ဇူလိုင်၊၁၆
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဂိတ်နဲ့ ရှမ်းနီ SNAတပ်တို့ရဲ့ ဂိတ်တွေမှာ စစ်ဆေးတာတွေ ပိုပြီးတင်းကျပ်လာပြီး ကုန်ပစ္စည်းသယ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
နမ့်မွန်းတောင်ထိပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်မှာသာမက နမ့်မွန်းမြို့ထဲဘက်မှာ တပ်စွဲထားတဲ့ ရှမ်းနီ SNA ရဲ့ ဂိတ်နေရာတွေမှာ ပိုပြီးအစစ်အဆေးများလာသလို တချို့ကုန်ပစ္စည်းတွေ သယ်ဆောင်ရ ခက်ခဲလာတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“SNA တွေရှိတဲ့နေရာမှာပေါ့နော် အများအားဖြင့် ဒုက္ခရောက်တာက နမ့်မွန်းမှာကို သုံးနေရာ စစ်တယ်တဲ့။ ပိတ်ပင်တယ်။ စစ်ဆေးတယ်။ သူတို့က (ကားသမားတွေ)ကြောက်တော့ မလာချင်တော့တာ။ ကုန်ကားကြီးတွေ မလာဘူး။ လိုင်းကားအသေးတွေပဲလာတယ်။“ လို့ ဒေသခံက ဆိုပါတယ်။
ဒီနောက်ပိုင်း ဆေးဝါးနဲ့ ဒီဇယ်ဆီတွေ သယ်ဆောင်ရခက်ခဲလာပြီး ကုန်ကားတွေလည်း ဖြတ်သန်းသွားရလာတာ ကျပ်တည်းလာတယ်လို့ ဆိုပါတယ်။
လုံးဝ တားဆီးပိတ်ပင်တာ မဟုတ်ပေမဲ့ စစ်ဆေးခံရတာတွေကြောင့် မတင်ဆောင်ရဲတော့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အင်းတော်ကြီးဒေသထဲမှာ အခြေအနေတင်းမာလာတဲ့နောက် SNA တပ်သားတွေက နမ့်မွန်းမြို့ထဲမှာရှိတဲ့ KBC ဘုရားကျောင်းဝင်း၊ အထက်တန်းကျောင်းနားနဲ့ နဂိုပြည်သူ့စစ်တွေ ရှိတဲ့နေရာ စတဲ့ နေရာ ၃ ခုမှာ ဝင်ရောက်တပ်စွဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနားက လိုင်းကားတွေလည်း ဟိုပင်မြို့ထိပဲ လာတဲ့အတွက် ဟိုပင်ကနေ အင်းတော်ကြီးဒေသအထိ ကားပြန်စီးရတာကြောင့် ကုန်ဈေးနှုန်းတွေလည်း အရင်ကထက် ပိုတက်လာတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့ကနေ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာတွေက စစ်ကောင်စီ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် လုံးတုံနဲ့ နမ့်မွန်းဘက်မှာလည်း အခြေအနေ တင်းမာလာတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် အထက်ပါရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လတ်တလောမှာတော့ နမ့်မွန်းမှာ လက်နက်ကိုင်တပ်တွေ တပ်စွဲနေထိုင်နေပြီး စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တာကြောင့် နမ့်မွန်းဘက်က ဒေသခံတွေ ရှောင်တိမ်းနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။







