အမ်း-မကွေး လမ်းကို အကန့်အသတ်မရှိပိတ်လိုက်ပြီလို့ AA အရေးပေါ်ထုတ်ပြန်

32

 

ဧပြီ၊ ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့လမ်းကြောင်းကိုအသုံးပြုပြီး စစ်တပ်က အရပ်သားကားတွေနဲ့ လက်နက်ခဲယမ်းသယ်ဆောင်တာတွေကို ပြုလုပ်နေတာကြောင့် အမ်း(ရခိုင်ပြည်နယ်)-ပဒါန်း(မကွေးတိုင်း) ကားလမ်းကို အကန့်အသတ်မရှိပိတ်လိုက်ပြီလို့ ရခိုင့်တပ်တော်(AA) က ဒီနေ့ကြေညာလိုက်ပါတယ်။

အဲဒီလမ်းကြောင်းကိုအသုံးပြုပြီး စစ်ကောင်စီဟာ လက်နက်သယ်တာအပြင် အင်အားတိုးချဲ့တာ၊ လမ်းဘေးမှာ မိုင်းတွေထောင်တာတွေလည်း ပြုလုပ်နေတာကြောင့် အရေးပေါ်အဖြစ် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလမ်းကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာကြောင့် ပိတ်လိုက်ရတာလို့ လည်း AA က အရေးပေါ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရင်ကတော့ စစ်ကားတွေနဲ့ သွားလာပေမဲ့ နောက်ပိုင်းမှာ အရပ်သားကားတွေအသုံးပြုပြီးတော့ နပခထဲ စစ်ကူရိက္ခာပို့တာတွေ၊ရခိုင်ဒေသက စစ်ကောင်စီမိသားစုဝင်တွေကို ရွှေ့ပြောင်းတာတွေ လုပ်ကြတယ်။ ဒီလမ်းပိုင်းကို ပိတ်ပစ်လိုက်ရင်တော့ နပခနဲ့ ပြည်ပကို အဆက်အသွယ်လုပ်ဖို့ အရမ်းခက်သွားပြီ။ လေကြောင်းအသုံးပြုလို့ပဲ ရတော့မယ် လို့လည်း မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု ( PRA-Magway) ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲကိုဝင်တဲ့ လမ်းကြောင်းတွေကို ပိတ်လိုက်တာကြောင့် ရခိုင်ပြည်သူတွေဟာ ဒီနေ့အထိ အခက်တွေ့နေကြပြီး စားသောက်ကုန်တွေကို အနိမ့်ဆုံး ဈေးနှုန်း ၂ ဆကျော်နဲ့ ဝယ်ယူနေကြရတာဖြစ်ပါတယ်။

အဲဒီလို ပိတ်ဆို့လိုက်တဲ့အတွက် ပြည်သူတွေဟာ အမ်း-ပဒါန်းလမ်း၊ ချောင်းသာ-ဂွ လမ်းကြောင်းတွေကို အသုံးပြုပြီး စစ်ကောင်စီမသိအောင် စားသောက်ကုန်တွေ သယ်ဆောင်နေကြပြီး အခုအချိန်မှာတော့ ချောင်းသာ-ဂွလမ်းကြောင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစပြီး အမ်းနဲ့စပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ အမ်းဒေသထဲမှာ AA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အမ်းမြို့ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်မြို့ဖြစ်ပြီး အဲဒီစစ်ဌာနချုပ်ကို လက်နက်ချဖို့လည်း AA က ပြောဆိုထားတာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here