မြစ်ကြီးနား၊ နိုဝင်ဘာ ၁၅
လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအားတီယောဟန် ဦးဆောင်သောအဖွဲ့သည် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်များကို တစ်ပတ်ကျော်ခန့်ကြာအောင် စစ်ဆေးခဲ့ပြီး စစ်ဆေးမှုမှတွေ့ရှိချက်များကို ပြည်ထောင်စုအဆင့်သို့ ပြန်လည်တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဘာ၀ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၏ တာဝန်ပေးချက်အရ နိုဝင်ဘာလ ၁၀ ရက်မှစတင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကာ အနာဂတ်ကာလတွင် ဖားကန့်ဒေသအခြေအနေများကို ပူးပေါင်းထိန်းသိမ်းသွားရန် ပြောကြားခဲ့သည်ဟု ဝန်ကြီးဦးအားတီယောဟန်က ပြောသည်။
“လုပ်ငန်းရှင်တွေမှာ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ။ ပြည်သူတွေဘက်မှာလည်း ဘယ်လိုအခက်အခဲတွေ ရှိနေလဲပေါ့။ ကျွန်တော်တို့ အစိုးရကရော ဘာတွေကူညီဆောင်ရွက်ပေးနိုင်မလဲ။ ဒါတွေ သိဖို့ပါ”ဟု ဝန်ကြီး ဦးအားတီယောဟန်က ဆက်လက်ပြောသည်။
ထို့အအပြင် ကျောက်စိမ်းတူဖော်ရေး ကုမ္ပဏီများက အစိုးရတရားဝင်ရပ်နားထားသည့် လုပ်ကွက်များကို ခေါင်းပေါင်းကျင်းခြင်း၊ မြေစာပစ်လမ်းများ ဖောက်လုပ်နေခြင်းများကြောင့် နိုင်ငံတော်၏ သယံဇာတများ လေလွင့်မှုမရှိစေရန်နှင့် လုပ်ငန်းခွင့် အန္တရာယ် မကျရောက်စေရန်အတွက်လည်း ပြုလုပ်သွားမည်ဖြစ်ကာ ဖားကန့်ဒေသရောက် ရေမဆေးကျောက်ရှာဖွေသူများကို ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ခွင့်ရအောင် မြေပြင်အခြေအနေများကို လေ့လာခဲ့သည်ဟုလည်း
ဝန်ကြီးက ထပ်မံပြောဆိုသည်။
ထိုစစ်ဆေးမှုကို ပြည်နယ်သယံဇာတနှင့် ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်လည်း ဆက်လက်ပူးပေါင်း စစ်ဆေးနေကြောင်း သိရပြီး ယခု အစိုးရသစ် တက်လာသည့်နောက်ပိုင်းတွင် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်များကို ထပ်မံသက်တမ်း တိုးပေးခဲ့ခြင်းမရှိဘဲ ရပ်နားခဲ့သော်လည်း သက်တမ်းကုန် လုပ်ကွက်များတွင် ဝင်ရောက်တူးဖော်လျက် ရှိနေကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
ယင်းသို့ တရားမဝင်တူးဖော်လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာဋ္ဌာနဆိုင်ရာများနှင့် အာဏာပိုင်များ အနေဖြင့် ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။
စည်သူ(မြစ်ကြီးနား)
ဇော်မိုးထက် (ဖားကန့်)







