မေ၊ ၂၉
ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ခုန်တက်နေချိန်မှာပဲ အရေးယူပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၅ ပါတီက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
မေလ ၂၈ ရက်နေ့ရက်စွဲနဲ့ နိုင်ငံရေးပါတီ ၂၅ ပါတီရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်ဆိုတဲ့ စာကို ပြည်ခိုင်ဖြိုးပါတီအပြင် ဒီနေ့ စစ်ကောင်စီထုတ်မြန်မာ့အလင်းသတင်းစာမှာလည်း ဖော်ပြထားတာပါ။
ဒါ့အပြင် အရေးယူမှုတွေဟာ ပြည်သူတစ်ရပ်လုံးကို ထိခိုက်စေပြီး မြန်မာနိုင်ငံအပေါ် အဲဒီလို အရေးယူပိတ်ဆို့မှုတွေကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်တဲ့ ၂၅ ပါတီက ပြောဆိုထားပါတယ်။
နိုင်ငံရေးပါတီတွေက အခုလို စာထုတ်လိုက်တဲ့အချိန် ပြည်တွင်းမှာတော့ ဒေါ်လာဈေးနဲ့ ရွှေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တွေအဖြစ် ဈေးမြင့်တက်နေပါတယ်။
ဈေးနှုန်းတွေ အဲဒီလို မတက်ခင်အချိန်တုန်းကတော့ စစ်ကောင်စီဟာ
နိုင်ငံခြားငွေကြေး တရားမဝင်ရောင်းဝယ်တဲ့သူတွေနဲ့ ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်နေတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ကြေညာခဲ့ပြီး အဲဒီနောက် မနေ့က ဈေးတွေရုတ်တရက်ခုန်တက်သွားတာပါ။
အဲဒီလို ဈေးတွေခုန်တက်ပြီးနောက် မနေ့ကညနေပိုင်းမှာတော့ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၅ ပါတီက အိတ်ဖွင့်ပေးစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးနဲ့စစ်ရေး လေ့လာသုံးသပ်သူတွေကတော့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားငွေကြေးလိုအပ်ချက် ဆက်မြင့်တက်နေမှာဖြစ်တဲ့အတွက် ဒေါ်လာဈေးဟာလည်း အမြင့်ဈေးမှာ ဆက်ရှိနေနိုင်တဲ့အပြင် ဒေါ်လာဈေးပေါ်မူတည်နေတဲ့ ရွှေဈေးဟာလည်း ကျဖို့ခက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒီနှစ်ထဲမှာတော့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက်ပိုင်း ရွှေဈေးဟာ မတ်လ တတိယအပတ်ထဲမှာ တစ်ကျပ်သားကို ၄၂ သိန်းကနေ ဒီနေ့မှာ ၅၅ သိန်းကျော် ဈေးပေါက်နေပြီး ဒေါ်လာဈေးကလည်း ၃၆၀၀ ကျော်ကနေ အခုအချိန်မှာ ၄၄၀၀ ကျော်ထိ ဖြစ်လာတာပါ။
အဲဒီလို ဒေါ်လာဈေး၊ ရွှေဈေးတက်တာတွေဟာ မသမာသူတွေရဲ့ လုပ်ရပ်လို့ စစ်ကောင်စီက အမြဲတန်းနီးပါး ပြောဆိုလေ့ရှိပါတယ်။
ဒါ့ပေမဲ့ အခုလိုမျိုး ဒေါ်လာဈေးနဲ့ ရွှေဈေး အဆမတန်ခုန်တက်မှုတွေဟာ စစ်တပ်က အာဏာသိမ်းပြီးမှ ဖြစ်ပေါ်လာတာဖြစ်ပြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွေတုန်းကတော့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုတွေ ရှိခဲ့ကြပါတယ်။







