ယခုနှစ်အတွင်း ၂၁ ရာစု ပင်လုံအစည်းအဝေး နောက်တစ်ကြိမ်ကျင်းပရန် မသေချာသေးဟုဆို

1598
၂၁ ရာစုပင်လုံ

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံ ကျင်းပရန် ထုတ်ပြန်ထားသော်လည်း လက်ရှိငြိမ်းချမ်းရေး အခြေအနေအရ ကျင်းပရန် မသေချာသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများအဖွဲ့ဝင် ဒေါက်တာတူးဂျာကပြောသည်။

၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ဇူလိုင်လ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ချက်တွင် အစည်းအဝေးများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ် ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် ထုတ်ပြန်ခဲ့သည်။

ယင်းအပေါ် ဒေါက်တာတူးဂျာက “မသေချာသေးဘူး။ ထုတ်ပြန်ထားတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ နောက်ပိုင်းအခြေအနေက အမျိုးမျိုးပြောင်းလဲလာတယ်။ ကျွန်တော်တို့လည်း စိုးရိမ်နေတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာပေါ့။ သူတို့ NRPC က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ချင်းမိုင်မှာ တွေ့ကြဦးမယ်။ အဲ့ဒီမှာ သူတို့ ဘယ်လိုဆွေးနွေးမလဲ၊ အဆင်ပြေမလား၊ အဲ့ဒီအပေါ်မှာ မူတည်တယ်။ သတ်မှတ်ထားတာကတော့ ဒီဇင်ဘာကုန်ပိုင်းမှာ တစ်ခါပေါ့။ ညီလာခံကျင်းပဖို့က…။ ဒါပေမဲ့ လောလောဆယ် အခြေအနေအရဆိုရင်တော့ သိပ့်မသေချာသေးဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးလမ်းစဉ်တွင် ကချင်အမျိုးသားအစည်းအရုံးမှလည်း လတ်တလောကျင်းပ ပြုလုပ်မည့် တရားဝင် အစည်းအဝေးများတက်ရောက်ပါဝင်မှုကို ယာယီဆိုင်းငံထားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

 “KNU က ရပ်နားထားတယ်။ တရားဝင်တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ရပ်နားထားတယ်ဆိုတဲ့ အခါကျတော့ ဘယ်လောက် ကြာကြာရပ်နားထားမလဲပေါ့။ တခြားကျန်တဲ့အဖွဲ့တွေနဲ့ လုပ်လို့ရမလား မရဘူးလား။ ကောင်းမလား။ မကောင်းဘူးလား။ ဒါတွေ သုံးသပ်ကြည့်ရမှာပေါ့။ RCSS ကလည်း အတူတူပါ။ KNU နဲ့ KCSS နှစ်ဖွဲ့ ရှိနေတာပေါ့။ သူတို့ပါဝင်လာဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ လုပ်လို့ရတာပေါ့။ အခုလိုပဲ တင်းမာနေမယ်ဆိုရင်တော့ နည်းနည်းတော့ခက်လိမ့်မယ်ထင်တယ်”ဟု ဒေါက်တာ တူးဂျာက ပြောသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအ၀းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပခဲ့ပြီး ယင်းညီလာခံကြီးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း၂အဖြစ် နိုင်ငံရေးကဏ္ဍတွင် အခြေခံမူ လေးချက်၊ စီးပွားရေးကဏ္ဍတွင် တစ်ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် နှစ်ချက် စုစုပေါင်း ၁၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

၂၁ ရာစုပင်လုံ ဒုတိယအစည်းအ၀းတွင်မူ ကဏ္ဍလေးခုမှ အချက်ပေါင်း ၃၇ ချက်သဘောတူခဲ့ပြီး တတိယညီလာခံတွင် ၁၄ ချက်သဘောတူနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက်ကို ထည့်သွင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here