မိုးညှင်း၊ ဇွန် ၂၂
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာအနီး ဆင်ခေါင်းတောင်ခြေရှိ လယ်တောတဲတွင် ဘိန်းဖြူဆပ်ပြာခွက် ၁၆၅ ခွက်နှင့်တူမီးသေနတ်တစ်လက်ကို ယနေ့နံနက် ၆ နာရီကျော်ခန့်က ဖမ်းဆီးလိုက် ကြောင်းမိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အောင်ဆန်းဝင်းဦးစီးသည့် အဖွဲ့နှင့် မြစ်ကြီးနားမြို့ မရဲစခန်းမှ ရဲတပ်သား မမေသူစိုး၊ လုံးတုံနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲနိုင်ဦးနှင့် အရပ် သ က်သေများပါဝင်သော ဖမ်းဆီးရေးအဖွဲ့က ဆင်ခေါင်းတောင်ခြေရှိ လယ်တောတဲကို ဝင်ရောက်စီးနင်းရှာဖွေစဉ် လယ်တဲကျပ်ခိုးစင်ပေါ်ရှိ အဖြူရောင်ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါကြား အ မှုန့် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁၆၅ ခွက် (စုစုပေါင်းအလေးချိန် ၁၈၁၅ ဂရမ်ခန့်)၊ ကာလတန်ဖိုး ကျပ် သိန်း တစ်ထောင့်သုံးရာနီးပါး(၁၂၇,၀၅၀,၀၀၀ ကျပ်)ကို တွေ့ရှိခဲ့ကြောင်း၊ လယ်တဲ၏ အရှေ့ဘက် ပေ ၂၀ ခန့် အကွာရှိ ကောက်ရိုးပုံထဲမှ အစိမ်းရောင်ဆာလာအိတ်အတွင်းထည့်ထားသော စိတ်ကြွဆေးပြား ၁၉၀ စီပါ ၂၀၀ ထုပ်၊ ကာလတန်ဖိုးကျပ် တစ်ထောင့်တစ်ရာကျော်(၁၁၄,၀၀၀,၀၀၀ ကျပ်) တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖမ်းဆီး ရေးအဖွဲ့ထံမှသိရသည်။
လယ်တောတဲအတွင်း၌ မူးယစ်ဆေးဝါးများနှင့်အတူ ဦးပွားမောင်( ၅၆ နှစ်)နှင့် ဇနီး ဒေါ်ခင်ဌေးတို့ကို တွေ့ရှိခဲ့ ကြောင်း၊ အရှည် ၄ ပေခန့်ရှိ သစ်သားကိုယ်ထည်တွင် သံပြောင်းတပ်ထားသော လုပ်သေနတ် တူမီးတစ်လက် ကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။
၎င်းတို့နှစ်ဦးအားစစ်ဆေးရာ အဆိုပါမူးယစ်ဆေးများသည် နန့်မွန်းကျေးရွာအနောက်ပိုင်းရပ်ကွက်၊ အိမ်အမှတ် (၈၅)တွင် နေထိုင်သော သမီးအရင်းဖြစ်သူ မချိုချိုဝင်းမှ ပြန်လည်ရောင်းချရန်အတွက် လာရောက်အပ်နှံထား သည်ဟုထွက်ဆိုခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မချိုချိုဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မချိုချိုဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
အဆိုပါမူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဦးပွားမောင်၊ ဒေါ်ခင်ဌေးနှင့် ချိုချိုဝင်းတို့ကို လုံးတုံ နယ်မြေရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၈၊ မူးယစ်ပုဒ်မ ၁၉(က)/၂၁/၂၂/(ခ)တို့ဖြင့် အမှုဖွင့်အရေးယူထား ကြော င်းသိရသည်။
ထွန်းထွန်း(မိုးညှင်း)







