အမျိုးသမီးအရေးတွေကို လွှတ်တော်အတွင်းသို့ ရောက်အောင် မပို့နိုင်ခဲ့တဲ့ပြည်နယ်လွှတ်တော်က အမျိုးသမီး ကိုယ်စားလှယ်များ

1260

မြစ်ကြီးနား၊ သြဂုတ် ၂၄

လက်ရှိ အစိုးရသက်တမ်း၏ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးများတွင် အမျိုးသမီးအရေး ကိစ္စနှင့် ပတ်သက်သည့် အဆိုများကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များမှ တင်သွင်းခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများနှင့် အထူးအစည်းအဝေးများတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်းနှင့် အဆိုပေါင်း(၂၀၀)ကျော် မေးမြန်းခဲ့သည့် အထဲတွင် ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးအရေးနှင့် ပတ်သက်သည့် အဆိုများကို တင်သွင်းခဲ့ခြင်း မရှိကြောင်း ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး မှတ်တမ်းအရ သိရသည်။

မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်မြသွေးစံအနေဖြင့် သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုတစ်ခုသာ ရှိခဲ့သည်။

လက်ရှိ အစိုးရ လက်ထက်တွင် ကချင်ပြည်နယ်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ငါးဦးရှိပြီး လွှတ်တော်အစည်းအဝေးတစ်လျှောက် ၎င်းတို့ မေးမြန်းခဲ့သည့် မေးခွန်းနှင့် အဆိုများသည် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် အရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်သာ သက်ဆိုင်သည့် မေးခွန်းများသာ အများဆုံးတွေ့ရသည်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ကျား/မရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကိစ္စရပ်များ ပေါ်ပေါက်လာခြင်း မရှိသောကြောင့် လွှတ်တော်တွင် အဆိုတင်ဆွေးနွေးမှုများ မပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆော့လော်မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မေးခွန်း မေးတာကလေ အန်တီတို့ဆီမှာ မေဂျာပေါ်မလာတာပေါ့လေ။ ဆိုတော့ အန်တီအနေနဲ့ကတော့ သတိမထားလိုက်မိတာပေါ့။ အဲ့တာ ကြောင့် မမေးဖြစ်တာ ပါ။ နောက်ဆိုရင်တော့ အများကြီး ရှိလာမှာပါ”ဟု ဒေါ်ခေါ်မာဝူက ပြောသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များကိုသာ အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးပါတီကနေ ကျေးရွာဒေသများတွင် အမျိုးသမီးကော်မတီများကို ဖွဲ့စည်း လုပ်ဆောင်နေခြင်းကြောင့် လွှတ်တော်တွင် အဆိုတင်သွင်းရန် မလိုအပ်ခြင်းဖြစ်ကြောင်း၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ဆိုသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေက ကိုယ့်မြို့မှာ လိုအပ်ချက်တွေကို မေးကြတာပါ။ ဆိုတော့ အမျိုးသမီးကိစ္စတွေက သပ်သပ်မေးတာတော့ မရှိဘူးရှင့်။ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ပြင်ပမှာတော့ အမျိုးသမီးကော်မတီတွေ လုပ်နေကြတယ်။ လိုအပ်တာ ရှိရင်တော့ ကျွန်မတို့ ပါဝင်ပါတယ်။ လွှတ်တော်မှာ တင်သွင်းဖို့ထိ မလိုသေးဘူးပေါ့နော်”ဟု ဂျေထုရော်က ဆိုသည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်တွင် ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး တစ်လျှောက် ကျား၊မရေးရာကိစ္စများနှင့် ပတ်သက်သည့် မေးခွန်း၊ အဆိုတစ်ခုမျှ တင်ပြခြင်းမရှိခြင်းက အဆိုပါ အရေးအပေါ် စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အမျိုးသမီးများအဖွဲ့ ကွန်ရက်က ပဲ့ကိုင်ကော်မတီဝင် ဒေါ်အောင်းဂျာက သုံးသပ်ပြောဆိုသည်။

“လွှတ်တော်မှာ အမျိုး သမီးကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆွေးနွေးတာ လုံးဝမတွေ့ရတဲ့အတွက် အရမ်းအံ့သြမိပါတယ်။ စိတ်လည်း မကောင်းဘူးပေါ့။ အမျိုးသမီး အရေးကိစ္စတွေကို ဆွေးနွေးရလောက်အောင် စိတ်မဝင်စားဘူး။ အရေးမကြီးဘူးလို့ သူတို့အနေနဲ့ မြင်လို့ မဆွေးနွေးတာလို့ပဲ မြင်ပါတယ်”ဟု ထောက်ပြပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်သည့် ပေါ်လစီဖြစ်မြောက်ရေး စာတမ်းများကို လွှတ်တော်သို့ ပေးပို့သော်လည်း အရေးတယူ ဆွေးနွေးပေးမှုများမရှိကြောင်း ဒေါ်အောင်းဂျာက ပြောသည်။

ထို့အပြင် ကျား/မရေးရာနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များမှ သဘောပေါက်မှု အားနည်းနေ သေးကြောင်းနှင့် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေတစ်ရပ် ဖြစ်လာရန် လွှတ်တော် အမတ်များမှ ဆွေးနွေးပေးမှုများ လိုအပ်ကြောင်း ဆက်လက်ပြောသည်။

“ဂျန်ဒါဆိုတဲ့ အသုံးအနှုန်းတွေ သဘောပေါက်မနေသေးတာ ကျားမရေးရာအခြေအနေ တွေးခေါ်ယူဆချက်တွေက လွှတ်တော်အမတ်တွေထဲမှာ အရမ်းအားနည်းနေသေးတယ်။ အချိန် အကန့်အသတ်နဲ့ ပြောရတဲ့အခါ ပြဿနာတွေအများ ကြီး ရှိတဲ့ အထဲမှာ အမျိုးသမီး အရေး ဆိုတဲ့ဟာကို အထူးတလည် မသွားနိုင်တာလည်း ဖြစ်မှာပေါ့”ဟု ဒေါ်အောင်းဂျာက ဆိုသည်။

လွှတ်တော်တွင် အမျိုးသမီး သုံးဆယ်ရာခိုင်နှုန်း ပါဝင်ရန် သဘောတူထားသော်လည်း လက်ရှိ ကချင်ပြည်နယ် လွှတ်တော်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၁၀)ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိနေခြင်းဖြစ်သည်။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကျင်းပခဲ့သည့် ပုံမှန်အစည်းအဝေး(၁၉)ခုနှင့် အထူးအစည်းအဝေး (၃)ခုတို့တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့မှ ကြယ်ပွင့်ပြမေးခွန်း (၂၃၀)ကျော်၊ ကြယ်ပွင့်မပြမေးခွန်း (၁၅)ခုခန့်နှင့် အဆို (၁၃)ခုခန့်တို့ကို မေးမြန်းဆွေးနွေးခဲ့သည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here