ရှမ်းမြောက်မှာ တိုက်ပွဲတွေ တကျော့ပြန် ပြန်စ၊ စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ဆို

167

 

ဇွန်၊ ၂၅

ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက အကြိမ်ကြိမ်းချိုးဖောက်ပြီး လူထုကိုဒုက္ခပေးနေရင် ခုခံကာကွယ်ရလိမ့်မယ်လို့ TNLA က ပြောဆိုမှုအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ ဒီနေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး လူထုကို တိုက်ခိုက်နေရင် ခုခံတော်လှန်ရလိမ့်မယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က မနေ့က ဇွန်လ ၂၅ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

အဲဒီနောက် ဒီနေ့ မနက်ပိုင်းမှာတော့ မန္တလေးတိုင်နဲ့ ရှမ်းပြည်နယ်အစပ် မတ္တရာမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာလည်း TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

မတ္တရာတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှုတွေမတွေ့ရသေးပေမဲ့ TNLA ကတော့ ကျောက်မဲနဲ့ နောင်ချိုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲဟာ ၂ နေရာလုံးမှာ မနက် ၅ နာရီကျော်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နောင်ချိုမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံး လာကြဲသွားတယ်လို့ TNLA က ဆိုပါတယ်။

စစ်အာဏာရှင်ဖြတ်ချရေး တော်လှန်ရေးလုပ်နေတဲ့ ကာလထဲမှာ ကျွန်တော်တို့ အောင်မြင်မှုတွေ မရခင်မှာတော့ အခက်အခဲတွေ ဒီလိုမျိုးပြင်းထန်လာတာမျိုးတွေရှိပါတယ်။ ကျွန်တော်တို့လူထုက လုံခြုံရေးရော စားနပ်ရိက္ခာဖူလုံရေးအတွက်ရော ပြင်ပြင်ဆင်ဆင်နဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေအားလုံးကလည်း ဒီအခြေအနေဆိုးတစ်ရပ်ကို ကျော်လွှားနိုင်အောင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ လို့ တားဘုန်းကျော်က မနေ့က TNLA က ထုတ်ပြန်တဲ့ မေးမြန်းခန်းဗွီဒီယိုမှာ ထည့်သွင်းပြောကြားထားပါတယ်။

လက်ရှိအချိန်မှာလည်း မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က တံတားတချို့ ပိတ်သိမ်းမှုတွေရှိနေပြီး သတိထားစုံစမ်းမေးမြန်းပြီးမှ သွားကြဖို့လည်း ဒေသခံတွေကြား သတိပေးမှုတွေ ရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုလို စစ်ရေးပြန်မြင့်တက်လာတဲ့အချိန်မှာပဲ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေသလို ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် (AA) က စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေသလို သံတွဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here