ရွှေတူးဖော်မှုများကြောင့် ပူတာအိုခရိုင်၊ ရှင်ဂိုင်ယန်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများ စိုက်ပျိုးမြေ ပျောက်ဆုံးတော့မည့် အရေးနှင့်ကြုံနေ

667

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်က ရှင်ဂိုင်ယန် ကျေးရွာနေပြည်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးမြေတွေ ပျောက်ဆုံးတော့မယ့် အရေးနဲ့ ကြုံတွေ့နေရပါတယ်။

ရှင်ဂိုင်ယန်ကျေးရွာအနီး ဖီခ မဇွပ် အောက်ဘက်ပိုင်းက စိုက်ပျိုးမြေတွေကို ရွှေတူးတဲ့ ကုမ္ပဏီလုပ်ငန်းရှင်အချို့ကနေ နစ်နာကြေးတွေ ပေးမယ်လို့ ဆိုပြီး ကျေးရွာက ဆိုင်ရာလူကြီးနဲ့ ညှိနှိုင်းပြီး ရွှေတူးဖော်နေကြတာကြောင့် စိုက်ပျိုးမြေတွေ တော်တော်များများ ဆုံးရှုံးနေကြရပါပြီ။

လက်ရှိ ရှင်ဂိုင်ယန်ကျေးရွာ ပြည်သူတွေရဲ့ စိုက်ပျိုးမြေတွေပေါ်မှာ ရွှေတူးနေတာဟာ ကုန်လုနီးပါး ဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့  ဒေသခံကဆိုပါတယ်။

‘’မုန်ညှင်းစိုက်စားတဲ့ နေရာ ဟုတ်တယ်။ မရောင်းနိုင်ဘူးလို့ ပြောတော့ သူတို့က အထက်က သူတွေနဲ့ အားလုံးပြီးပြီးသား ကိစ္စဖြစ်တယ်။ ရွာအနီးက အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ လက်မှတ်လည်း ထိုးပြီးပြီဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူးနင်။ တို့ရဲ့ နစ်နာကြေးကိုသာ ရအောင် တောင်းကြတော့လို့ ပြောလာတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

မြေဧက (၂၀)ဝန်းကျင်လောက်ရှိတဲ့ အဲဒီနေရာကို ဒီဇင်ဘာလဆန်းကနေစပြီး ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေကနေ ရွာလူကြီးနဲ့ တိုင်ပင်ပြီး စိုက်ပျိုးမြေပိုင်ရှင်တွေကို နစ်နာကြေးပေးပြီးတော့  ရွှေတူးလိုက်ကြပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တစ်ကျော့ ပြန်စစ်ပွဲကြောင့် စစ်ရှောင်ခဲ့ကြရတဲ့ ဂနိုင်ယန်၊ ဖားကန့်ယန်၊ အင်ဖီဂါး ကျေးရွာတွေမှာလည်း မြန်မာပြည်အောက်ဘက်ပိုင်းကနေ တက်လာတဲ့ လုပ်ငန်းရှင်တွေအပြင် ကချင်အသိုင်းအဝိုင်းက လုပ်ငန်းရှင် အချို့ကလည်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖာ်တာကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြတယ်လို့ နောက်ထပ်ဒေသခံ တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

ရှင်ဂိုင်ယန်က တစ်ဖက်ကမ်း အရှေ့ဘက်အခြမ်း။ အင်လွယ်ယန်က အနောက်ဘက်။ သူတို့က ဟိုမှာတူးလိုက်၊ ဒီမှာ တူးလိုက်နဲ့ အများကြီး ပျက်စီးလိုက်ပြီ။ စစ်ရှောင်ခဲ့တဲ့နေရာက စစ်တပ်နဲ့ ဘယ်လို ညှိနှိုင်းပြီးတော့ လုပ်သလဲ မသိဘူး။” လို့ဆိုပါတယ်။

လက်ရှိ အင်ဖီဂါးကျေးရွာရဲ့ အနီးအနားက ရွာတွေ ဖြစ်တဲ့ ဖားကန့်ယန်၊ ဂနိုင်ယန် ကပြည်သူတွေရဲ့ စိုက်ပျိုးမြေတွေကိုလည်း လုပ်ငန်းရှင်တွေ ဖြစ်တဲ့ ချန်းယိန်းနဲ့ ခေါ်တားဆိုသူက ရွှေတူးဖော်နေကြပြီး အောက်ဘက်ပိုင်း တကြောကိုလည်း အခြား ကချင်လုပ်ငန်းရှင်အချို့နဲ့ အောက်ပိုင်းကနေ တက်လာတဲ့လုပ်ငန်းရှင်အချို့အပါအဝင် ကုမ္ပဏီ အများအပြား ဝင်ရောက် ရွှေတူးဖော်နေကြပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေတူးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ရှင်လွယ်ယန်ဘက်ကိုလည်း ရွှေတူးဖော်ဖို့ စတင် လုပ်ဆောင်နေကြပြီ ဖြစ်ပေမယ့်  ဒေသခံပြည်သူတွေအနေနဲ့ ကန့်ကွက်ထားဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ရွာဘက်ကို ကူးလာဖို့ သူတို့ လုပ်လာပြီ။ ကန့်ကွက်လိုက်တော့ အောက်ဘက်ပိုင်း ဝင်တူးကြတာ။ ရွာကလူတွေကတော့ ကန့်ကွက်ဖို့ပဲ ဆုံးဖြတ်ထားကြတယ်။ သူတို့က နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ပြီး တူးကြတော့မှာလေ။ အရမ်းကို တိုးဝင်လာကြတာ။ အခု နေရာတကာ လက်ဝါးကြီးအုပ်လာကြပြီ။”လို့လည်း ဒေသခံက ဆိုပါတယ်။

စစ်ရှောင်နေစဉ်အတွင်း သူတို့ချန်ခဲ့ကြရတဲ့ စိုက်ပျိုးမြေတွေဟာ နိုင်ငံရေး ငြိမ်းချမ်းသွားချိန် စိုက်ပျိုးမြေတွေ မရှိတော့ဘဲ သားစဉ်၊ မြေးဆက် ခက်ခဲကြတော့မယ့် အရေးကိုလည်း တွေးပူးနေကြရ ပြန်ပါတယ်။

သူတို့ သူဌေးတွေဆိုတာ တောင်တွေ၊ ဧကတွေ ဘယ်လောက်တောင် ပိုင်ဆိုင်ထားကြတဲ့ သူတွေ ဖြစ်မလဲ။ ကျွန်တော်တို့ ခြံတွေ လုပ်ရအုံးမယ်။ ဒီလို ကမ္ဘာမြေကို ဖျက်ဆီးတယ်ဆိုတာက သားစဉ် မြေးဆက်အတွက် စဉ်းစားပြီး စိုးရိမ်နေရတယ်။ ” လို့ ဒေသခံတစ်ဦးက သူ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖီခမဇွပ် မြစ်ကမ်းတစ်လျှောက်မှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေဟာ (၄)ခုထက်မနည်း စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြဆဲ ဖြစ်ပြီးတော့ အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ ဆိုပြီး (၂၀၂၁)ခုနှစ် အောက်တိုဘာလကနေ စပြီးတော့ ဝင်ရောက်လုပ်ကိုင်လာနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှင်ဂိုင်ယန်ကျေးရွာမှာ အိမ်ခြေ (၃၀)လောက်ရှိပြီး အင်လွယ်ယန်မှာတော့ အိမ်ခြေ(၁၀၀)လောက်ရှိတာ ဖြစ်ပြီးတော့  လက်ရှိ အဲဒီဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးမြေဟာ ကွယ်ပျောက်တော့မယ့် အရေး ကြုံနေရတာပါ။

ဒါ့အပြင် အဲဒီ စိုက်ပျိုးမြေတွေမှာ မချမ်းဘော့ အပါအဝင် ဒေသအသီးသီးမှ တောင်သူပြည်သူတွေ လာရောက် စိုက်ပျိုးရေးလုပ်ကြတဲ့ အကြောင်းလည်း ကြားသိရပါတယ်။

ဖီခ မဇွပ်အောက်ဘက်က မြစ်နှစ်ခွာ ဖြစ်နေတဲ့ နေရာမှာ ခြံလုပ်တယ်။ ရွာ ပေါင်းစုံက လုပ်နေတာ။ အခုအားလုံးပျက်စီးကုန်ပြီ။ ရှင်ဂိုင်ယန်ဘက်ဆိုလည်း အများကြီးပျက်စီးပြီ။ ဒီဘက်ကမ်းကိုလည်း သူတို့ ကူးလာဖို့ ကြိုးစားနေကြတယ်။ သူတို့က အထက်က လူကြီးတွေနဲ့ အကုန်တိုင်ပင်ပြီးပြီ ဘာပဲပြောပြော ဝင်တော့မယ် ပြောနေတယ်”လို့လည်း ဆိုပါတယ်။

အထက်က ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို မေးမြန်းရာမှာတော့ တရားဝင် ခွင့်ပြုထားတာမရှိဘဲ ကျေးရွာနေပြည်သူတွေ အဆင်ပြေစေဖို့ နည်းလမ်းရှာ ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။

“အဲဒီဘက်ကို တရားဝင်ပေးထားတာ မရှိဘူးလို့ သုံးသပ်တာပေါ့။ ကာကွယ်ပေးဖို့ နည်းလမ်းရှာနေပါတယ်။ အဲဒီဘက်ကို သွားဖို့ လာဖို့ လုံခြုံရေး ဆောင်ရွက်ပြီးရင် သတ္တုတွင်းဦးစီဌာနက ပုဂ္ဂိုလ်တွေလည်းပါရမယ်။ ကချင်ပြည်နယ်သတ္တုတွင်းလုပ်ငန်းရှင်တွေလည်း ပါရမယ်။ အဲဒီနေရာက ကာကွယ်ရမယ့်နေရာ ဟုတ်တယ်” လို့ ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုခဲ့တာပါ။

ရှင်ဂိုင်ယန်သာမက ဂနိုင်ယန်၊ ဖားကန့်ယန်၊ အင်လွယ်ယန် အစရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ သူတို့ရဲ့ ဘိုးဘွားမြေဖြစ်တဲ့ စိုက်ပျိုးမြေတွေကို ရွှေတူးတဲ့ လုပ်ငန်းရှင်တွေဆီ ပါမသွားအောင်၊ တူးဖော်နေတဲ့ ရွှေလုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် သက်ဆိုင်ရာလူကြီးတွေနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကာကွယ် တားဆီးပေးဖို့ကိုလည်း တောင်းဆို နေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here