နေပြည်တော်၊ ဇူလိုင် ၁၉
KIO/KIA ပါဝင်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ဒုတိယနေ့ ညနေပိုင်းတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းအဖွဲ့နှင့်ပတ်သက်၍ သတင်းသမားများ၏ မေးမြန်းမှုတွင် ဦးဇော်ဌေးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီညီလာခံပြီးရင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်၊ ဆွေးနွေးမယ့် အစီအစဉ်တွေလည်း ကျွန်တော်တို့မှာ ရှိတယ်။ အခုအချိန်မှာ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ဆွေးနွေးတာကတော့ ဆက်ပြီးဆွေးနွေးမယ်။ တစ်ဘက်နဲ့တစ်ဘက် အကျေအလည် နားလည်အောင် အလွတ်သဘော တွေ့ဆုံမှုတွေကတော့ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။
မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ အစိုးရ၏ ဖိတ်ကြားမှုဖြင့် တက်ရောက်ခဲ့ပြီး နိုင်ငံတော်၏ အကြီးအကဲခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
မြောက်ပိုင်းအဖွဲ့အနေဖြင့် လက်ရှိအနေအထားတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ရေးထိုးရန် စောသေးကြောင်းနှင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်သွားမည်ဟုလည်း KIO/KIA အဖွဲ့မှ ဗိုလ်ချုပ်ဂွန်မော်ကပြောသည်။
“ခုချိန်မှာတော့ NCA လက်မှတ်ကိုထိုးဖို့မထိုးဖို့ကစောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးပွဲတွေကတော့ သူ့အစီအစဉ်နဲ့သူ စနစ်တကျသွားနေတဲ့ ပင်လုံအစည်းအဝေးလို မဟုတ်ဘဲနဲ့ တခြားအချိန်တစ်ခုမှာ ဆွေးနွေးသင့်တယ်လို့ အပြန်အလှန်ဒီလိုပဲ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းကတော့ သီးသန့်ဆွေးနွေးဖို့ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်၍လာသည့် KIO/KIA အဖွဲ့သည် UWSA ‘ဝ’ အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ MNDAA မိုင်းလား အဖွဲ့တို့နှင့်အတူ ဇူလိုင် ၁၂ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။
UWSA၊ KIA ၊ NDAA၊ SSPP/SSA တို့လေးဖွဲ့သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး AA၊ TNLA ၊ MNDA စသည့်သုံးဖွဲ့က ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်းနှင့် တွေ့ဆုံခဲ့ကြသည်။
၎င်းတို့ မြောက်ပိုင်းအဖွဲ့အနေဖြင့်လည်း မကြာမီအချိန်တွင် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ပြန်လည်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်ဂွန်မော်က သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်က ပြောကြားထားသည်။
“သူတို့ သုံးဖွဲ့ကတော့ နှစ်ယောက်စီ ကျွန်တော်တို့ ကတော့ ကျွန်တော်တစ်ယောက်ပဲ အလွတ်သဘောတွေ့ဆုံတဲ့သဘောမျိုးနဲ့ သွားတွေ့တာဖြစ်ပါတယ် အဓိကတော့ FPNCC ကနေ အရင်တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆက်ပြီး ဆွေးနွေးချင်တဲ့အကြောင်းကို ကျွန်တော်တို့ ပြောပါတယ် အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်းက NCA အပေါ်မှာ ထားရှိတဲ့အချို့သဘောထားတွေကို တင်ပြတာဖြစ်ပါတယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်ကသဘောထား တချို့ကို ပြန်ရှင်းပြပါတယ်။ အဲ့ဒီလောက်ပါပဲ တခြားထွေထွေထူးထူးဆွေးနွေးတာမရှိပါဘူး”ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်း၏ NCA အပေါ် တင်ပြချက်တွင် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်က NCA ကိုပြင်ဆင်ခွင့် နှင့် NCA မှ နုတ်ထွက်ခွင့်ကို စာအားဖြင့် ကတိခံပါက ၀ အဖွဲ့ UWSA အနေဖြင့် လက်မှတ်ရေးထိုးရေးတွင် တက်ကြွစွာ စဉ်းစားမည်ဟု တင်ပြဆွေးနွေးခဲ့သည်။
“ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ NCA သည် ပြင်လို့ရပါတယ်။ သဘောမကျရင် နုတ်ထွက်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ ပြင်လို့မရတဲ့ စာချုပ်ဆိုတာ မရှိဘူး၊ သို့သော် NCA ကို လက်မှတ်အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နှင့် နှုတ်ထွက်ပိုင်ခွင့်ရှိမယ်”ဆိုတဲ့ နောက်ဆုံးသဘောထားအရ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဘက်မှ ဒီသဘောထားကို စာအားဖြင့် ဂတိခံခဲ့ရင် ၀ ပြည်အနေဖြင့် လက်မှတ်ရေးထိုးဖို့ တက်ကြွစွာ စဉ်းစားပေးနိုင်မည်”ဟု ၀ ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယဥက္ကဋ္ဌ၊ ဝပြည်နယ် ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်း၏ ၂၁ ရာစု ပင်လုံညီလာခံသို့ ဆွေးနွေးတင်ပြချက်ပါရှိသည့် စာတမ်းကို ဇူလိုင် ၁၃ ရက်နေ့ကမီဒီယာများသို့ ပေးဝေခဲ့သည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA အားပြုပြင်မှသာလျှင် လက်မှတ်ရေးထိုးနိုင်မည်ဟု ပြောဆိုထားသော်လည်း မြောက်ပိုင်းအဖွဲ့အား NCA စာချုပ်ကို နားလည်သဘောပေါက်လာရေးအတွက် ဆွေးနွေးသွားမည်ဟုလည်း UWSA အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးကပြောသည်။
“NCA မှာက လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အနေနဲ့ ထွက်လို့ရတယ်ဆိုတာ မပါဘူး၊ ထွက်လို့မရဘူးဆိုတာလည်းမပါဘူး ပုဒ်မ ၂၇ အရသဘောတူညီချက်တွင် ဖြစ်လာရင် လက်မှတ်မထိုးရသေးတဲ့အဖွဲ့နဲ့ အစိုးရညှိနှိုင်းပြီးတော့ လုပ်ရမယ်၊ အဲဒါကိုတော့ ကျေကျေလည်လည်ဖြစ်အောင် သူတို့ကို ပြောပြမယ် ရှင်းပြမယ်။ ပုဒ်မ ၂၇ က NCA မှာ လိုအပ်တဲ့အကြောင်းအရာပါရင် ပြင်ဆင်ဖို့ခြွင်းချက်ထားတဲ့ပုဒ်မ”ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ရှင်းပြပြောဆိုခဲ့သည်။ ယခုကဲ့သို့ အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့် ရရှိသည့်အတွက် ကျေနပ်မှုရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ပထမခြေလှမ်းဖြစ်ခဲ့သည်ဟုလည်း ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)မှ ဒုတိယဗိုလ်မှူးကြီးအန်းမေက ပြောသည်။
“ကျွန်တော်တို့ ကျေနပ်မှုတစ်ခုရှိတာတော့ ငြိမ်းချမ်းရေးကော်မရှင်က ကျွန်တော်တို့ၤဏဃြဃ အဖွဲ့အားလုံးကို တရားဝင်တွေ့ဆုံတယ် ဆိုတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ပထမခြေလှမ်းကို ယူလိုက်တယ်လို့ မြင်ပါတယ်။ ပြန်လည် တွေ့ဆုံဖို့ကတော့ နောက်မှ အချိတ်အဆက်လုပ်ပြီး တွေ့ပါ့မယ်”ဟု UWSA မှ ဒုတိယဗှိလ်မှူးကြီး အန်းမေက နေပြည်တော်မှ ပြန်လည်ထွက်ခွာမည့် အချိန် ဇူလိုင် ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုများအပေါ်နှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ဗိုလ်ချုပ်ဂွန်မော်ကပြောဆိုထားခဲ့သော်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ယင်းအပေါ် ဗိုလ်ချုပ်ဂွန်မော်က “ကျွန်တော်တို့က အဖွဲ့ခေါင်းဆောင်တွေ ကျန်းမာရေးမကောင်းလို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အဆင်မပြေဘူး အခုက ၇ ဖွဲ့စလုံးပြန်ပါပြီ။ နောက်ပြန်လာနိုင်ဖို့ ကြိုးစားပါ့မယ်နော် Process က ဆက်ပြီးရှိမှာပါဟု နေပြည်တော်မှ ပြန်လည်ထွက်ခွာမည့်နေ့တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့ဖြင့် ဖွဲ့စည်းထားသည်။
ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ဖြင့် ဖွဲ့စည်းထားပြီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ထာဝရငြိမ်ချမ်းရေး အတွက်သာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုအပိုင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း၏ ပကတိအခြေအနေနှင့် ပိုမိုကိုက်ညီသည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း FPNCC က ဆွေးနွေးတင်ပြထားသည်။
ထို့အပြင် FPNCC သည် စစ်ရေးမဟာမိတ်အဖွဲ့ မဟုတ်ကြောင်း၊ ပြည်ထောင်စုအစိုးရ၊ စစ်ဖက်တို့နှင့် ခုခံတိုက်ခိုက်ရန်မဟုတ်ဘဲ နှစ်ဖက်၏တွေ့ဆုံဆွေးနွေးမှု၊ ယုံကြည်မှုတိုးမြင့်ရန်အတွက်သာ ဖြစ်သည်ဟု ၂၁ ရာစု ပင်လုံညီလာခံ တတိယ အစည်းအဝေး၌ ရက္ခိုင့်တပ်မတော်(AA)မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညှိုထွန်းအောင်က ဆွေးနွေးတင်ပြခဲ့သည်။
Salai







