ယခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတမှုရှိမှာလား

926

၂၀၂၀ -၂၀၂၁ ပညာသင်နှစ်ကို အထက်တန်းကျောင်းများကို A,B,C,D ဆိုပြီးပုံစံ(၄)မျိုးဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ အလုံအလောက်ရှိသော ကျောင်းများကို A အဆင့်အဖြစ် သတ်မှတ်ပြီး ပုံမှန်ကျောင်းတက်ချိန်အတိုင်း ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။ ပြည့်စုံလုံလောက်မှု မရှိ၍ တစ်ပတ်ခြား တက်ရမည့်ကျောင်းများကို B အဆင့်၊ တစ်ပတ်ခြားမက မနက်၊ နေ့လယ် နှစ်သုတ်ခွဲတက်ရမည့် ကျောင်းများကို C အဆင့်၊ တစ်ပတ်ခြားတက်ခြင်း၊ နှစ်သုတ်ခွဲ တက်ရသည့်အပြင် တစ်ပတ်လျှင် (၃) ရက်သာ တက်ရမည့် ကျောင်းများကို D အဆင့် စသဖြင့် ကျောင်းသားများ အတွက် အဆင်ပြေစေရန် အဆင့်ဆင့် ဆောင်ရွက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

A,B,C,D ပုံစံဖြင့် တက်ကြမည့် ကျောင်းသူ/သားများကို ဘယ်လိုပုံစံဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးသွားမှာလဲ။ ကျောင်းသူ/သားများနှင့် ကျောင်းသားမိဘများ သိချင်ကြလိမ့်မည်။

မာရသွန်ပြေးနှုန်းဖြင့် သင်ကြားပို့ချပေး။ သင်ယူကြရမည့် ပညာသင်နှစ်
အထက်တန်းအတွက် ပုံမှန် ကျောင်းချိန်ကာလသည် ဇွန်လမှ မတ်လဆန်းထိဖြစ်သည်။ Covid-19 ကြောင့် ဒီနှစ်သည် တစ်လခွဲနောက်ဆုတ်ပြီး ကျောင်းဖွင့်လှစ်သည့်အတွက် သင်ကြားပို့ချပေးအပ်သော သင်ခန်းစာများအားလုံးကို ပြီးပြတ်အောင် သင်ကြားနိုင်ဖို့ဆိုလျှင် အနည်းဆုံး ၂၀၂၁ ခုနှစ် ဧပြီလကုန်ထိ တက်ရမည့် အခြေအနေရှိသည်။ အကယ်၍ ဧပြီလကုန်ထိမသင်ဘူးဆိုလျှင် သင်ကြားချိန် တစ်လခွဲ လျော့သွားမည်ဖြစ်သည်။ ထို့ပြင် ပုံစံ B,C နှင့် D ဖြင့် ဖွင့်မည့်ကျောင်းများသည် တစ်ပတ်ခြားနှင့် တစ်ပတ် သုံးရက်သာ တက်ရမည်ဖြစ်၍ သင်ကြားပို့ချချိန်။ သင်ယူချိန် ပို၍ လျော့နည်းသွားမည်ဖြစ်သည်။
သင်ခန်းစာများ ပြီးပြတ်အောင် ပုံမှန်နှုန်းထားအတိုင်း သင်ကြားပို့ချပေးဖို့ ဖော်ပြပါ A ပုံစံ ဖြင့် ဖွင့် လှစ်မည့် ကျောင်းများအတွက် ပြဿနာမဟုတ်ပါ။ သို့သော် ပုံစံ B,C,D (အထူးသဖြင့် C နှင့် D) ဖြင့် ဖွင့်လှစ်နေသည့် ကျောင်းများတွင် သင်ခန်းစာများပြီးပြတ်အောင် သင်ကြားပို့ချပေးနိုင်ဖို့ဆိုလျှင် ပုံမှန်နှုန်း ထက်မြန်၍ သင်ကြားမှသာ ပြီးပြတ်နိုင်မည်။ တစ်နည်းအားဖြင့် ပုံစံ B,C နှင့် D ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သားများသည် သင်ခန်းစာများကို ပုံမှန်နှုန်းထက်မြန်ပြီး အလောတကြီး သင်ယူနေကြသည့်သဘော ဖြစ်သည်။

အကယ်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလထိမသင်ဘူးဆိုလျှင် သင်ကြားချိန် တစ်လခွဲ လျော့သွားသည့် အတွက် သင်ခန်းစာများ ပြီးပြတ်အောင် အမြန်နှုန်းဖြင့် သင်ကြားပို့ချပေးရမည်။ ထို့အတူ ကျောင်းသူ/သား များသည်လည်း အမြန်နှုန်းဖြင့် သင်ယူကြရမည်။ ထို့ကြောင့် အရည်အသွေးအားဖြင့် သုံးသပ်ရလျှင် အမြန်နှုန်းဖြင့် သင်ကြား ပို့ချပေးမှု(teaching/ delivery quality)နှင့် လက်ခံနိုင်မှု၊ သင်ယူနိုင်မှု စွမ်းရည် (absorbing capacity) သည် ပုံမှန်ထက်ကျဆင်းသွားမည်မှာ သေချာသည်။

ဆရာ/ဆရာမများ မောပန်း၍ သင်ကြားမှုစွမ်းရည် ကျဆင်းနိုင်
ထို့ပြင် ပုံစံ B,C နှင့် D ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသူ/သားများသည် သင်ကြားပို့ချပေးမည့် ဆရာ/မ များလည်း လုံလောက်မှုမရှိသည့် အကန့်အသတ်များ အောက်၌ ပညာသင်ယူကြရမည့် သဘောရှိသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အခြေခံပညာ အထက်တန်းအဆင့် သင်သည့် အထက်တန်းပြ ဆရာ/မ စုစုပေါင်း ၃၈,၆၄၀ ဦးရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ပြောကြားချက်အရ သိရသည်။ အထက်တန်းပြ ဆရာ/မ ဦးရေး ၁၄,၀၀၀ ယောက် အသစ်ခေါ်ယူရန်ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးကို ကိုးကားပြီး Frontier က ဇွန်လ ၂၁ ရက်နေ့တွင် ဖော်ပြထားသည်။ ပညာရေးဝန်ကြီး၏ စကားကို သံသယရှိသူများလည်းရှိ ကြောင်း Frontier က ဖော်ပြထားသည်။ သို့သော် ဝန်ကြီး၏စကားအရဆိုလျှင် အကြမ်းအားဖြင့် အထက်တန်းပြ ဆရာ/မ ဦးရေ စုစုပေါင်း ၅၂ယ၆၄၀ဦးနှင့် အထက်တန်းကျောင်း စုစုပေါင်း ၅,၆၃၃ ကျောင်းရှိသဖြင့် ပျမ်းမျှအားဖြင့် ကျောင်းတစ်ကျောင်းတွင် ဆရာ/မ (၉)ဦးစီ ရှိသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဒေါ်ဝင်းရီမွန်၏ ပြောပြချက်အရ ကျောင်းသူ/သား ဦးရေ (၄၀၀)ကိုကျန်းမာရေးစီမံချက်နှင့် အညီ အခန်း (၂၀)ခန်း ခွဲပြီး သင်မည်ဆိုလျှင် အနည်းဆုံး ဆရာ/မ ၁၄ ဦး လိုအပ်ကြောင်း Frontier က ဖော်ပြထားသည်။ လိုအပ်သော ဆရာ/မ အရေအတွက် လုံလောက်မှုမရှိလျှင် နှစ်ဆိုင်းသင်ရမည့် ဆရာ/မများ ရှိမည် ဖြစ်သလို တစ်ပတ် (၆)ရက်သင်ခိုင်းရမည့် ဆရာ/မများလည်း ရှိမည်ဖြစ်ကြောင်း ကျောင်းအုပ်များ၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။ ထို့ကြောင့် ဆရာ/မများ မောပန်း၍ ၎င်းတို့၏ သင်ကြား ရေးစွမ်းရည်သည်လည်း အရည်အသွေး ကျဆင်းလာနိုင်သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတဖို့လို
နိုင်ငံ တစ်ဝန်းလုံးတွင် အထက်တန်းကျောင်းပေါင်း ၅,၆၃၃ ကျောင်းရှိကြောင်း ဖော်ပြပြီး ဖြစ်သည်။ ပုံစံ A,B,C,D တို့အနက် A အဆင့်ရှိသော ၆၁၇ ကျောင်း၊ B -၂၄၇၁ ကျောင်း၊ C-၂၄၀၁ ကျောင်းနှင့် D – ၁၄၄ ကျောင်းတို့ရှိကြောင်း သိရသည်။ ထို့ကြောင့် A အဆင့်ရှိကျောင်းသည် စုစုပေါင်း၏ (၁၁)ရာခိုင်နှုန်းခန့် သာ ရှိသဖြင့် (၈၉)ရာခိုင်နှုန်းသောအထက်တန်းကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသူ/သား များသည် သင်ယူမည့်အချိန်ကာလ တိုတောင်းခြင်းနှင့် ပုံမှန်နှုန်းထက်မြန်၍ သင်ယူခြင်း စသဖြင့် အခက်အခဲ၊ အကန့်အသတ်များစွာနဲ့ ပညာဆည်းပူးကြရမည့် သဘောရှိသည်။

ထို့ကြောင့် မတူညီသော ပုံစံကျောင်းများတွင် မတူညီသော အချိန်နှုန်းထား ဖြင့် ပညာသင်ယူကြ သည့် ကျောင်းသူ/သားများကို တူညီသော စာမေးပွဲ (standardized test) ကိုဖြေခိုင်းပြီး အရည်အချင်း စစ်မည်ဆိုလျှင် မျှတမှု မည်သို့မှ မရှိနိုင်ပါ။ ဥပမာ – MMA (သိုင်းပေါင်းစုံ) ဝိတ်တန်းတစ်ခုတွင် အချိန်(၆)လ လေ့ကျင့်ထားသူနှင့် (၃)လသာ လေ့ကျင့်ထားသူ နှစ်ဦးကို ယှဉ်ပြိုင်ထိုးသတ်ခိုင်းမည်ဆိုလျှင် ရလဒ်ကို ကြိုခန့်မှန်းနိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့် (A)ပုံစံဖြင့် ဖွင့်လှစ်သည့် ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သား များသည် ပုံမှန်အနေအထားဖြင့် ပညာသင်ယူနိုင်ကြမည်ဖြစ်၍ ကံကောင်းသည် ဆိုရမည်။ ပုံစံ B,C,D ဖြင့် ဖွင့်လှစ်သည့် ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သားများသည် သင်ယူမည့်အချိန်ကာလ ပို၍တိုတောင်းသည့်အပြင် ပို၍မြန်သောနှုန်းဖြင့် သင်ယူကြရမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မည်သို့ပုံစံဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတစွာစစ်ဆေးသွားမည်နည်း။ ကျောင်းသူ/သားများနှင့် ကျောင်းသားမိဘများ သိချင်ကြလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်သည်။ ။

ယော်ဘောမ် မန်ရှန် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here