မြစ်ကြီးနားမြို့၊ စံပြရပ်ကွက်မှာနေထိုင်တဲ့ မခါးအောင်ဟာ ဖားကန့်မှာအလုပ်သွားလုပ်တဲ့ သူရဲ့အစ်ကို ပြန်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ငိုကြွေးနေပါတယ်။
နေ့တိုင်း ပုံမှန်ဖုန်းဆက်နေကျဖြစ်တဲ့ သူ့အစ်ကိုဆီကဖုန်းမလာတာ နှစ်ရက်မြောက်ရှိနေပြီဖြစ်လို့ အစ်ကို့ဖုန်းကို ခေါ်ကြည့်တော့လည်း ဆက်သွယ်လို့မရ ဖြစ်နေတယ်။
“အစ်ကို့ဖုန်းကို ဘယ်နှကြိမ်မှန်း မသိလောက်အောင် ဆက်တိုက်ခေါ်ဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဖားကန့်ဆိုတဲ့မြို့ကလည်း လူတစ်ယောက်အသက်ကို ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်သတ်သလို သတ်ဖြတ်နေတဲ့မြို့၊ မြေစာပုံတွေကလည်း ခဏခဏပြိုကျနေတဲ့မြို့ဆိုတော့ အစ်ကို့အတွက် ရတက်မအေးနိုင်ခဲ့။
သူ့လိုပဲ ဖားကန့်ရောက်နေတဲ့ လုပ်သားတွေရဲ့ မိဘတွေ၊ ဇနီးမယား၊ သမီးသားတွေလည်း ပူပန်ကြတာပါပဲ။
သူမရဲ့အစ်ကို အင်ခိုင်ဆွတ်မြတ်အောင်ဟာ မိသားစုစားဝတ်နေရေးအတွက် ဖားကန့်ဒေသကို ရေမဆေးကျောက်စိမ်းသွားရှာရင်းနဲ့ နေ့စဉ်ဖုန်း ဆက်နေရာကနေ အဆက်အသွယ်ပြတ်သွားလို့ ညီမ ဖြစ်သူက စိတ်ပူပန်နေတာပါ။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါမှော်မှာ ဇူလိုင်လ ၁၄ ရက်နေ့က ကမ်းပါးပြိုကျရာမှာ အစိုးရထုတ်ပြန်တဲ့ စာရင်းအရတော့ သေဆုံးသူ ၂၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၆၃ ဦးအထိရှိခဲ့တယ်လို့ဖော်ပြခဲ့ပေမယ့် မြေစာပုံအောက်မှာ ကျန်သူတွေကိုတော့ အကုန်လုံးမရှာနိုင်သေးပါဘူး။
“မြေစာပုံပြိုတဲ့နေ့က စပြီးတော့ ဖုန်းဆက်လို့ မရတော့တာ။ အရင်ကဆက်နေကျ။ ငါ့အကိုကိုချစ်တာ။ ခုတော့ မြေစာပုံ အောက်ရောက်သွားပြီလား မသိဘူး”လို့ပြောရင်းနဲ့ မခါးအောင်က ရှိုက်ကြီးတငင် ငိုချလို့ နေပါတယ်။
မခါးအောင်ဆက်ပြောတာက မြေစာပုံပြိုကျတဲ့နေရာမှာ ကိုအင်ခိုင်ဆွတ်မြတ်အောင်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ နေ့တိုင်းကျောက်သွားတူးနေကျဖြစ်ကြောင်းနဲ့ သူ့ရဲ့သူငယ်ချင်းတွေ အကုန်လုံးလည်း မြေစာပိတဲ့အထဲ ပါသွားပြီးတော့ ခုထိလည်းအဆက်အသွယ် မရရှိသေးဘူးလို့ မျှော်လင့်ချက်မဲ့စွာ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပြခဲ့တာပါ။
ဒီကမ်းပါးပြိုကျမှုမှာ အထက်ကစာရင်းအတိုင်း သေဆုံးပေမယ့်လည်း လုပ်ကွက်အနီးတစ်ဝိုက်နဲ့ လွတ်မြောက်လာသူတွေ ပြောပြချက်အရတော့ လူဦးရေတစ်ရာကျော်အထိ ပါသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
“နွံအိုင်ကြီးပေါ်ကို ကမ်းပါးကြီးဝုန်းကနဲ ပြိုပြီးတော့ရိုက်ချလိုက်တာ။ နွံအိုင်ကြီးဆိုတော့ ကူးလို့မရဘူး။ အဲဒီမှာ လျှောကျပြီးတော့ ရေထဲရောက်သွားတယ်။ အဲဒီကနေပြန်ကူးတက်လာတာ။ အယောက်တစ်ရာကျော်လောက်တော့ ပါသွားမယ်ထင်တယ်”လို့ လွတ်မြောက်ခဲ့တဲ့ ဦးတိုးလွင်က ပြောပါတယ်။ ထွက်ပြေးစဉ်မှာ ထိမှန်ခဲ့တာကြောင့် ခေါင်းမှာပတ်တီး စည်းထားရဆဲပါ။
ပြိုကျခဲ့တဲ့ ကမ်းပါးနေရာမှာ မပြိုကျခင်က လက်လုပ်ကျင်းတူးနေတဲ့ ကျင်းပေါင်း ၂၀ ကျော်လောက်တော့ အနည်းဆုံး ရှိပါတယ်။ တစ်ကျင်းမှာဆိုရင် အနည်းဆုံး လူ ၅ ဦးအထိ တူးဖော်နေကြတာ ဖြစ်တယ်လို့ အနီးပတ်ဝန်းကျင်က ဈေးဆိုင်များဆီက သိရပါတယ်။
“ဝုန်းကနဲ ပြိုတာတော့ ကြားလိုက်တယ်။ ကျင်းတွေလည်း အများကြီးပဲ။ လုပ်ကွက်ထဲမှာ တူးကြတာ။ မြင်တွေ့နေကျလူတွေက အခုမတွေ့ရတော့ဘူး”လို့လည်း ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောပြပါတယ်။ အဲဒီအမျိုးသမီးက သူမရဲ့နာမည်ကို ထည့်မရေးဖို့ တောင်းဆိုပါတယ်။
အခုလို မိုးတွင်းကာလမှာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ လုပ်ငန်းနားနေကြပြီး ရာသီချိန်က တူးဖော်ခဲ့တဲ့ မတ်စောက်တဲ့နေရာတွေမှာ ရေမဆေးသမားတွေက သွားရောက်တူးဖော်နေရာနေ အလွှာလိုက်ပြတ်ကျပြီးတော့ အခုလို အဖြစ်ဆိုးမျိုးကို ကြုံခဲ့ရတာပါ။
“မြေကြီးကို တဲ့ကြီး တည့်တည့်မတ်မတ် တူးထားတယ်။ အဲဒီနေရာမှာ ရေမဆေးတွေက ဝင်ပြီးပြန်တူးတယ်။ မြေအကြောတွေက ပြတ်ကုန်ရော။ ပြတ်တော့ မခံနိုင်တော့ ပြိုကျရော”လို့ ဖားကန့်မြို့နယ်မှ အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က သူရဲ့အတွေ့အကြုံကို ပြောပါတယ်။
ပြိုရတဲ့ နောက်တစ်ချက်က ကုမ္ပဏီတွေက မိုင်းခွဲတူးဖော်လို့ဖြစ်တယ်လို့လည်း မြို့ခံများကပြောပါတယ်။ အဲဒီမှာသုံးတဲ့ မိုင်းတွေက ပြင်းထန်ပြီးတော့ ပေါက်ကွဲအားကောင်းတဲ့ မိုင်းတွေပါ။ လုပ်ကွက်တွေက မိုင်းခွဲလိုက်ရင် မြေကြီးတွေ တုန်ခါသွားတဲ့အထိ ပြင်းထန်ပါတယ်။
ဒေသခံတွေအဆိုအရ မိုင်းခွဲတာတွေများလို့ မြေကြီးတွေက တုန်ပြီး အက်ကြောင်းထတဲ့နေရာတွေ မြေမှန်ကြောပြတ်တဲ့နေရာတွေက အခုလိုမြေပြိုမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ကြားတာတော့ မိုင်းခွဲတယ်လို့ကြားတယ်ဗျ။ အားလုံးပြောနေကြတာလည်း မိုင်းခွဲလို့ပြိုတာလို့ ပြောနေကြတယ်။ ဒီလို ကြီးကြီးမားမားပြိုတာက မိုင်းခွဲတာလည်းပါတယ်”လို့ လုံးခင်းဒေသခံ ကိုထွန်းထွန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီက ကျောက်မျက်ကုမ္ပဏီတွေနဲ့ ဆက်စပ်ကုမ္ပဏီများကို ယမ်းအလွန်အကျွံ သုံးစွဲဖောက်ခွဲတယ်လို့ သံသယရှိတဲ့အတွက် နိုင်ငံတော်အစိုးရက စုံစမ်းဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားပါတယ်။
မြေပြိုတဲ့ ဖြစ်စဉ်တွေအများစုက ကုမ္ပဏီတွေဘက်က အပြည့်အ၀ တာဝန်ယူတာမျိုးတော့ အခုအချိန်အထိ အပြည့်အဝတာဝန်ယူ ရှာဖွေတာမျိုးတွေ၊ မရှိသေးပါဘူးလို့ ဒေသခံအများစုက သုံးသပ်ကြပါတယ်။
“မြေစာပုံပြိုတဲ့ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ကုမ္ပဏီတာဝန်ယူမှုက အားနည်းပါတယ်။ မရှာနိုင်တာမျိုးတွေလည်း အများကြီးပဲ။ ကံခါမြေစာပုံက သက်သေပါ။ အလောင်းတစ်ရာကျော်ပဲ ပြန်ရပါတယ်။ တကယ်က အဲဒါထက်သုံးဆလောက် ရှိနေနိုင်တယ်”လို့လည်း ဆိပ်မူဒေသခံ ကိုရဲမင်းထွန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြန်ပြောင်းပြောပါတယ်။
အခု ၁၄ ရက်နေ့က ပြိုကျခဲ့တဲ့ဖြစ်စဉ်မှာတော့ နွံအိုင်ကြီးခံနေလို့ ဆက်လက်ရှာဖွေဖို့ ခက်ခဲပေမယ့်လည်း လမ်းတွေဖောက်ပြီးတော့ ရှာဖွေမှုတွေ ဆက်တိုက်လုပ်သွားမယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကမီဒီယာတွေကို ဖြေကြားထားပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာဆိုရင် ၂၀၁၈ နှစ်ဆန်းပိုင်းကနေ အခုအချိန်အထိ မြေစာပြိုတာတွေ ကမ်းပါးပြိုတာတွေကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိနေခဲ့ပါပြီ။ ဇန်နဝါရီလ ၄ ရက်နေ့က မော်မောင်းဘွမ်ကျေးရွာက ဂျိတ်လန်းကျောက်မျက်တူးဖော်ရေး ကုမဏီစွန့်ပစ်မြေစာပုံပြိုကျပြီး ရေမဆေးလုပ်သား ၆ ဦး၊ ဇန်နဝါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာရှိ မြေစာပုံပြိုကျမှုကြောင့် ၅ ဦးနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးမှာရှိတဲ့ ရတနာစမ်းရွှင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ ရေမဆေး ၄ ဦး၊ ဇန်နဝါရီလ၂၀ ရက်နေ့က မြဥယျာဉ်ကုမ္ပဏီ၏ နွံကန်ပေါက်ကျလို့ တာဝန်ကျဝန်ထမ်း ၉ ဦး၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဘက်ဟိုးဆရာတစ်ဦး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချောင်းဆုံမြေစာပုံမှာ အမျိုးသမီးတစ်ဦးကို မြေစာသယ်ယာဉ်ကြိတ်မိပြီး သေဆုံးခဲ့ပြီး မတ်လ ၁၅ ရက်နေ့က ကန်ခါမြေစာပုံပြိုကျခဲ့ခြင်းကြောင့် လူ ၄ ဦးပျောက်ဆုံးခဲ့ကာ မေလ ၄ ရက်နေ့မှာ ဝှေခါမှော်က ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက် မြေစာပုံပြိုလို့ လူ ၂၂ ဦးသေဆုံး၊ မေလ ၂၀ ရက်နေ့ကလည်း ဝှေခါမှော်မှာမြေစာပိလို့ သုံးဦးသေဆုံးတဲ့ြ ဖစ်စဉ်၊ မေလ ၂၂ ရက်နေ့ကလည်း တစ်သုံးလုံးကုမ္ပဏီ လုပ်ကွက် ကမ်းပါးပြိုလို့ လူနှစ်ဦး သေဆုံးသွားခဲ့ပြီး မေလ ၂၆ ရက်အရောက်မှာတော့ ရတနာကြယ်ကုမ္ပဏီက ဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့ရပြီးပါပြီ။ အရင်နှစ်တွေကို လေ့လာကြည့်တဲ့အခါမှာ ၂၀၁၆ ခုနှစ်မှာ အယောက် ၅၀ နဲ့အထက် သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်က ကမ်းပါးပြိုကျရာမှ ၇၄ ဦးသေဆုံးပြီး ၅၈ ဦးဒဏ်ရာရ၊ မြေကမ်းပါးယံမှပြုတ်ကျသေဆုံးမှုမှာ ၇ ဦး၊ မြေစာသယ်ယာဉ်များနှင့် ထိခိုက်သေဆုံးမှုကြောင့် သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦး၊ လုပ်ကွက်အတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုတွေကြောင့် ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကာ စုစုပါင်း သေဆုံးသူ ၁၂၀ နှင့် ၉၈ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်သမိုင်းမှာတော့ ၂၀၁၅ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြိုကျခဲ့တဲ့ ကံခါမြေစာပုံပြိုကျမှုက အဆိုးရွားဆုံးလို့ ဆိုရမှာပါ။ မြေစာပုံတောင်ခြေမှာ နေထိုင်တဲ့ အိမ်ခြေတွေ ပိမိသွားခဲ့ပြီး သေဆုံးသူရုပ်အလောင်း ၁၁၄ လောင်းကို ရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ကစပြီးတော့ ပြည်တွင်းမီဒီယာတွေတင် မကဘဲ ကမ္ဘာ့မီဒီယာတွေကပါ ဖားကန့်ဒေသကို ပိုမိုအာရုံစိုက်လာခဲ့ကြပါတယ်။
ကျောက်စိမ်းတွေကို အလွန်အကျွံတူးဖော်လာတဲ့နောက်ပိုင်းမှာ မြေစာပြိုသေဆုံးမှုတွေက ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ်နောက်ပိုင်းရဲ့ မြေပြိုဖြစ်စဉ်တွေကို အကြမ်းဖျဉ်းပြန်တွက်ကြည့်တဲ့အခါ တစ်နှစ်ကိုအနည်းဆုံး လူပေါင်း ၁၀၀ လောက်မြေစာပုံပိပြီး သေဆုံးခဲ့ရတာကို တွေ့မြင်ရပါတယ်။
စာရင်းရှိသေဆုံးသူပေါင်း တစ်နှစ်တစ်ရာကျော်လောက်လို့ ခန့်မှန်းနိုင်ပေမယ့် ရှာဖွေရေးတွေမလုပ်နိုင်လို့ သေဆုံး သွားတဲ့သူတွေနဲ့ ပေါင်းရင် တစ်နှစ်ကို လူပေါင်းအနည်းဆုံး ၁၅၀ ကျောက်လောက်က ဖားကန့်ဒေသမှာ သေဆုံးနေခဲ့ရပါပြီ။
သက်ဆိုင်ရာ အစိုးရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီလိုအန္တရာယ်ရှိတဲ့ နေရာတွေမှာ သွားရောက်မတူးဖို့ တိုက်တွန်းပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း သူဋ္ဌေးဖြစ်ရေး၊ မိသားစုစားဝတ်နေရေးအတွက်ကြောင့် ရေမဆေးတွေက အသက်စွန့်ပြီးတော့ အခုလိုမြေစာပုံတွေ လုပ်ကွက်ကမ်းပါယံတွေမှာ အသက်စွန့်ရှာဖွေနေကြတာပါ။
“ကျွန်တော် တော်တော်များများပြောပါတယ်။ ရေမဆေးတွေအနေနဲ့လည်း မိမိအသက်အန္တရာယ်ကို တန်ဖိုးထားဖို့၊ အန္တရာယ်ရှိတဲ့နေရာမှာ မရှာကြဖို့ ပြောပါတယ်။ တချို့ကျတော့လည်း မိသားစုအခက်အခဲကြောင့် ရှာကြတဲ့အခါ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပါ”လို့ ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက ပြောပြခဲ့ဖူးပါတယ်။
လုပ်ငန်းရှင်တွေ ကျောက်မျက်ပညာရှင်တွေ အတွေ့အကြုံရှိတဲ့သူတွေ ပြောပြချက်အရ ဖားကန့်ဒေသဟာ အင်နဲ့အားနဲ့ ဆက်တိုက်တူးနေရင်တောင် အနည်းဆုံးနောက်ထပ် အနှစ် ၂၀ လောက်အထိတူးလို့ရသေးတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ အကောင်းဆုံးကျောက်စိမ်းတွေ ထုတ်လုပ်ပေးနေတဲ့ ဒေသကြီးမှာ အရှင်လတ်လတ်မြေမြုပ်ခံရတဲ့သူတွေ ထပ်မံမမပေါ်ပေါက်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ပညာရှင်များပြောတဲ့ အရေးကြီးတဲ့အလုပ်ကို ကြိုတင်ဆောင်ရွက်မထားရင် အရေးကြီးတဲ့အလုပ်အတွက် နောင်တစ်ချိန်မှာ အလျင်စလိုနဲ့ အရေးတကြီးလုပ်ရမယ့် အခြေအနေကို ဆိုက်ရောက်လာတတ်တာကို သတိမူမိစေလိုရင်း ဖြစ်ပါတယ်။







