မေ ၂၆
အရှေ့တောင်အာရှအဆင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြိုင်ပွဲတွင် ကချင်ပြည်နယ် ကိုယ်စားပြု အဖြစ် ဝိုင်းမော်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသန့်ရှင်းရေး၊ သာယာလှပရေး၊ တိုးတက်ရေး အစရှိသည့်စံနှုန်းများနှင့် ကိုက်ညီမှုများကို ကြည့်ရှုပြီး ကချင်ပြည်နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အဓိကကတော့ သန့်ရှင်းရေး၊ သာယာလှပရေးပါမယ်။ အမှိုက်သိမ်းဆည်းတာ၊ ရေရယူ၊ သုံးစွဲတာ အကုန်ဘက်စုံပါမယ်။ သူ့ရဲ့စံနဲ့ရွေးလိုက်တဲ့အခါ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝိုင်းမော်ကို ရွေးချယ်တာပေါ့” ဟု ဦးတင်မောင်ထွေးက ဆိုသည်။
ဝိုင်းမော်မြို့နယ်၏ သဘာဝပတ်ဝန်းကျင်အလှအပကို ရိုက်ကူးထားသော ပြိုင်ပွဲဝင် ဗွီဒီယိုဖိုင် အချက်အလက်ကို မေလ(၁၅)ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်စည်ပင်မှ နေပြည်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို အဆင့်ဆင့် ပေးပို့ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း ဦးတင်မောင်ထွေးက ဆိုသည်။
“ဒီကနေ နေပြည်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ပို့မယ်။ မြန်မာ တစ်နိုင်ငံလုံးက ပြန်ပြီးစုပြီးမှ အာဆီယံကို ပို့မှာ။ ကျင်းပမှာပေါ့။ ဆုကဟိုမှာရွေးမှာ” ဟု ဦးတင်မောင်ထွေး က ရှင်းပြသည်။
ဆုရွေးချယ်သည့် အစီအစဉ်ကို အာဆီယံအဆင့်က ပြုလုပ်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်စေရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသည့်မြို့ကြီးများဆု ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုရရှိရန်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး ရေရှည်တည်တံ့ရန်အတွက် ပြည်သူလူထု အားလုံးလည်း ဝိုင်းဝန်းပါဝင်ကြရန်လည်း ဦးတင်မောင်ထွေးက တိုက်တွန်းပြောကြားသည်။
ယခင်က မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို ပြင်ဦးလွင်၊ တောင်ကြီး အစရှိသောမြို့များက ရရှိခဲ့ဖူးသည်။
Ah Je/ Benadeth







