လနဲ့ချီခုခံနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အမ်းက တောဟိန်းတောင်ဗျူဟာကုန်းကို AA တက်သိမ်း

230

 

ဇွန်၊ ၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ ရခိုင်ဒေသက စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီတောဟိန်းတောင်ဗျူဟာကုန်း (ကဇူးကိုင်း) ကို AA က လနဲ့ချီပိတ်ဆို့ထားပြီးတဲ့နောက် ဧပြီလမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ AA က မထုတ်ပြန်သေးပေမဲ့ သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

စခန်းကို အပြီးသတ်မသိမ်းပိုက်ခင် ရက်ပိုင်းတွေတုန်းကတော့ စစ်ကောင်စီဘက်က ဂျက်လေယာဉ်၊ Y12 ဗုံးကြဲလေယာဉ်တွေနဲ့ နေ့ညမပြတ် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တောဟိန်းတောင် အနားတဝိုက်ကျေးရွာက ပြည်သူတချို့လည်း သေဆုံးခဲ့ပါသေးတယ်။

အဲဒီ စခန်းဟာ စစ်တွေ-ရန်ကုန် လမ်းပေါ်က ကဇူးကိုင်းတံတား အရှေ့ဘက်ခြမ်းမှာရှိပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စမဖြစ်ခင်ကတည်းက လမ်းသွားလမ်းလာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စခန်းဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေစဖြစ်ပြီးတဲ့နောက်မှာတော့ အဲဒီစခန်းပေါ်ကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာထက်မနည်းက ပြည်သူတွေ ဒုက္ခရောက်ခဲ့ရသလို ရွှေ့ပြောင်းနေထိုင်ရတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒီဗျူဟာကုန်းဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့အတွက် အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်သလို အင်အား ၅၀၀ လောက်အထိ ရှိတယ်လို့ သိရပါတယ်။

AA ဘက်ကတော့ ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ အကြိမ်ကြိမ်ပြောဆိုမှုတွေရှိခဲ့ပေမဲ့ အဲဒီစခန်းဟာ လက်နက်မချတဲ့ စခန်းတွေထဲက တစ်ခုဖြစ်ပြီး လနဲ့ချီခုခံခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း AA ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ဆက်ထိုးစစ်ဆင်သွားမယ်လို့လည်း ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီစခန်းတွေ ကျန်ရှိနေတဲ့မြို့တွေကတော့ အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နဲ့ မာန်အောင်တို့ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here