မတ်၊ ၁
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ မိုင် ၂၀ လောက်ပဲဝေးတဲ့ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
“မိမိတို့မှ သတ္တိပြောင်မြောက်စွာဖြင့် ပုဏ္ဏားကျွန်းမြို၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။”လို့ AA က ထုတ်ပြန်ထားတာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားနဲ့ အသည်းအသန် ခုခံကာကွယ်နေတယ်လို့လည်း AA က ဆိုပါတယ်။
မနေ့ကမနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဟာ ပုဏ္ဏားကျွန်းမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးထဲကို ကျရောက်ပေါက်ခဲ့တဲ့အတွက် ပြည်သူ ၁၂ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူစုစုပေါင်း အယောက် ၈၀ လောက်ရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ AA ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
AA ဟာ အခုအချိန်မှာတော့ စစ်တွေမြို့ရဲ့ အရှေ့မြောက်ဘက်က ရေမိုင် ၁၀ မိုင်ကျော်ပဲဝေးတဲ့ ပေါက်တောမြို့အပါအဝင် ပြည်နယ်ထဲက မြို့ ၅ မြို့ကို သိမ်းပိုက်ထားပါတယ်။
AA ဘက်ကတော့ စစ်ကောင်စီဟာ ရခိုင်ဒေသမှာ စစ်ရှုံးနေတာကြောင့် လူမျိုးရေးအမုန်းတရားတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူမျိုးရေးပဋိပက္ခဖန်တီးတာ၊ လမ်းတံတားတွေ ဖျက်ဆီးတာကို အရင်ကထက် ပိုလုပ်လာတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာလည်း ရခိုင်ပြည်နယ်က ဆေးရုံ၊ ဆေးခန်းတွေ ပြည်သူတွေနေထိုင်တဲ့နေရာတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့အပြင် ရန်ကုန်လိုမြို့ကြီးတွေကနေ ခရီးထွက်မယ့် ရခိုင်လူငယ်တွေကို ဖမ်းဆီးတာနဲ့ မြို့ကြီးတွေမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုပ်ငန်းတွေကိုပါ သပိတ်မှောက်ကြဖို့ စစ်ကောင်စီအတွက်ဝါဒဖြန့်သူတွေက လှုံ့ဆော်နေကြပါတယ်။
အခုအချိန်မှာတော့ AA ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်မချဘဲ ခုခံနေတာကြောင့် အပြီးသတ်သိမ်းဖို့ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။







