မြစ်ကြီးနားမြို့ ဧရာဝတီ တစ်ဖက်ကမ်းက ဝိုင်းမော်မြို့နယ် မခန္တီးကျေးရွာမှာ သန့်စင်တဲ့ သောက်ရေ၊ သုံးရေ ရှားပါးတဲ့ ပြဿနာကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် ဆောင်းနှောင်းကာလတွေနဲ့ နွေရာသီကာလတွေမှာ ကျေးရွာအတွင်း သန့်စင်တဲ့ရေ မရရှိဘဲ ရှိနေပါတယ်။
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ အခြေချထားတဲ့ မခန္တီးလို ကျေးရွာအတွက် ရေမရှားပါးပေမယ့် သန့်စင်တဲ့သုံးရေ မရရှိတာက အခက်အခဲဖြစ်နေစေပါတယ်။ ကျေးရွာအတွင်းက အချို့ရပ်ကွက်တွေမှာ သန့်စင်တဲ့ ရေမထွက်တာ မျိုးတွေ ရှိပါတယ်။
“ဘုံဘိုင်ရေက ခဏဆို သဲတွေ အများကြီးလာပြီ။ တွင်းတူးထားတာလည်း ဒီနှစ်ပဲ တူးထားတာ။ တစ်နှစ်တောင် မပြည့်သေးဘူး။ အရင်ကတည်းက ဒီဘုံဘိုင်ကပဲ သုံးတယ်။ ရေမကောင်းလို့ ပြန်တူးရင်လည်း အခုထိရေက မသန့်ဘူး”လို့ မခန္တီးကျေးရွာ ရပ်ကွက်(၃)မှာ နေထိုင်တဲ့ ဒေါ်မရန်လုက ဆိုပါတယ်။
သူ့အနေနဲ့ အဲ့ဒီကျေးရွာမှာနေထိုင်ခဲ့တာ နှစ်ပေါင်းခြောက်ဆယ်လောက် ရှိနေပါပြီ။ သူ နေထိုင်ခဲ့စဉ် တစ်လျှောက်လုံး ရေအခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ဒေါ်မရန်လုတို့ နေအိမ်တစ်လျှောက်မှာတော့ ဘုံဘိုင်ပေ(၅၀)နီးပါး တူးပေမယ့် ရေကောင်း မထွက်ပါဘူး။
ရေထဲမှာ သဲတွေပါတာ၊ ရေအရောင် အနီရောင်တွေ ဖြစ်တာကြောင့် သုံးရေအတွက်တောင် သုံးလို့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် စိုက်ပျိုး မွေးမြူရေးကို အဓိကက လုပ်ကိုင်ကြရတဲ့ ဒေါ်မရန်လုတို့အတွက် ရေက အဓိကကျတဲ့ အရာပါ။ တစ်ခါတစ်ခါ အဲ့ဒီရေသုံးလို့ အရေပြား ယားယံတာမျိုးတောင် ဖြစ်ဖူးတယ်လို့လည်း သူက ပြောပါတယ်။ သူ့အနေနဲ့ သန့်စင်တဲ့ ရေရှိဖို့ အတွက်တော့ လမ်းထိပ်က ရေတွင်းကိုပဲ အားကိုးရပါတယ်။ ဒေါ်မရန်လုတို့အိမ်ဝန်းကျင်က ရွာသားတွေအနေနဲ့ ရေရရှိဖို့ ကိုက်(၁၆၀၀)ဝန်းကျင်ရှိတဲ့ လမ်းထိပ်နေရာက အများပိုင်ရေတွင်းကိုပဲ တစ်သက်လုံးမှီခိုနေကြရပါတယ်။

ရေခပ်တဲ့နေရာ ဝေးလံတာကြောင့် ဒေါ်မရန်လု အနေနဲ့လည်း အသက်ဆယ့်လေးနှစ်အရွယ် မြေးဖြစ်သူကိုပဲ ရေခပ်ဖို့ အဓိက အားကိုးနေရတာပါ။ ရေပုံး (၅)ဂါလံ (၂)ပုံးကို တစ်ပတ်လောက်ထိ သုံးရတယ်လို့ ဆိုပါတယ်။
“တစ်ခါတလေတော့ ငိုတောင်ငိုချင်တယ်။ ပြောတောင် မပြောနဲ့တော့။ သားသမီးတွေ၊ မြေးတွေ အခင်းသွားတဲ့အချိန်ဆို ကျွန်မတစ်ယောက်တည်း ရေလည်း သွားမခပ်နိုင်ဘူး။ လမ်းလျှောက်ပြီးသွားခပ်ရင် မိနစ်(၂၀) လောက်တော့ရှိမယ်”လို့ ဒေါ်မရန်လု တစ်ယောက် ညည်းညူနေပါတယ်။
အရင်အချိန်တွေတုန်းကတော့ ရေရရှိဖို့အတွက် သူတို့အခြေအနေက အခုထက်တောင် ပိုခက်ခဲခဲ့ပါတယ်။ မခန္တီးကျေးရွာကို ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ တည်ထားပေမယ့် ဒေါ်မရန်လုတို့ နေအိမ်ရှိရာ အရပ်ဖက်ကတော့ မြစ်နဲ့ဝေးတဲ့ တစ်ဖက်မှာ တည်ရှိပါတယ်။
အရင်ချိန်တွေတုန်းကတော့ မိုးတွင်းကာလမှာဆိုရင် ရွံ့ဗွက်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်လမ်းကြားကို ဖြတ်နင်းရင်း ရေရှိရာအရပ်ကို သွားခပ်ကြရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သဲကျောက်ခင်းလမ်းတွေ ဖြစ်သွားတာကြောင့် အနည်းငယ် သက်သာရာရကြောင်း ရှင်းပြပါတယ်။
မခန္တီးကျေးရွာမှာ ပျှမ်းမျှအားဖြင့် သာမန်လူတန်းစားတွေ အနေနဲ့ ရေတွင်းတစ်တွင်းကို အိမ်ထောင်စု (၅)ခုကနေ (၁၀)ခုအထိ ပေါင်းသုံးနေကြရပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ရာသီတွေမှာ ရေခမ်းခြောက်သွားတာကြောင့် လူဦးရေများများ ပေါင်းသုံးတာက ဘယ်လိုမှ အဆင်မပြေစေပါဘူး။ ရေမြေ အနေအထား သဘာဝအရလည်း ရေရှားပါးတဲ့ အဲ့ဒီရွာလေးအတွက် ကျေးရွာနေ ပြည်သူတွေအနေနဲ့ ရေတွင်းအလှူရှင်ကိုပဲ မျှော်လင့်ကြရပါတယ်။ ပုံမှန်အားဖြင့် အသိဆွေမျိုးတွေကနေ ရေတွင်းအလှူပေးတာတွေ ရှိပြီး ငွေကြေးရှိတဲ့ သူတွေကတော့ ကိုယ်ပိုင်ရေတွင်း တူးဖော်ယူတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ အများပိုင်ရေတွင်းကိုပဲ အားထားနေရဆဲပါ။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေလည်း လွန်ခဲ့တဲ့နှစ်တွေက ရေတွင်းအနည်းငယ် လာရောက် တူးဖော်ပေးတာရှိပါတယ်။ သို့ပေမဲ့ အိမ်ထောင်စု (၄၁၄) အိမ်ထောင်၊ ရပ်ကွက်နယ်မြေ(၄)ခုရှိတဲ့ရွာ အတွက်တော့ ယနေ့ထက်ထိ လောက်ငှမှု မရှိသေးပါဘူး။
“ရွာသားတွေက ရေခက်တယ် ဆိုပြီး လာပြောကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လည်း အလှူရှင်ရှိရင် အလှည့်ကျလုပ်ပေးနေရတယ်”လို့ မခန္တီး အုပ်ချုပ်ရေးမှူး ဦးရိုဆန်းက ပြောပါတယ်။
ရေရရှိဖို့ ခက်ခဲတာဟာ ဒေါ်မရန်လုတို့ နယ်မြေတစ်ကြောပဲ မဟုတ်ပါဘူး။ မြစ်ဆိပ်နဲ့နီးတဲ့ မခန္တီးနယ်မြေ(၃)ဖက်မှာလည်း ကျောက်ကြောများတာကြောင့် အခုထက်ထိ ရေဘုံဘိုင်တူးလို့ မရသေးပါဘူး။ အဲ့ဒီတစ်ကြောမှာရှိတဲ့ အိမ်ခြေ (၃၀)လောက်ဟာ မြစ်ဆိပ်ရေနဲ့ အများသုံးရေတွင်းက ရေကို မျှသုံးနေကြရပါတယ်။
နှစ်စဉ် ခြောက်သွေ့ရာသီရောက်တိုင်း ရေခမ်းခြောက်တာနဲ့ အမြဲကြုံရတာကြောင့် ရေတွင်းတစ်တွင်း ကို အိမ်ထောင်စုများများ ပေါင်းသုံးတာက လူမှုရေး ကတောက်ကဆတွေ အထိတောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။
“ရေက သောက်လို့ မရဘူး။ အဝေးကြီး ထမ်းပြီးခပ်ရတယ်။ ရေမော်တာနဲ့ ဆိုရင်လည်း ပိုက်ဆံက မတတ်နိုင်ဘူး။ နေ့တိုင်းပဲ ထမ်းပြီး ခပ်ရတယ်။ အခု နီးနေတဲ့ ရေတွင်းက တစ်လပိုင်း၊ (၂)လပိုင်းလောက်ပဲ သောက်ရတယ်။ နောက်ဆို ခမ်းပြီ”လို့ အဲ့ဒီ နယ်မြေမှာနေထိုင်တဲ့ ဦးလီလီရမ်က ပြောပါတယ်။
ဦးကာဆီနတ်တို့မိသားစုတွေကတော့ ဘေးအိမ်က ရေတွင်းကိုပဲ ပေါင်းသုံးနေကြ ရပါတယ်။ အဲ့ဒီ ရေတွင်းတစ်တွင်းကိုပဲ အနီးအနားက အိမ်ထောင်စု ခြောက်ခုလောက် ပေါင်းသုံးကြတာပါ။
“အခုက သူများအိမ်ကနေ ပိုက်နဲ့ဆွဲသုံးနေရတယ်။ နောက်လဆိုရင် ရေပြန်မရတော့ဘူး။ မနက်လေးနာရီလောက် ထပြီးခပ်ရတယ် မိုးလင်းမှဆိုရင် သုံးတဲ့လူများတော့ မလောက်ဘူး”လို့ ဦး ကာဆီနတ်က ပြောပါတယ်။
ကျေးရွာအတွင်းမှာတော့ သောက်ရေအဖြစ် ရေသန့်စက်ရုံက သောက်ရေသန့်ကို လမ်းမပေါ်က အချို့အိမ်တွေ ဝယ်ယူသောက်သုံး ကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဦးကာဆီနတ်တို့ အိမ်တစ်ကြောကတော့ ဒီအခွင့်အရေး မရကြပါဘူး။ အကြောင်းက ဦးကာဆီနတ်တို့ အိမ်လမ်းကြားဟာ ကျောက်ခင်းလမ်း ကြမ်းတာကြောင့် ရေသန့် အရောက်မပို့ပေးတာလို့ ဆိုပါတယ်။
ကျေးရွာက အိမ်တိုင်း လိုလို စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပေမယ့် ရေရှားပါးတာကြောင့် အသီးအနှံတွေ ထင်သလောက် မကြီးထွားဘူးလို့ ဦးကာဆီနတ် တစ်ယောက် သူ့ရဲ့အပင်တွေကို ကိုင်ရင်း ပြောပြနေပါတယ်။ ရေ အလုံအလောက် မရတာကြောင့် အရွက်စိမ်းတွေအစား အဝါရောင်သန်းနေတဲ့ အပင်ပုလေးတွေကို မြင်တွေ့ရပါတယ်။
ရေရှားပါးမှု ပြဿနာဟာ နေ့စ္စဓူ၀ ရင်ဆိုင်ရတဲ့ သောက်ရေ၊ သုံးရေ အခက်အခဲသာမကဘဲ အခုလို ကိုဗစ်ကာလမှာ ရောဂါကာကွယ်ရေးအတွက် လက်ဆေးရတဲ့ နေရာတွေမှာတောင် အခက်အခဲဖြစ်လို့ နေပါတယ်။
ရွာသားတွေ အနေနဲ့ ပူပြင်းခြောက်သွေ့လှတဲ့ နွေရာသီလို အချိန်မျိုးတွေမှာတောင် ရေပုံမှန်ချိုးနိုင်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ရေချိုး၊ အဝတ်လျှော်ဖို့ သုံးရေအဖြစ် မြစ်ရေကို အသုံးပြုကြပေမယ့် ရေခမ်းချိန် နေအိမ်နဲ့ မြစ်ရေအကွာအဝေးဟာ ပေ(၁၀၀၀)လောက် ဝေးကွာသွားတာကြောင့် သက်ကြီးရွယ်အိုတွေ အတွက် မြစ်ကမ်းပါး အတက်အဆင်းလုပ် သွားလာဖို့ ခက်ခဲလှပါတယ်။
“ရေချိုးဖို့ဆိုရင် မြစ်ဆိပ်ပဲသွားတယ်။ ကလေးတွေလည်း အဲ့ဒီကိုပဲ သွားတယ်။ (၃)ရက် လောက်ဆိုတစ်ခေါက် သွားတယ်။ ရေတွင်းက ရေက ချက်ပြုတ်စားသောက်ဖို့ပဲ သုံးတယ်။ အဘိုးအဘွားတွေအတွက်တော့ ရေခပ်ပြီး ချိုးပေးတယ်”လို့ အသက် (၆၂)နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ဒမ်မာန်သီးက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ရေတွင်း(၂)တွင်း တူးဖော်ပေးဖို့ စာတင်ပြထားတာကနေ ရေတွင်းတစ်တွင်း ရရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရေတွင်းအလှူရှင်တွေ တူးပေးနေကျဖြစ်ပေမယ့် ကိုဗစ်ကာလ အခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေကြရပါတယ်။
ရေရှားပါးမှု ပြဿနာဟာ မခန္တီးကျေးရွာအတွက် ကြုံတွေ့နေကျ ဖြစ်လို့ပြဿနာ မမည်ပေမယ့် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်စိတ်တွေ မြင့်နေကြပါတယ်။
အခုလို ရေရှားတာဟာ အဆင်ပြေတဲ့ မိသားစုတွေအဖို့ ရေမော်တာတွေ တပ်ဆင်ပြီး ဖြေရှင်းနိုင်ပေမယ့် လက်လုပ်လက်စား မိသားစုတွေအတွက်ကတော့ နှစ်ပေါင်းကြာရှည် ခံစားနေရတဲ့ ဒုက္ခက လွတ်မြောက်နိုင်ဖို့ အလှူရှင်တွေကို မျှော်ကိုးနေရဆဲပါ။
Ann, Benadeth, မျိုးမြတ်မြတ်ပန်







