သက်ငယ်မုဒိမ်းမှုများ ပြစ်ဒဏ်တိုးမြှင့်ရေးအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော် ထောက်ခံအတည်ပြု

1279
မိုးကောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ
မိုးကောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ

မြစ်ကြီးနား၊  မေ ၂၅

သက်ငယ်မုဒိန်းမှုကျူးလွန်သူများကို သေဒဏ်(သို့)ကြီးလေးသောပြစ်ဒဏ် ချမှတ်နိုင်ရေး တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ပြည်နယ်လွှတ်တော်အစညးအဝေးတွင် မိုးကောင်းလွှတ်တော် ကိုယ်စားလှယ်ဒေါ်မြသွေးစံက တင်သွင်းခဲ့ရာ ယင်းအဆိုကို ပြည်ထောင်စုအဆင့်တွင် ဆက်လက် တင်သွင်းရန် လွှတ်တော်က သဘောတူအတည်ပြုခဲ့ကြသည်။

မေလ ၂၄ ရက်က ပြန်လည်ကျင်းပသော ဒုတိယအကြိမ်ပြည်နယ်လွှတ်တော်၏ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး “မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သက်ငယ်မုဒိန်းမှုများလျော့ကျစေရန် ကြီးလေးသော ပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှုအစီအစဉ်များ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း”အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို လွှတ်တော်တွင် ဆွေးနွေးရေး/မဆွေးနွေးရေး မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၅၃ ဦးအနက်  ၂၅ ရာခိုင်နှုန်းကျော်က ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိလိုကြသော်လည်း ကျန် ၇၂ ရာခိုင်နှုန်း(၃၈ဦး)က ထောက်ခံဆန္ဒပြုခဲ့ကြသဖြင့်အဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုရှင်က သက်ငယ်မုဒိမ်းမှုဖြင့် ပြစ်ဒဏ်ချမှတ်မည်ဆိုလျှင် သတ်မှတ်ထောင်ဒဏ် နှစ်ပြည့်ချမှတ်ရေး၊ ပြစ်ဒဏ်ချမှတ်ပြီးနောက် ထောင်အတွင်းတွင်လည်း လျှော့ရက်မပေးရေး၊ လွတ်ငြိမ်းသက်သာခွင့်များတွင်လည်း လျှော့ရက်မပေးရေးတို့အတွက် တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူနှင့် ဒေါ်ဂျာဆိုင်းခေါန်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

“မုဒိမ်းမှုမှာ ပြုကျင့်ခံရတဲ့ ကလေးငယ် သေဆုံးသွားမှသာလျှင် သေဒဏ်ကျခံရန် ဥပဒေပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင်မုဒိမ်းမှုကျုးလွန်သူကို အမြင့်ဆုံးထောင်ဒဏ် အနှစ်နှစ်ဆယ်ကျခံရန် သတ်မှတ်ထားသော်လည်း အယူခံဝင်လိုက်ရင် အမှုကလျော့နည်းသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်သွားမည်ဆိုရင်လည်း ဆယ်နှစ်အောက်သာ ပြစ်ဒဏ်ကျခံရတာကိုလည်း တွေ့ရပါတယ်။ ပြန်လွတ်လာရင်လည်း ပြန်လည်ကျူးလွန်တာကို တွေ့ရပါတယ်”ဟု ဒေါ်မြသွေးစံက မိုးကောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုကို ဥပမာပေးကာ ဆွေးနွေးတင်သွင်းခဲ့သည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က မုဒိမ်းမှုလျော့ကျစေရန်အတွက် ၂၀၁၆ခုနှစ်မှ ယနေ့အထိ ခရိုင်အလိုက် လက်ကမ်းစာစောင် တစ်သောင်းကျော်ခန့်စီကို ဖြန့် ဝေအသိပေးခဲ့ပြီး ကချင်ပြည်နယ်အတွင်း မုဒိမ်းမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများမှာလူမှုကွန်ရက်စာ မျက်နှာများတွငလိင်မှုကိစ္စများ ကိုအလွယ်တကူဖော်ပြနိုင်ခြင်း၊ ကောင်းမွန်လာနေသည့် ဆက်သွယ်ရေးစနစ်များကို အသုံးပြုကာ ညစ်ညမ်းဗွီဒီယိုများနှင့် ဓါတ်ပုံများကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်ခြင်း၊ ကာမစိတ်နိုးကြွစေသည့် ဆေးဝါးများကို အလွယ်တကူရရှိနေခြင်း၊ ဆိတ်ကွယ်ရာတွင် သမီးရည်းစားချိန်းတွေ့ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊ မိန်းမသားများ အရက်သေစာသောက်စားခြင်း၊ နေ့ည အချိန်အခါမရွေး တစ်ဦးတည်းသွားလာခြင်း၊ အုပ်ထိန်းသူမရှိဘဲအိမ်တွင် တစ်ဦးတည်းရှိနေခြင်း၊ နေထိုင်မှုအဆင့်အတန်းနိမ့်ကျခြင်းနှင့် အသိပညာနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

မေလ ၂၅ ရက်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သောပြည်ထောင်စုအစည်းအဝေးနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း သက်ငယ်မုဒိမ်းမှုများ သေဒဏ်ပေးရေး အဆိုများကိုတင်သွင်းခဲ့ကြရာ အဆိုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဋ္ဌေးက ပြန်လည်ဖြေကြားရာ၌ အမှုများတွင် သားမယားပြုကျင့်ခံရသူသည် ကလေးသူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီးသူဖြစ်စေ သားမယားပြုကျင့်ပြီးသတ်ဖြတ်ခံရပါက တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဃ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသဖြင့် သေဒဏ်မလွဲမသွေစီရင်ရမည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင်ယင်းပုဒ်မဖြင့် တရားစီရင်မှုမရှိခဲ့သေးပေ။ ၂၀၁၈ ခုနှစ်အတွင်း ပြစ်ဒဏ်ချမှတ်ခဲ့သော သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ၄၆ ဦးအနက် တစ်ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း ဒီမိုကရက်တစ်ဗမာ့အသံသတင်းဌာနတွင်ဖော်ပြထားပြီး ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ဧပြီလအထိ သက်ငယ်မုဒိန်းမှုပေါင်း ၄၂ မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here