ရာသီဥတုဒဏ်အပြင် ကြွက်ဘေးသင့်တာတွေကြောင့် ဝေးလံခေါင်ဖျားတဲ့ နောင်မွန်မြို့မှာ စပါးအထွက်နှုန်း ထက်ဝက်လောက်လျော့ကျ

187
ဓါတ်ပုံ- က်သုံးဆီမရရှိတာကြောင့် လူအင်အားသုံးထွန်ယက်ခဲ့ကြစဉ်

 

ဒီဇင်ဘာ၊၁၁

ရာသီဥတုဒဏ်အပြင် ကြွက်ဘေးသင့်တာတွေကြောင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အခုနှစ်အတွင်း မိုးစပါး အထွက်နည်းပြီး ထက်ဝက်လောက် လျော့ကျသွားတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခုနှစ် စပါးပွင့်ချိန် မိုးအရွာများတာကြောင့် ပုံမှန်ရနေကျထက် စပါးအရ နည်းသွားတယ်လို့ နောင်မွန် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီနှစ်စပါးမရဘူး။ အရမ်းလျော့သွားတယ်။ ဒီနှစ်က ကြွက်စားတာလည်း များတယ်။ ဝတ်မှုံရှိချိန် မိုးရွာလို့ ပျက်စီးသွားတာ။ ဒီနှစ်တော့ ဆီ အခြေအနေကြောင့်လည်းဟုတ်တယ်။ ဒီနှစ် ဆီဈေးကြီးလို့ နည်းနည်းနောက်ကျသွားလို့လည်း ဟုတ်တယ်။ ” လို့ဒေသခံက ဆိုပါတယ်။

စပါးစိုက်ခင်းမှာ အရင်နှစ်တွေကလည်း ကြွက်စားတာကြုံရပေမဲ့ ဒီနှစ်မှာတော့ ကြွက်ဘေးဒဏ် ပိုခံရပြီး ခါတိုင်းနှစ် ကြွက်မစားတဲ့နေရာတွေမှာပါ ကြွက်ဘေးကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်စပါးထွက်ချိန်မှာတော့ ပုံမှန် စပါး ပုံး ၆၀၀ ရတဲ့သူတွေဟာ အခုနှစ် ၃၀၀ ဝန်းကျင် လောက်သာ ရရှိကြသလို ခါတိုင်း စပါးစိုက်ခင်း၂ ဧကမှာ စပါး ပုံး ၁၂၀ ကျော်ရပေမဲ့ အခု နှစ်မှာတော့ ပုံး ၆၀ သာရရှိတယ်လို့ နောက်ထပ် နောင်မွန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒီနှစ် နောင်မွန်မှာ စပါးထွက်တာတော့ တော်တော်လေး အထွက်နည်းတယ်။ တဝက် လျော့သွားတာပေါ့။ အကုန်လုံးက စပါးမရကြဘူး။ ဒီနှစ်က ခါတိုင်းနှစ်ထက် ကြွက်များတယ်။ စပါး အစထွက်တဲ့ အချိန် မိုးတအားရွာတယ် အဲတာကြောင့် ဖြစ်လားတော့ မသိဘူး။” လို့ ဆိုပါတယ်။

အခုနှစ် လယ်စထွန်ချိန်မှာလည်း စက်သုံးဆီဈေးကြီးမြင့်တာနဲ့ မရရှိတာတွေကြောင့် တချို့ တောင်သူ တွေဆိုရင် လယ်ထွန်နောက်ကျတာတွေလည်းရှိခဲ့တယ်လို့ ပြောပါတယ်။

တစ်ဦးနဲ့တစ်ဦး စပါးအထွက်နှုန်းလျော့စေတဲ့ အကြောင်းအရင်းမတူပေမဲ့ တချို့ကတော့ ရေမရလို့ အထွက်နည်းတာနဲ့ ရေများလို့ ပျက်စီးတာတွေအပြင် ကြွက်စားတာတွေကြောင့် အထွက်နှုန်း လျော့ကျသွားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စက်သုံးဆီဈေးကြီးမြင့်တာကြောင့်လည်း လယ်စထွန်ချိန်ကနေ စပါးရိတ်ခြွေချိန်အထိ အခက်ခဲနဲ့ ကြုံခဲ့ရပြီး ဒေသခံတချို့ဆိုရင် လယ်စထွန်ချိန်က စက်သုံးဆီမရတာကြောင့် လူအင်အားသုံးပြီး ထွန်ယက်ရတာတွေလည်း ရှိခဲ့ပါတယ်။

အခုနှစ် စပါးစိုက်တဲ့ ကုန်ကျစရိတ်ဟာ ခါတိုင်းနှစ်ထက် ပိုကုန်ကျခဲ့သလို စပါးလည်း အထွက်နည်းတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်ရတယ် လို့လည်း နောင်မွန်ဒေသခံက ပြောပါတယ်။

ခါတိုင်းနှစ်ထက်တော့ အသုံးစရိတ်ကများတယ်။ ပြောမယ်ဆို ဆီဈေးတက်လို့ဖြစ်တာ ဆီကုန် တာတော့ အတူတူပဲကုန်တာ ခါတိုင်းနှစ်ထက် ကုန်ကျစရိတ်ကများတယ်။ အများကြီးကို အဆင်မပြေတာပေါ့နော်။ လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

အခုလို စပါးအထွက်နည်းတာကြောင့် စပါးဈေးလည်း အရင်ကထက် ဈေးမြင့်တယ်လို့ သိရပါတယ်။ အရင်က စပါးတစ်ပုံး ကျပ်ငါးထောင်သာရှိခဲ့ရာကနေ တစ်သောင်းကျော်အထိ မြင့်တက်လာခဲ့ပြီး လတ်တလောမှာတော့ စပါးတစ်ပုံး ကျပ်နှစ်သောင်းကျော် သုံးသောင်းဝန်းကျင်အထိ ဈေးရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောင်မွန်မြို့မှာ ၈ ပြည် ဝန်းကျင်ရှိတဲ့ ဆန်တစ်ပုံးကို ကျပ်ရှစ်သောင်းဝန်းကျင် ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်မှာ ဆန်တစ်အိတ် တစ်သိန်းရှစ်သောင်းကနေ နှစ်သိန်းကြားဈေးရှိနေပြီး တခြားကုန်တွေလည်း ဈေးကျသွားတာမရှိသေးသလို စက်သုံးဆီလည်း ဓတ်ဆီတစ်ဂါလံ ကျပ်ခြောက်သောင်းဈေးရှိနေတယ်လို့ သိရပါတယ်။

နောင်မွန်မြို့မှာ စပါးစိုက်ပျိုးချိန်ကလည်း ရေကြီးမှုကြောင့် စပါးစိုက်ခင်း ဧက ၃၀ နီးပါး စပါးပင်တွေ မျောပါသွားပြီး ပျက်စီးတာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောင်မွန်ဒေသခံတွေဟာ စားဝတ်နေရေးအတွက် စပါးတွေ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို အာလူးစိုက်ခင်းတွေလည်း လုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here