“အာဇာနည်နေ့ရောက်လာတိုင်း အဘွားရဲ့စိတ်ထဲမှာ အရင်တုန်းကအားလုံး တောင်တန်း မြေပြန့်အားလုံးကိုမျှတစွာ လူတန်းစားမခွဲခြားဘဲနဲ့လုပ်ဆောင်သွားမယ်ဆိုပြီးမှလာရောက်ပြီးမှ ပြောသွားတဲ့ ဗိုလ်ချုပ်ကို သတိရမိတယ်။ နှမြောမိတယ်။ အမြဲတမ်းသူ့ကိုသတိရပြီးမှ သူ့ရဲ့လုပ်ဆောင်ချက်ကို အကောင်အထည်မဖော် သွားနိုင်တဲ့အတွက် ဝမ်းနည်းပြီးမှ အမြဲခံစားနေရတယ်”ဟု အသက် ၉၀ ကျော် အဘွား ဒေါ်မကောန်ခေါန်ရော်က ပြောသည်။
အဘွားသည် ၁၉၄၆ ခုနှစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်သို့လာရောက်စဉ် မန်ခိန်ကျောင်းဝင်းထဲတွင် အမှတ်တရဓာတ်ပုံရိုက်ခဲ့သူ ခြောက်ဦးအနက်မှ တစ်ဦးဖြစ်သည်။
၎င်းတို့နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်က မှတ်မှတ်ထင်ထင်ရှိနေသည့် အကြောင်းအရာတစ်ခုက အရယ်၊အပြုံးနည်းပါးသော ဗိုလ်ချုပ်အပြုံးကိုတွေ့လိုက်ရ၍ ဖြစ်သည်။
“အဖွားရဲ့ အမှတ်တရတစ်ခုပေါ့။ ဗိုလ်ချုပ်ကဘယ်တော့မှမရယ်ဘူးတဲ့၊ အဲဒီဓါတ်ပုံရိုက်တဲ့အချိန်မှာ ဗိုလ်ချုပ်က ရယ်တယ်တဲ့ ဘာကြောင့်ရယ်လဲဆိုတော့ အဲဒီဓါတ်ပုံဆရာကစလိုက်တာတဲ့ ဗိုလ်ချုပ်ရေအခု ကချင်အမျိုးသမီးတွေနဲ့ ဓါတ်ပုံရိုက်ရင် ဒေါ်ခင်ကြည်စိတ်ဆိုးမယ်နောလို့ ပြောတဲ့အခါမှာ ဗိုလ်ချုပ်ကတစ်ခါတည်းကို ပြုံးဖြစ်သွားတာတဲ့ အဲဒါ သူ အမှတ်တရ သတိရတယ်လို့ပြောတာ”ဟု ပြောသည်။
၁၉၄၆ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားကိုရောက်ရှိချိန် ကချင်အမျိုးသမီးအဖွဲ့က ဗိုလ်ချုပ်ကို ထမင်းချက်ဧည့်ခံကျွေးမွေးခဲ့ပုံကို အသက် ၉၁ နှစ်ရှိပြီး အဖွားမကောန်ခေါန်ရော်က အခုလိုပြောပြသည်။
“ထမင်းချက်ဖို့ ခေါ်ထားတာ။ အဲဒီဓါတ်ပုံမှာပါတဲ့သူတွေက ဝန်ကြီးတွေနဲ့ အဲဒီအနားမှာ အစည်းအဝေး လုပ်ကြတယ်။ တချို့က မြန်မြန်နားမလည်တော့။ အဲချိန် ဆမားဒူဝါက “နင်တို့က ဒီလောက်တောင်မှထိုင်းသလား။ နင်တို့ဦးနှောက်က ဒီလောက်ပြောရင်လည်း နားမလည်ဘူး။ ဘယ်လိုနားတွေလဲ ဆမားဒူဝါကတော့ အရင်တုန်းကတည်းက အဖိုးအဖွားခေတ်ကတည်းက နိုင်ငံရေးသမားကိုး နိုင်ငံရေးပဲသိတာ။ အခြားဘာမှမသိဘူး။ စာလည်းတစ်ပြားဖိုးမှမသိဘူး။ အဲလိုဓားလွယ်ထုတ်သလိုလုပ်ပြီးပြောနေတာ ကျွန်မတို့ ထမင်းချက်တဲ့နေရာကနေ အော်သံကြားလို့ ထွက်ကြည့်လိုက်တယ်။ ဘာတွေဆွေးနွေးကြတယ်ဆိုတာတော့ မကြားရဘူး”ဟု အဖွား မကောန်ခေါန်ရော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
မြစ်ကြီးနားမြို့ကို ရောက်ရှိလာသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာမှာပါသည့် ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနော် အပါအဝင် ဝန်ကြီးများ၊ အစည်းအဝေးလုပ်ခဲ့သည့်အကြောင်းကို အဖွား မကောင်ခေါန်ရော်ကပြောပြခြင်းဖြစ်သည်။
ဗိုလ်ချုပ်ရှိစဉ် တောင်တန်းမြေပြန့် တန်းတူညီမျှရေးအားပေးခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ပါသည့် ပြည်ထောင်စုဖြစ်ပေါ်လာအောင် လုပ်သွားခဲ့မည်ဟု ကချင်တိုင်းရင်းသားများက ယူဆခဲ့ခြင်းဖြစ်သည်။
“မလုပ်မဖြစ်တော့ လုပ်မှာပဲ ထင်တယ်လေ..။ အဖွားက အရင်ကသူပြောတဲ့ သဘောထားတွေကလည်း အဲလိုပဲ နားလည်တာလေ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်လို့ပြောတာလေ အဲဒါမဖြစ်ခင် သွားပြီလေ” ကွယ်လွန်သွာပြီဖြစ်တဲ့ ဗိုလ်ချုပ်၏ ဗမာတစ်ကျပ်ဆို၊ ကချင်တစ်ကျပ်ဆိုတဲ့ စကားကို အဖွား၏ ပြောဆိုခြင်းကို အခုလိုဆက်ပြောသည်။
“အာဇာနည်နေ့ရောက်လာတိုင်း အဖွားရဲ့စိတ်ထဲမှာ အရင်တုန်းကအားလုံး တောင်တန်းမြေပြန့် အားလုံးကို မျှတစွာ လူတန်းစားမခွဲခြားပဲနှင့် လုပ်ဆောင်သွားမယ်ဆိုပြီး ပြော သွားတဲ့ ဗိုလ်ချုပ်ကို သတိရမိတယ် နှမျှောမိတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကို အကောင်အထည်မဖော်သွားနိုင်တဲ့ အ တွက် အမြဲဝမ်းနည်းခံစားနေရတယ်။”ဗိုလ်ချုပ်ကိုတွေ့မြင် သိကျွမ်းခဲ့ရပြီး အမှတ်တရရှိခဲ့သူတစ်ယောက်၏ ရင်ထဲကစကားတွေဖြစ်ပါသည်။ သူတို့နှင့်တွေ့ဆုံပြီး မကြာခင် ဗိုလ်ချုပ်တို့အဖွဲ့တွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ၁၉၄၇ခုနှစ်က အခြေအနေတွေကို ပြောပြတာဖြစ်ပါသည်။
“အဲဒီအချိန်တုန်းကဆိုလို့ရှိရင် ဗိုလ်ချုပ်ကို ချစ်ခင်တဲ့စိတ်ဓါတ်အားလုံးမှာ ရှိနေတဲ့အတွက် တစ်ခါတည်း တုန်လှုပ် ခြောက်ခြားပြီး မကောင်းဆိုးဝါးသတင်းတစ်ခု ကြားလိုက်ရသလိုပဲ စိတ်ထဲမှာ အင်မတန်မှ ဝမ်းနည်းကြေကွဲ ခံစားရပြီးမှ မျက်ရည်ကျခဲ့တယ်။ အဖွားလည်းငိုခဲ့တယ်။ မျက်ရည်လည်ကျခဲ့တယ်။ နှမျောတဲ့စိတ်နဲ့လည်း အမြဲတမ်း အကောင်အထည်မဖော်နိုင်တော့ဘူး ဆိုတာကိုလည်း သတိရလို့ ဝမ်းနည်းကြေကွဲတယ်။ လာရောက်တုန်းကလည်း အင်မတန်မှ ပျော်ရွှင်ပြီး အင်မတန်မှတိုင်းပြည်ကိုချစ်တဲ့ စိတ်ရှိတဲ့ဗိုလ်ချုပ်ကို အရမ်းနှမျောတယ်။ အနီးအနားမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေ တချို့တွေလည်း အားလုံးဝမ်းနည်းကြေကွဲပြီး ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။
ဗိုလ်ချုပ်ကျဆုံးပြီးသည့်နောက် အဖွားမကောင်းခေါန်ရော်သည် ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် အတွင်းဝင်ရုံးနေရာကို သွားရောက်ကြည့်ခဲ့ကြောင်းကိုလည်း ပြောပြသည်။
“အဲဒီရုံးကြီးရဲ့အတက်က သူတို့တိုင်ပင်တဲ့အခန်း ထင်တယ်။ အရှည်ကြီးပဲ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်တွေ ဒီမှာလာတွေ့တုန်းက ပေးလိုက်တဲ့ ဓားလွယ်တွေ လွယ်အိတ်တွေ ခေါင်းပေါင်းနဲ့ ဒီမှာပေါင်းပေးလိုက်တဲ့ ခေါင်းပေါင်းဓါတ်ပုံတွေနဲ့ ဆွဲထားတဲ့ အဲဒါကိုသွားတွေ့တယ်။ လွမ်းလည်းလွမ်းတာပေါ့ ဗိုလ်ချုပ်ကို။ ဆမားဒူဝါနဲ့ စကားပြောတဲ့ဟာတွေ အဲဒီတုန်းက ဓါတ်ပုံကို မြင်လိုက်တော့ သိပ်လွမ်းတယ် သိပ်သတိရတယ်။ အဲဒီတုန်းက သူပြောတဲ့စကားတွေ သူ့အပေါင်းအသင်းတွေနဲ့ သူ့အကျင့်တွေကိုလွမ်းတာပေါ့”ဗိုလ်ချုပ်နှင့် အမှတ်တရများရှိခဲ့ အဖွား မကောန်ခေါန်ရော်သည် ဗိုလ်ချုပ်၏သမီးဖြစ်သူနှင့်လည်း ၂ ကြိမ် တွေ့ခွင့်ရခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စတွေ ပြောချင်ခဲ့ပေမယ့် ပြောခွင့်မရခဲ့လို့လို့ ပြောပါတယ်။
“အဲဒီအချိန် အောင်ဆန်းကော့ (ကချင်တိုင်းရင်းသားများက အောင်ဆန်းသမီးကြီးလို့ ခေါ်တယ်)နဲ့လည်း အဲဒီခဏပဲတွေ့ရတယ်။ သိပ်လည်းနားမလည်တော့ တခြားရှည်ရှည်ဝေးဝေး စကားမပြောဖြစ်ဘူးလေ။ အကုန်လုံးပြန်တဲ့အခါ နုတ်ဆက်တဲ့အခါမှာ ဗိုလ်ချုပ်အုဘိတူးနေအိမ်မှာ ဓါတ်ပုံရိုက်တာ သတိရလားလို့ပဲ ကျွန်မမေးတာ သူကလည်း သတိရတယ်လို့ပဲ ပြောနိုင်တာအဲလိုပဲနုတ်ဆက်တာ တခြားဘာမှ မပြောခိုင်းဘူး။ မေးလည်းမမေးဘူး။ သူကလည်းဘာမှမပြောဘူး။ မေးမဲ့အချိန်လည်းမရှိဘူးလေ… လမ်းသွားရင်း နှုတ်ဆက်တာကြီး။ နှစ်ယောက်လုံးကတူတူပဲလေ။ စုကြည်လည်း အခုထိအကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ပြောရင်လည်းသိပ်ခက်တာပဲ .. အဲဒီအပိုင်းတော့”ဟု အဖွားကဆက်ပြောသည်။
အဖွား မကောင်းခေါန်ရော်သည် စစ်မူထမ်းဆရာမတစ်ယောက်ဖြစ်ပြီး စစ်ပြီးခေတ်တွင် နမ့်ခမ်းတွင် သူနာပြုသင်တန်းဆည်းပူးခဲ့ပြီး မဟာမိတ် ၁၀၁ တပ်ဖွဲ့က အမှုထမ်းအရာရှိတစ်ဦးဖြစ်သူ အင်ခွမ်ဂမ်နှင့် လက်ထပ်ကာ သား ၅ ယောက်နှင့် သမီး ၂ ယောက်ထွန်းကားခဲ့သည်။ ယခုလက်ရှိ မန်ခိန်ရပ်ကွက်တွင် နေထိုင်လျက် ရှိသည်။
လဖိုင်လု၊ ခေါင်နုတ်







