လိပ်ကျောက်တူးဖော်သူများကို ဝန်ခံကတိထိုးစေပြီ ပြန်လွတ်

2072
လိပ်ကျောက်

ဖေဖော်ဝါရီ ၁၈

မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာအနီးရှိ အင်ခိုင်ဘွမ် အမျိုးသားဥယာဉ်အတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည့် လိပ်ကျောက်တူးဖော်ခဲ့သူ ၃၅၉ ဦးကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ထိုးစေပြီး ပြန်လွတ်ခဲ့ကြောင်း သိရသည်။

ဝန်ခံကတိတွင် လိပ်ကျောက်တူးဖော်နေသည့် ယင်းနယ်မြေသည် အမျိုးသားဥယျာဉ်ဖြစ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ တောင်ယာမခုတ်ရ ၊ မီးမရှို့ရ ၊ စာကျက်မြေမချရ ၊ သစ်ဥသစ်ဖုမရှာရ ၊ သားငါးတိရစ္ဆာန်မဖမ်းဆီးရ စသည့်အချက်များပါဝင်ပြီး မြစ်ကြီးနားမြို့၏ ရေဝေရေလှဲနေရာဖြစ်သည့်အတွက် တူးဖော်နေခြင်းတို့ကို အစိုးရမှ ထိန်းသိမ်းတားမြစ်ရခြင်းဖြစ်ကြောင်း ငွေပျော်စံကျေးရွာတာဝန်ခံ ဦးတောင်းဆာက ပြောသည်။

“ ဒါကိုထိန်းသိမ်းကာကွယ်ဖို့ဆိုတာက ကချင်ပြည်နယ်သူ/သား အားလုံးမှာ တာဝန်ရှိတယ် မင်းတို့လည်း ပူးပေါင်းပါဝင်ပါ ။ နောက်နောင်ကိုလာမတူးနဲ့တော့ ဒါက ကချင်ပြည်နယ်အတွက် အရမ်းကိုအရေးအကြီးတဲ့ မြေနေရာတစ်ခုဖြစ်တယ်။ ဒါကိုအစိုးရကနေ ကာကွယ်စောင့်ရှောက်နေတယ်။ ပြည်သူလူထုတွေလည်း ပူပေါင်းပါဝင်ပါ။ နောက်နောင်ကို ဒီလိုလာမတူးအောင်ပေါ့။ သူတို့လည်း မတူးတော့ပါဘူး။ သိရှိကြောင်းပေါ့။ တစ်ယောက်ချင်းဆီ လက်မှတ်ထိုးခဲ့တာဖြစ်တယ် ” ဟု ဦးတောင်းဆာက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

ထိုသို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးကာ ဝန်ခံကတိရေးထိုးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လာတူးဖော်သူ တစ်ဦးမျှမရှိတော့ကြောင်းလည်း ၎င်းကပြောသည်။

လိပ်ကျောက်

အင်ခိုင်ဘွမ် အမျိုးသားဥယျာဉ်တွင် လိပ်ကျော်တူးဖော်နေမှုအပေါ် ဖေဖော်ဝါရီလ ၁၄ရက်နေ့က သစ်တောဦးစီးဌာနမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိပ်ကျောက်တူးဖော်သူများကို သဘာဝသစ်တောနှင့် ပတ်သက်သည့် အသိပညာပေးကာ ဆက်လက်တူးဖော်ခြင်းမပြုလုပ်ကြရန် တားမြစ်ခဲ့သည်။

ထို့နောက် ဖောဖော်ဝါရီလ ၁၅ ရက်နေ့က ၁၆ ရက်နေ့အထိ အသိပညာပေးဆိုင်းဘုတ်များတပ်ဆင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တူးဖော်နေမှုကြောင့် ဖမ်းဆီးအရေးယူမည်ဆိုပါက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀ အရ ထောင်ဒဏ် ၅ နှစ်၊ ငွေ ဒဏ် ၃ သိန်းမှ ၁၀ သိန်းထိ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်
လုံးဖြစ်စေ ပြစ်ဒဏ်ကျခံနိုင်ကြောင်းသိရသည်။

အက်စတာ

LEAVE A REPLY

Please enter your comment!
Please enter your name here