အများကြီးပဲ တွေ့ခဲ့တယ်။ ဒီ ဒေသမှာဆိုရင် လှေလှော်လို့ ရမယ်။ စက်ဘီးတွေ စီးလို့ရမယ်။ တောင်တွေ တက်လို့ရတယ်။ ရေခဲတောင်တွေရော အများကြီးပါပဲ၊ တွေ့ခဲ့ပါတယ်ခင်ဗျ။

ဒီ တွေ့ရှိခဲ့တာတွေအတွက် ဘယ်လိုဆက်လုပ်သွားဖို့ ရှိမလဲ။
ကျွန်တော် စာတမ်းပြုစုမယ်။ ပြီးရင် နိုင်ငံတော်ကို တင်ပြမှာ၊ ကျန်တာကတော့ နိုင်ငံတော်ရဲ့ ဖော်ထုတ်တဲ့အပိုင်းပေါ့။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
ကျေးဇူးပါပဲ ခင်ဗျ။

Salai မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here