သမိုင်းအမွေအနှစ် နေရာဖြစ်သည့် အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေသူများ ပြန်လည်ထွက်ခွာ

285

မတ်၊၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက ကချင်လူမျိုးအားလုံးနဲ့ဆိုင်ပြီး သမိုင်းအမွေအနှစ် နေရာတစ်ခုဖြစ်တဲ့ အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်မှာ ရွှေတူးဖော်နေသူတွေ ထွက်ခွာသွားဖို့ ဝန်ခံကတိတွေ ထိုးခိုင်းပြီးတဲ့နောက် အားလုံးထွက်ခွာသွားကြပြီလို့ သိရပါတယ်။

အထက်ပါနေရာမှာ ရွှေတူးနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာကို ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့(ပူတာအို ) ကနေ ဦးဆောင်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်တွေမှာ အင်အားပြမှုကို ပြုလုပ်ခဲ့တဲ့အပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာလည်း နောက်ထပ်တစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ရပ်နားသွားတာမျိုး မရှိတဲ့အတွက် အခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ရွှေတူးဖော်သူတွေကို ထွက်ခွာသွားဖို့ ခံဝန်လက်မှတ်တွေ ထိုးခိုင်းထားတာတွေ ပြုလုပ်ခဲ့တာပါ။

ပူတာအိုမြို့နယ် နေရာအနှံ့က ကချင်ပြည်သူလူထုတွေပါ ပူးပေါင်းပါဝင်ပြီး N-DUM LATEP ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးဖော်မှုကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်စိုက်ထူတာတွေ၊ စာကပ်တာတွေကို ပြုလုပ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရွှေတူးနေတဲ့ ဘက်ဟိုးတွေရဲ့သော့တွေ သိမ်းဆည်းတာ၊ ထွက်ခွာသွားဖို့ ခံဝန်ကတိထိုးခိုင်းတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရွှေတူးဖော်သူတွေ အားလုံးထွက်ခွာသွားကြပြီလို့ အင်အားပြရာမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သတ်မှတ်ထားတဲ့ နေရာကနေတော့ ထွက်သွားပြီ။ အကုန် ထွက်သွားပြီး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နေရာဧရိယာ အတွင်းကနေတော့ ထွက်သွားပြီ “လို့ သူက ပြောပါတယ်။

အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်နေရာတွေမှာ ရွှေတူးဖော်နေတဲ့ ရွှေဆိုင်း(၆)ခုလောက် ရှိပြီး ဘက်ဟိုး(၅)စီးနဲ့ လူအင်အား(၇၀)ဝန်းကျင်လောက် ရွှေတူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ရွှေတူးဖော်သူတွေကို ထွက်ခွာသွားဖို့ ခံဝန်လက်မှတ်တွေ ထိုးခိုင်းခဲ့ပြီး(၁၀)ရက်အတွင်း ထွက်ခွာသွားဖို့ ပြောထားတဲ့နောက်ပိုင်းကနေ အားလုံး အထက်ဘက်ကို ထွက်ခွာသွားကြပြီလို့ ဆိုပါတယ်။

အဲဒီနေရာ ပတ်ဝန်းကျင်မှာ မနှစ်ကအောက်တိုဘာလကတည်းက ရွှေဝင်ရောက် တူးဖော်မှုတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ပိုမို ဆိုးရွာလာတာ ဖြစ်တဲ့အတွက် ပူတာအိုမြို့နယ်အတွင်းက သက်ဆိုင်ရာ ကျေးရွာ(၁၀)ခုကနေ လူအင်အား(၇၀)ကျော်လောက်ပါဝင်ပြီး အင်အားပြတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

N-DUM LATEP ပတ်ဝန်းကျင်နေရာဟာ ပူတာအိုမြို့အရှေ့ဘက် မိုင် ၂၀ ခန့်ဝေးကွာတဲ့ အင်လွယ်ယန်ကျေးရွာရဲ့ အနီးအနားမှာရှိတဲ့ ရွာဟောင်းတစ်ခုဖြစ်ပြီး လန်းတောင်ကျေးရွာအုပ်စုမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။

အထက်ပါ N-DUM LATEP ပတ်ဝန်းကျင်နေရာကို ထိခိုက်နိုင်တဲ့ မြေနေရာတွေအားလုံးကို သတ်မှတ်ထားပြီး စုစုပေါင်း ဧက ၅,၀၀၀ ထောင်ဝန်းကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။