MMA ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်ကို ဂုဏ်ပြုသည့်အနေဖြင့် မြစ်ကြီးနားမြို့ မနောကွင်းအတွင်းတွင် အောင်လအင်န်ဆန်၏ ကြေးရုပ်တုစိုက်ထူသွားရန် စီစဉ်ဆောင်ရွက်နေမှုများကို ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေလွမ်းနှင့် မြစ်ကြီးနား သတင်းဂျာနယ်တို့ အမေးအဖြေ ပြုလုပ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

အောင်လအင်န်ဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြစ်ကြီးနားမြို့မှာ သူရဲ့ ကြေးရုပ်တု စိုက်ထူမယ်လို့သိရတယ်။ စိုက်ထူမယ့် ရည်ရွယ်ချက်ကို သိပါရစေခင်ဗျ
ရည်ရွယ်ချက်က အဓိကသူက ကမ္ဘာ့ချန်ပီယံဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံထဲမှာ ပထမဦးဆုံးသော ကမ္ဘာ့ချန်ပီယံပေါ့။ ဒါကြောင့် အနာဂတ်လူငယ်တွေအတွက် အင်အားတစ်ခု အတုယူစရာတစ်ခု ဖြစ်သွားအောင် ရည်ရွယ်ပြီးမှ ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီကနေ ဦးစီးဦးဆောင်ပြီးမှ ဆောင်ရွက်တာ ဖြစ်ပါတယ်
အောင်လအန်ဆန်ရဲ့ ဘယ်လိုရုပ်ပုံကို ထုဆစ်သွားမလဲခင်ဗျ။
သူရဲ့ကြေးရုပ်ပေါ့ ခါးပတ်နှစ်ခု ပိုင်ဆိုင်ထားတဲ့ ပုံစံပေါ့။ ခါးပတ်ကို ဘယ်ညာ ပုခုံးပေါ်မှာ တင်ထားတဲ့ ပုံစံထုလုပ်သွားမယ်။
ကုန်ကျစရိတ်ကရော ဘယ်လောက်လောက် ခန့်မှန်းထားလဲ။
ကုန်ကျစရိတ်ကတော့ သိန်း ၁၀၀ ကျော်ကျော် ကုန်ကျမယ်လို့ ခန့်မှန်းပါတယ်။
စိုက်ထူမယ့်နေရာ အကျယ်အဝန်းနဲ့ ကြေးရုပ်အမြင့်ပေ ဘယ်လောက်လောက် လုပ်သွားမလဲ။
ရုပ်ထုအမြင့်ကတော့ ၆ ပေနဲ့ ၉ ပေကြားမှာ ရှိမယ်၊ အကျယ်အဝန်းကတော့ ခုပြောထားတဲ့အမြင့်ကို ကျွန်တော်တို့လိုချင်တဲ့ အချိုးအစားအတိုင်း ပြန်သွားမယ်။ အကျယ်အဝန်းကတော့ အတိအကျ မဟုတ်သေးတော့ မပြောနိုင်သေးဘူး။ လောလောဆယ် ပညာရှင်တွေနဲ့ ဆွေးနွေးတုန်းပဲရှိပါသေးတယ်။
ဘယ်အချိန်လောက်များ အကောင်အထည်ဖော်ပြီး လုပ်ဆောင်သွားမလဲ။
ဒီလ သြဂုတ်လကုန်လောက် စပြီးတော့ ကြေးရုပ်တုကို အကောင်အထည်စဖော်လုပ်သွားပါ့မယ်။
ဘယ်က ပညာရှင်တွေနဲ့ ပြုလုပ်မှာလဲဗျ။
မြစ်ကြီးနားမှာ မနောကွင်းဝင်ပေါက်မှာတွေ့ရတဲ့ ရုပ်တုကို ထုတဲ့သူတွေကိုခေါ်ထားတယ်။ ပြီးတော့ မန္တလေးက ပညာရှင်တွေနဲ့ မြစ်ကြီးနားက ပညာရှင်တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှာပါ။
ကချင်ပြည်နယ်အစိုးရပိုင်းအနေနဲ့ရော ညှိနှိုင်းတာတွေ ရှိလား
ကချင်တိုင်းရင်းသား မနောကွင်းဆိုတော့ ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီနဲ့ဆောင်ရွက်တဲ့ အတွက် ဒါကတော့ နိုင်ငံရေးလည်း မပါဘူး၊ လူမျိုးရေး၊ ဘာသာရေးလည်းမပါဘူး။ အားကစားအနေနဲ့ ကမ္ဘာမှာ ထူးချွန်တာကိုပဲ ပြချင်တာဆိုတော့ ကျွန်တော်ထင်တယ် အထူးတလည် တောင်းဆိုစရာတော့ မလိုဘူးလို့ ထင်တယ်
ပြည်သူလူထုကိုရော ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တမ်းကောက်တာတွေရှိလား။
စစ်တမ်း ကောက်တာတော့မရှိဘူး။ ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီကျင်းပပြီးမှ ဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေ အကုန်ပူးပေါင်းမှ ဆွေးနွေးပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်။
စိုက်ထူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ အငြင်းအခုံဖြစ်နေကြတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ ခင်ဗျ။
ဥပမာ အခုကမ္ဘာမှာ ဘောလုံးသမား ရိုနယ်ဒိုတို့၊ ကိုးရီးယားက ပတ်ဂျီဆန်တို့ သူတို့သည် တကယ်ကို သူများနိုင်ငံမှာလည်း အားကစားမှာ ထူးချွန်တဲ့ ကစားသမားတွေ အများကြီး။ ကြေးရုပ်ထုကြတာရှိတယ်လေ။ ရိုနယ်ဒိုတို့ဆို ပေါ်တူဂီနိုင်မှာ ထုထားကြတယ်။ ပတ်ဂျီဆန်ဆိုလည်း သူပုံကို ရုပ်တု ထုတယ်။ ပတ်ဂျီဆန်လမ်းဆိုပြီး နာမည်ပေးထားတာတွေရှိတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒီလိုဂုဏ်ပြုမှ အမြဲမြင်ရတွေ့ရမှာ ဖြစ်တယ်။ အားကစားရုံတွေလုပ်တယ်။ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ သူ့ရဲ့ရုပ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုးကစားသမား ရှိခဲ့တယ်ဆိုတာကို ပြည်သူလူထုအားလုံးကို သိခိုင်းစေချင်တာပါ။
ဒီရုပ်ထုစိုက်ထူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌအနေနဲ့ရော ဘာများပြောချင်ပါသေးလဲခင်ဗျ။
အနာဂတ်လူငယ်တွေ အားကစားထဲမှာလည်း စိတ်ဝင်စားလာအောင် လူငယ်တွေ မွေးထုတ်တဲ့ အနေနဲ့လည်း လုပ်တာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေအများကြီး မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေရှိတယ်။ ဒီလိုလူငယ်တွေက ဒီလိုရုပ်ထုပုံကို ကြည့်ပြီးမှ အားကစားဘက်ကို စိတ်ဝင်စားလာအောင်၊ သူ့လို နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်လာအောင် လုပ်ရခြင်းဖြစ်တယ်ဆိုတာကို ပြည်သူလူထုအများကို ပြောချင်ပါတယ်။
စည်သူ /Salai







