မတ်လ ၆
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသွားမည်ဟု မိုးကောင်းမြို့နယ် အမှတ် ၂ မဲဆန်္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံက ပြောသည်။
“လာမယ့် လွှတ်တော်မှာတင်ဖို့ ရှိပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တိုင်းအတွက် လုပ်သွားမယ်”ဟု ဒေါ်မြသွေးစံက ရှင်းပြသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေးအတွက် မြန်မာနိုင်ငံရှိ အချို့မြို့များတွင် ဆန်္ဒပြခြင်းများနှင့် လက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။
ထိုလုပ်ဆောင်မှုများနှင့် ပတ်သက်၍ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခြင်းများ လျော့ကျလာစေရန် အပြစ်ကျူးလွန်သူများ နောင်ကြဉ်လောက်သည့် ပြစ်ဒဏ်သို့မဟုတ်သေဒဏ် စသည့်ပြစ်ဒဏ်များ ချမှတ်သင့်သည်ဟု ဒေါ်မြသွေးစံက ပြောသည်။
“ဒါမှ ကချင်ပြည်နယ်မှာလည်း ပပျောက်လာမှာ။ နည်းနည်း မှတ်သားလောက်တဲ့ ပြစ်ဒဏ်ကို တောင်းချင်တာပေါ့။ အဲ့ဒါကြောင့် ဒီကနေပြီး လက်မှတ်ထိုးပြီး တောင်းဖို့အတွက် တိုင်ပင်ထားတာတွေ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုကဲ့သို့ပင် အထက်တန်းရှေ့နေ ဒေါ်ဆာလီထွေကလည်း “သက်ငယ်မုဒိမ်းဆိုတာ တိရစ္ဆာန်တောင်မလုပ်တဲ့ အလုပ်ကိုလုပ်တာ ဖြစ်တဲ့အတွက်သေဒဏ်ပေးကို ပေးသင့်တယ်။ မဟုတ်ရင် ထောင်တစ်သက်တစ်ကျွန်းပေါ့”ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ထိုသို့ ကြီးလေးသည့် ပြစ်ဒဏ်မျိုးမချဘဲ ပေါ့လျော့သည့်ပြစ်ဒဏ်များ ချမှတ်လိုက်မည်ဆိုပါက ပြစ်မှုကျူးလွန်သူအနေဖြင့်ကလေးငယ်ကို ပြန်လည် အန်္တရာယ်ပြုနိုင်သည့်အတွက် နောက်ထပ်ကျူးလွန်မည့်သူများ မကျူးလွန်ရဲအောင်သေဒဏ်(သို့မဟုတ်) ထောင်တစ်သက်တစ်ကျွန်း ချမှတ်ရန်လိုအပ်ကြောင်း အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ဆာလီထွေက ထပ်မံပြောဆိုသည်။
“ပေါ့ပေါ့လျော့လျော့ပဲ လုပ်လိုက်ရင် သူထောင်က ပြန်လွတ်လာတဲ့အခါ ကလေးကို အန္တရာယ်ပြုနိုင်တယ်။ ထောင် ၁၀ နှစ် ကျတယ်ပဲ ထားဦးတော့ လွတ်လာတဲ့အခါ ကလေးက အသက် ၁၄ နှစ်အရွယ်လောက်ပဲ ရှိဦးမယ်။ အဲဒီအခါပြန်ပြီး ကလးအတွက် စိုးရိမ်ရတယ်”ဟု ဒေါ်ဆာလီထွေက ရှင်းပြသည်။
ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၂၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း၌ ၃ မှု ဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
မိုးကောင်းမြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က အသက် ၁၀ နှစ်အရွယ် စတုတ်္ထတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။ထိုကျောင်းသူအား သားမယားအဖြစ် ပြုကျင့်သတ်ဖြတ်ခဲ့သူ ၂ ဦးကို မိုးညှင်းအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားစဉ် တစ်ဦးမှာ မတ်လ ၆ ရက် နံနက်က မိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
“ဒါမျိုးကိစ်္စကြီးက တော်တော်လေးကို ဆိုးရွားတယ်။ ဘယ်ကလေးကိုမှ ထပ်မဖြစ်စေချင်တော့ဘူး။ ကလေးတွေဆိုတာ အပြစ်ကင်းတဲ့သူတွေပဲ။ သူတို့မှာ ဘာဆွဲတောင်မှုမျိုးမှ မရှိဘူး။ ကျူးလွန်သူတွေကို လူစိတ်မရှိတဲ့ လူလို့ပဲ ပြောပါရစေ။ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါလို့ တောင်းဆိုချင်တယ်”ဟု တေးသံရှင်တစ်ဦးဖြစ်သူ မရန်ဆိုင်းနော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်၌ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းပြုကျင့်ခံရသည့်အမှု ၁၄ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၇ မှု တိုးများလာခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုများသည် မိဘများနှင့် လူမှုအဖွဲ့အစည်းများ၏ အမှုဖွင့်တိုင်တန်းလာမှုကြောင့် ရဲစခန်းသို့ ရောက်ရှိလာသည့် အမှုများဖြစ်ပြီး အများစုသော သက်ငယ်မုဒိမ်းမှုများမှာ ရှက်ကြောက်ခြင်းအပြင် အခြားနောက်ဆက်တွဲ ရင်ဆိုင်ရမည့် ပြဿနာများကြောင့် ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်တန်းခြင်းမရှိဘဲပျောက်ကွက်သွားလေ့ရှိကြောင်း အဖြစ်ပျက်များကို ကြားဖူးသူများ၏ပြောကြားချက်အရ သိရသည်။
“အရင်ခေတ်ကလိုမျိုး ကြောက်စိတ်တွေ အကုန်လုံးကို ပယ်ဖျောက်ပြီးမှ နောက်ထပ်ဆိုတဲ့ဟာမျိုး မပေါ်လာအောင်တော့ ဖော်ထုတ်တိုင်တန်းပြီး ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့အတွက် ပြောစေချင်တယ်။ စုပေါင်းလုပ်မှ အောင်မြင်မယ်။ ရှက်တာကြောက်တာနဲ့ မပြောရဲဘဲနေရင်နောက်ထပ် ထပ်ပေါ်လာဦးမှာပဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံကပြောသည်။
ထို့အပြင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည်များကို ပြည်ထောင်စုလွှတ်တော်အထိ တင်ပြသွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးက ပြောသည်။
“အခု အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးသက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ဘယ်လို တင်မလဲ ဘယ်လိုလုပ်ကြမလဲ အဆိုတင်မလားမေးခွန်းတင်မလားဆိုပြီးဆွေးနွေးဖို့ တိုင်ပင်နေကြတယ်”ဟု ဒေါက်တာခင်မကြီးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အလားတူပင် သက်ငယ်မုဒိမ်းမှု ဖြစ်ပေါ်စေတတ်သည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးခြင်း၊ မိဘများအား ပညာပေးခြင်း၊ ကလေးများအား အသိပညာပေး ဟောပြောခြင်းများနှင့် တာဝန်ရှိပုဂိ္ဂုလ်များဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့ တို့ကိုလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်နိုင်ရန် ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သူမကထပ်မံပြောဆိုသည်။
ထို့အပြင် ကလေးသူငယ် အခွင့်အရေးအပါအ၀င် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအခွင့်အရေးများ ချိုးဖောက်ခံနေရမှုများကို ကိုင်တွယ်နိုင်ရန် ကချင်ပြည်နယ်လွှတ်တော်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အကြုံပြုဖူးကြောင်း အင်ဂျန်ယန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြောသည်။
“ဒီဟာကို ကိုင်တွယ်ဖို့အတွက် လွှတ်တော်မှာ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ဆိုပြီး အကြံပြုဖူးတယ်။ ဒါပေမယ့် ပြည်နယ်ရဲ့ လွှတ်တော်အခြေအနေကလည်း ကိုယ်စားလှယ် ၅၃ ဦးပဲရှိနေတော့ ကော်မတီတစ်ရပ်ရှိတာတောင်မှ အစည်းအဝေးလုပ်ဖို့ အထမမြောက်ဘူး။ နေရာတကာ ထပ်နေတယ်ဆိုပြီး ကော်မတီ ၇ ခုအထိ ပြန်ပြီးလျှော့ချတယ်။ ကလေးသူငယ်အခွင့်အရေးကော်မတီကို ဖွဲ့စည်းဖို့အတွက်တော့ ဆွေးနွေးဖူးတယ်။ ဒါပေမယ့် အထမမြောက်ဘူး”ဟု ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြောသည်။
သက်ငယ်မုဒိမ်းမှုအပြင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများသည်လည်း ပုံစံအမျိုးမျိုးဖြင့် ကျယ်ပြန့်လာသည့်အတွက် ယင်းကိစ္စရပ်များကို လုပ်ဆောင်နေကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“မေးခွန်းမေးမယ် အဆိုတင်မယ်ဆိုရင် အခုဒီမှာဖြစ်နေတဲ့ ကိန်းဂဏန်းတွေ ဒေတာတွေ အတိအကျရရှိဖို့ လိုအပ်တယ်။ လိုတော့ မီဒီယာများသော်လည်းကောင်း၊ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး အမျိုးသမီးကဏ္ဍတွေ ဖြည့်ဆည်းပေးနေတဲ့ CSO တွေလည်းကောင်း သူတို့ဆီမှာ ပိုပြီးတိကျတဲ့ အချက်အလက်တွေရှိတယ်။ သူတို့က ကျွန်မတို့နဲ့ပူးပေါင်းဖို့ လိုအပ်တယ်”ဟု ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြောသည်။
ထို့အပြင် အခြားအခန်းကဏ္ဍများတွင် လှုပ်ရှားနေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်သည်ဟု သူမက ထပ်လောင်းပြောဆိုသည်။
“အစိုးရဌာနဆိုင်ရာတွေက လာဖြေရတယ်။ ဖြေတဲ့အတိုင်းပဲ လိုအပ်တဲ့ဟာကို ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ အဆိုတင်တယ်ဆိုရင် အဆိုတင်ပြီး မဲခွဲပြီးဆုံးဖြတ်လိုက်တယ်။ အဆိုအောင်နိုင်သွားပြီဆိုရင် ကတိက၀တ်ဖြစ်လာတယ်။ ဒါကိုဆက်ပြီးဆောင်ရွက်ပေးဖို့အတွက် အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ကြီးဌာနတွေက ဆက်ပြီးတာဝန်ယူသွားရမှာဖြစ်တယ်”ဟု ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။
ကချင်ပြည်နယ်တွင်၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့၌ မုဒိမ်းမှု ၆၆ မှု ဖြစ်ပွားခဲ့ပြီး ၎င်းင်းတို့အနက် ၁၆ နှစ်အထက် မုဒိမ်းမှု ၃၁ မှုနှင့် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၃၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပေါ်နေသည်ကို ဆန့်ကျင်သည့်အနေဖြင့် မတ်လ ၁၈ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့များတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအပြင် ဟောပြောပွဲများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။







