ဇွန်၊၃
ချီဖွေမြို့နယ်၊ မေခမြစ်တစ်ဖက်ကမ်းက KIA ထိန်းချုပ်ဧရိယာအတွင်းက ရေဘေးကျရောက်ခဲ့တဲ့ မျောမော်ပါကျေးရွာက ဒေသခံပြည်သူတွေ အခက်အခဲ ကြုံနေရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မနက် ၂ နာရီလောက် မိုးသည်းထန်စွာ ရွာသွန်းမှုကနေဆင့် အထက်ပါကျေးရွာကို ရေဝင်ရောက်ခဲ့တာဖြစ်ပြီး ပစ္စည်းတွေမပါဘဲ တိမ်းရှောင်ခဲ့ရတာကြောင့် ဆေးဝါး၊ အစားအစာတွေနဲ့ အဝတ်အထည်တွေ လိုအပ်နေကြတယ်လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
“ရေထဲပါလာတဲ့ သစ်တုံးတွေအရမ်းနံတယ်။ အရမ်းလည်း နေမကောင်းဖြစ်နေကြတယ်တဲ့။ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ကျွန်မကိုလာပြောပြတယ်။“လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ ပိုက်ဆံတွေလည်း အားလုံးပါသွားပြီး အမျိုးသမီးတွေဆိုရင် အဝတ်အစားတွေအပြင် လစဉ်သုံးပစ္စည်းတွေကအစ လိုအပ်နေကြတယ်လို့လည်း ဆက်လက်ပြောပါတယ်။
တဲအိမ်ဆောက်နေကြဖို့အတွက် မိုးကာတွေ လိုအပ်နေတဲ့အပြင် အိုးခွက်ပန်းကန်၊ စောင်၊ ခေါင်းအုံး၊ အိပ်ယာနဲ့ တစ်ကိုယ်ရေးသုံးပစ္စည်းတွေ လိုအပ်နေကြတယ်လို့လည်း သိရပါတယ်။
ရွာအနီးက ချောင်းရေထဲကို အထက်ဘက်မှာရှိတဲ့ ချောင်းရေကနေ တစ်ဆင့် သစ်တုံးတွေနဲ့ ရွှံ့တွေရောပြီး ရွာထဲကို အရှိန်နဲ့ စီးဝင်လာခဲ့ပြီး ရွာအတွင်းက နေအိမ်တွေ ပျက်စီးခဲ့ရတာပါ။
တစ်ရွာလုံးမှာအိမ်ခြေ ၆၀ နီးပါးနဲ့ လူဦးရေ ၁၈၀ ဦးရှိပြီး ရေဘေးကြောင့် နေအိမ် ၄၂ လုံး ပျက်စီးသွားပြီးတော့ တံတားတစ်စင်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရေစီးနဲ့အတူ အမျိုးသမီးကြီးတစ်ဦးနဲ့ ကလေးတစ်ဦး မျောပါသွားတဲ့အထဲ အမျိုးသမီးကြီးကတော့ သေဆုံးသွားပြီး ကလေးကတော့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်တွေရရှိတဲ့အပြင် ညာဖက်လက်မှာ ၁၈ ချက်ချုပ်ထားရလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းကလည်း ရွာထဲမှာ အခုလိုရေဘေးသင့်ခဲ့တာကြောင့် ရွာပျက်စီးခဲ့ဖူးတဲ့အပြင် တစ်ရွာလုံးမီးလောင်သွားတာကြောင့် ရွာပျက်စီးခဲ့ဖူးတယ်လို့လည်း ကျေးရွာလူကြီးတွေရဲ့ ပြောကြားအချက်အရ သိရကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ချီဖွေမြို့မှာရှိတဲ့ စစ်ရှောင်စခန်းမှာလည်း ရေဝင်ရောက်ခဲ့တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့လည်း သိရပါတယ်။







