လေယာဉ်နဲ့ သယ်ယူထားတဲ့ ပရီမီယံဒီဇယ်ဆီတွေကို တောင်သူတွေကိုပဲ ခွဲဝေသွားမှာဖြစ်ပြီး ပြည်သူတွေအတွက် ခွဲဝေပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြော

17

 

မေ၊၆

ပူတာအိုခရိုင်အတွင်းရှိ တောင်သူတွေကို ခွဲဝေပေးဖို့ စစ်ကောင်စီရဲ့ Y8 လေယာဉ်နဲ့ သယ်ယူထားတဲ့ ပရီမီယံဒီဇယ်ဆီတွေကို တောင်သူတွေကိုပဲ လယ်ယာဝင်နိုင်အောင် ခွဲဝေသွားမှာဖြစ်ပြီး ပြည်သူတွေအတွက် ခွဲဝေပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

လတ်တလောသယ်ပို့နေတဲ့ ပရီမီယံဒီဇယ်ဆီတွေဟာ တောင်သူတွေအတွက်တင် မလုံလောက်နိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် တခြားပြည်သူတွေကိုတော့ ပေးသွားမှာမဟုတ်ဘူးလို့ ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုလယ်လုပ်တဲ့သူတွေကိုတောင် ပေးဖို့ မလုံလောက်သေး၊ မရှိသေးတဲ့အတွက် တခြားပြည်သူတွေကိုတော့ မပေးနိုင်ဘူး။ လယ်လုပ်တဲ့သူတွေကို အရင်ဆုံး လောက်အောင် ကြိုးစားပေးရအောင်လို့တော့ ပြောထားတယ်။လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ပူတာအိုခရိုင်အတွင်းမှာ လယ်ဧက ၂၅,၀၀၀ လောက် ရှိတာဖြစ်တဲ့အတွက် လက်ရှိသယ်ယူပို့ဆောင်နေတဲ့ ဒီဇယ်ဆီ ပေပါ ၁,၀၀၀ ဟာ လုံလောက်နိုင်တဲ့ အနေအထားမှာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပူတာအိုမြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဆီတစ်ပေပါကို ကျပ်သိန်း ၅၀ လောက်အထိ ပေါက်နေတဲ့အပြင် ဝယ်ယူစရာမရှိဘဲ ဆိုင်တွေမှာလည်း ရောင်းချတာမျိုးတွေ မတွေ့ရပါဘူး။

ဒါကြောင့် လယ်သမားတွေတင် မကပါဘူး။ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ ပူတာအိုဒေသက ပြည်သူတွေအားလုံး စက်သုံးဆီအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။

ပူတာအိုဒေသမှာ စက်သုံးဆီမဝင်တော့တာ ၂ လလောက်ကြာတဲ့ အချိန်မှာတော့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဆီပေပါတွေကို သယ်ပို့နေတာဖြစ်ပါတယ်။

ဆီတွေအားလုံးသယ်ပို့ပြီးသွားရင် လယ်သမားတွေကို ဘယ်လိုပုံစံနဲ့ ခွဲဝေပေးသွားမလဲဆိုတာနဲ့ ဘယ်လောက်နှုန်းထားနဲ့ ခွဲဝေပေးသွားမယ်ဆိုတာတွေကိုတော့ အစည်းအဝေးပြုလုပ်ပြီးမှ ပြန်လည်ပြောကြားသွားမယ်လို့ ဆိုပါတယ်။

တောင်သူတွေအတွက် သယ်ပို့ထားတဲ့ ဒီဇယ်တွေကို လက်ရှိပေါက်ဈေးထက်လျော့ပြီး ခွဲဝေပေးမှာ ဖြစ်ပြီး တိတိကျကျတော့ မပြောပါဘူး။

ပူတာအိုဒေသအတွင်းလုပ်ကိုင်တဲ့ တောင်သူတွေဟာ ဧပြီလကုန်ပိုင်းလောက်ကနေ မေလကုန်အထိ လယ်တွေကို အကြမ်းထွန်ယက်ပြီး ဇွန်လမှာတော့ စပါးစိုက်ပျိုးလို့ရတဲ့ အနေအထားအထိရောက်အောင် ဆက်လက်ထွန်ယက်ပြီး ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လအတွင်းမှာ စပါးစိုက်ပျိုးကြတယ်လို့ တောင်သူတွေဆီက ကြားသိရပါတယ်။

ဆွမ်ပရာဘွမ်မြို့မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားပြီးကတည်းက မြစ်ကြီးနား-ပူတာအိုလမ်းကို မတ်လ ၉ ရက်နေ့မှာ စတင်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းပိတ်လိုက်ကတည်းက ပူတာအိုမြို့မှာ စက်သုံးဆီတွေအပြင် အခြားအခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေတာ ၂ ‌လလောက် ရှိနေပြီလည်းဖြစ်ပါတယ်။

မနေ့က မေလ ၅ ရက်နေ့မှာတော့ ဆွမ်ပရာဘွမ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ကနေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တာကြောင့် လမ်းပိုင်းပြန်ဖွင့်ဖို့အတွက် ပြည်သူတွေမျှော်လင့်နေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here