မြန်မာပြည်မြောက်ဖျားပိုင်းက ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသက ကျောက်စိမ်းတွေ တစ်ရက်ကို တန်ချိန် ၆၀၀ လောက် နယ်စပ်ဂိတ်(ကန်ပိုက်တည်၊ လွယ်ဂျယ်၊ နန့်စီးအောင်၊ မူဆယ်) လမ်းကြောင်းတွေကနေ တရားမဝင်ထွက်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နှစ်စဉ်ကျင်းပနေတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကရရှိတဲ့ အခွန်ငွေပမာဏကို လေ့လာကြည့်တဲ့ အခါမှာတော့ ၆ ဘီလီယံ ထက်မပိုတာကို တွေ့ရပြီးတော့ တရားမဝင်သွားနေတာနဲ့ နှိုင်းဆကြည့်ရင် ၁၀ ဆလောက်နဲ့တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၆၀ လောက် ဆုံးရှုံးနေတာပါ။

တန်ဖိုးမြင့် ဂျေဒိုက်(Jadite)အမျိုးအစား မြန်မာ့ကျောက်စိမ်းတွေက အိမ်နီးချင်းတရုတ်နိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိနေတာဖြစ်သလို တစ်နှစ်ရဲ့ ကျောက်မျက်ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းလောက်က တရားမဝင်လမ်းကြောင်းက သွားနေတာဖြစ်ပါတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပြခဲ့တာပါ။
“တရားမဝင်သွားနေတာမှအများကြီးပဲ။ အားလုံးလည်းအသိပဲ။ ကျွန်တော်သိရသလောက်ကတော့ တရားမဝင်သွားနေတာက အခုနောက်ပိုင်းပိုများလာတယ်”ဟု ဦးတင့်စိုးကပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ ထုတ်ဝေတဲ့ Global Witness ရဲ့ အစီရင်ခံစာအရ ကျောက်စိမ်းထုတ်လုပ်မှုက တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ (ပြည်ထောင်စု ကျန်းမာရေးအသုံးစရိတ်ရဲ့ ၄၆ ဆခန့််) ရှိတယ်လို့ဆိုထားပေမယ့် အစီရင်ခံစာထွက်ပြီးတဲ့နောက်ပိုင်းမှာ နေ့နေ့ညညတူးနေလို့ ဘီလီယံ ၆၀ကျော်တဲ့ထိတောင် တရားမဝင်ထွက်နေတယ်လို့ လွှတ်တော်မှာ ပြောဆိုခဲ့တာတွေရှိတယ်လို့လည်း မြန်မာ့ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)မှ ဥက္ကဋ္ဌဒေါက်တာ Mကောန်လက ပြောပါတယ်။
“Global Witness နောက်ကျနေပါပြီ။ အခုတူးနေတာပိုဆိုးတယ်။ ကချင်ပြည်နယ်လွှတ်တော်မှာ ပြောသွားတာက Global Witness ထက်နှစ်ဆလောက်ပိုများတယ်”လို့ ဒေါက်တာ Mကောန်လက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုခဲ့တာပါ။
ကျောက်စိမ်းရောင်းချမှုတွေမှာ မူဆယ် ၁၀၅ မိုင် ကနေ တင်ပို့ရောင်းချခြင်း၊ ကျောက်မျက်ရတနာ ပြပွဲတွေမှာကျောက်စိမ်းတွဲတွေကို ယူရိုငွေနဲ့ရောင်းချခြင်းနဲ့ ကျောက်စိမ်းအချောထည်တွေကို နေ့ချင်းပြီး OSS(One Stop Service) သယ်ဆောင်ခွင့်စနစ်နဲ့ ရောင်းချခြင်းတို့မှာ ကျောက်မျက်ပြပွဲက ဝင်ငွေအများဆုံးရရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲမှာ အမေရိကန်ဒေါ်လာ ၆၉၀ သန်းရောင်းချခဲ့ရပါတယ်။
ကျောက်စိမ်းလုပ်ငန်းက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ၁၇ သိန်းခန့်သော ပြည်သူတစ်ဦးချင်းစီ အတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂၁,၀၀၀ တန်ဖိုးနဲ့ညီမျှတဲ့ ဝင်ငွေကို ရှာပေးနိုင်တဲ့ လုပ်ငန်းဖြစ်တယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နေ့ဘက်တွေမှာ နယ်စပ်လမ်းကြောင်းကနေ သွားတယ်
ကုန်သည်အများစု အခွန်ရှောင်ပြီး မှောင်ခိုတွေထွက်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းက တရားမဝင်လမ်းကြောင်းက တင်ပို့ရောင်းချတာဟာ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင်လမ်းကြောင်းက ကျောက်စိမ်းတွေ သွားနေတယ်ဆိုပေမယ့် ညဘက်တွေမှာ ခိုးထုတ်တာမျိုး မဟုတ်ဘဲ မနက်ပိုင်းတွေမှာ ကားတွေနဲ့ ပေါ်ပေါ်တင်တင်သွားနေကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အစိုးရဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေလည်း ပါဝင်နေပါတယ်။
ကျောက်စိမ်းတွေကို တရားမဝင်တင်ပို့နေတာကတော့ ကန်ပိုင်တည်လမ်းကြောင်း၊ မူဆယ်လမ်းကြောင်း၊ လွယ်ဂျယ်လမ်းကြောင်းကနေ တင်ပို့ကြတာဖြစ်တယ်။ သည်ဂိတ်တွေက တရားဝင်နယ်စပ်ဂိတ်တွေဖြစ်ပြီး အစိုးရဘက်ကို ဖြတ်ရသလို လက်နက်ကိုင်တပ်ဖွဲ့ဂိတ်တွေကိုလည်း ဖြတ်သန်းရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်နေ့က အမျိုးသားလွှတ်တော်မှာ “မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်” ဆိုတဲ့ အဆိုဆွေးနွေးကြပါတယ်။ သည်အဆိုအပေါ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံအနေနဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်းမှာ ကျောက်စိမ်းထုတ် လုပ်မှုပမာဏကီလိုဂရမ်ပေါင်း ၃၆၁ သန်းရှိပြီး တရုတ်နိုင်ငံကို တရားဝင်တင်ပို့တဲ့ ကျောက်စိမ်းပမာဏက ၇၂ သန်းပဲ ရှိတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံပဲ တရားဝင် တင်ပို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းတရားဝင်လုပ်ငန်းလိုင်စင် နှစ်သောင်းကျော်ကနေ ကျောက်စိမ်းတွေထုတ်လုပ်နေပြီး ဒီဒေသတွေမှာ ငြိမ်းချမ်းခြင်းနဲ့တရားဥပဒေစိုးမိုးခြင်း မရှိတာတွေကလည်း တရုတ်နိုင်ငံကို ကျောက်စိမ်းတရားမဝင်တင်ပို့တဲ့ မှောင်ခိုလမ်းကြောင်းတွေကို အားကောင်းနေစေတာလည်း ဖြစ်ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာန စာရင်းတွေအရ ဖားကန့်ဒေသတစ်ခုတည်းမှာပဲ လုပ်ကွက်ဧရိယာ ၃၅၀၀၀ ဧကရှိပြီး အရင်အစိုးရ မဆင်းခင် ၂၀၁၆ ခုနှစ်အစောပိုင်းကာလမှာ လိုင်စင်ပေါင်း နှစ်သောင်းကျော်ချပေးခဲ့တာပါ။ ဖားကန့်ကနေ ကန်ပိုက်တည်လမ်းကြောင်းအတိုင်း တင်ပို့မယ်ဆိုရင်တော့ စစ်ဆေးရေးဂိတ်အနည်းဆုံး ၁၃ ဂိတ်လောက်ဖြတ်ရပါတယ်။ ပြီးမှ တရုတ်နိုင်ငံကူယုံးမြို့ကို ရောက်ပါတယ်။ ဒီကမှာတစ်ဆင့် ထိန်ချုံး၊ ရင်ကျန်း၊ ရွှေလီမြို့တွေကို သယ်ပို့နေတာဖြစ်ပြီးတော့ တရုတ် ပြည်မ ခွင်းမင်မြို့အထိ တိုက်ရိုက်သွားတာတွေလည်း ရှိတယ်လို့လည်း သိရပါတယ်။ တရုတ်စကားနဲ့ ဗမာစကား၊ ကချင်စကားတတ်တဲ့ ကျောက်စိမ်းကုန်သည် ပွဲစားတွေကတော့ ရင်ကျန်းမြို့က ဟော်တယ်ကြီးတွေမှာ အခန်းလပြတ်ယူထားပြီး မြန်မာပြည်ကလာ တဲ့ ကျောက်သမားတွေရဲ့ ကျောက်တွေကို ဒိုင်ခံရောင်းချပေးကြပါတယ်။
ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းက သွားရင်တော့ ဂိတ် ၂၀ လောက်ကို ဖြတ်ကျော်ပြီးမှ တရုတ်နိုင်ငံ လိုင်းရင်းမြို့ကိုရောက်ပြီးတော့ မြန်မာနိုင်ငံ မူဆယ်မြို့နယ် ခြံစည်းရိုးပဲခြားတဲ့ ဂျယ်ခေါင်မြို့နဲ့ရွှေလီမြို့တွေမှာ သွားရောက်ရောင်းချကြတာပါ။ တရုတ်ပြည်ထဲကို ရောက်သွားပြီဆိုတာနဲ့ ကျောက်စိမ်းကို ဘယ်ရဲတပ်ဖွဲ့ကမှ လာမဖမ်းကြပါဘူး။ လမ်းကြောင်းမှာတွေ့တဲ့ တရုတ်ဂိတ်တွေကလည်း ကားပေါ်မှာပါလာတဲ့ ကျောက်စိမ်းတွေနဲ့ ပတ်သက်ပြီး ရစ်တာတွေ၊ ညစ်တာတွေမရှိပါဘူး။ ဒါ့ကြောင့် ရွှေလီမြို့က ကျောက်စိမ်းအရောင်းပြခန်းတွေဟာ မြန်မာနိုင်ငံက စူပါမားကက်ကြီးတွေ၊ ကုန်တိုက်ကြီးတွေထက် ခမ်းနားထည်ဝါပြီး ကျောက်စိမ်းဈေးတန်းတစ်ခုမှာဆို မြန်မာနိုင်ငံက ဟင်းရွက်ကန်စွန်းရွက်ဈေးတန်းလို ရောင်းချနေကြတာပါ။
မိုးညှင်း-မန္တလေး- မူဆယ် လမ်းကြောင်းကတော့ အဆင့်မြင့်ကုန်သွယ်ရေးဇုန် နှစ်ခုကို ဖြတ်သွားရပါတယ်။ ဂိတ်ကတော့ ၁၀ ဂိတ်လောက်ဖြတ်ရတယ်လို့ ကျောက်ကုန်သည်တစ်ဦးက ဆိုပါတယ်။ ကျောက်စိမ်းပိုင်ရှင်တွေက ဖားကန့်ကနေ တရုတ်ပြည်ရောက်တဲ့အထိ ကျောက်တစ်ပိဿာကို ငွေကျပ် ၁၀၀၀၀ ဝန်းကျင် ပေးပြီးကယ်ရီအပ်ကြတာ များပါတယ်။ ကယ်ရီသမားတွေက ကားတွေမှာ အံဝှက်တွေလုပ်ပြီး ခိုးသယ်တာရှိသလို လမ်းမှာရှိတဲ့ဂိတ်တွေကို ပိုက်ဆံပေးပြီး ဆယ်ဘီးကားတွေနဲ့ ပေါ်တင် သယ်ယူနေကြတာလည်း ရှိတယ်လို့ ကျောက်လောကမှာ တရုတ်ပြည်ကို ကိုယ်တိုင်သယ်ယူရောင်းချခဲ့ဖူးတဲ့ မြစ်ကြီးနားသားတစ်ယောက်က ပြောပါတယ်။
ဒီလိုဂိတ်တွေကနေ တရုတ်နိုင်ငံကို နေ့စဉ်နဲ့အမျှ မြန်မာ့ကျောက်စိမ်းတွေ တရားမဝင် တင်ပို့ရောင်းချနေတာတွေကို အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်သင့်ပါပြီလို့ ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။
“တရားမဝင်တွေ သွားနေတာ အားလုံးလည်းအသိပဲ။ ဂိတ်တွေလည်း အများကြီးပဲ။ လွတ်သွားပြီး တရုတ်ဘက်ကိုရောက်သွားတာတွေက လမ်းမှာ တစ်ဂိတ်မှ မဖမ်းမိဘူးလား။ မဖမ်းမိတာတော့ မဖြစ်နိုင်ပါဘူး။ နားလည်မှုနဲ့ သွားတယ်လို့ပဲ အန်ကယ်မြင်တယ်”ဟု ဦးရွှေသိန်းက သုံးသပ်ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့ လက်ရှိအစိုးရအပြောင်းအလဲမတိုင်မီကာလ ၂၀၁၅ နှောင်းပိုင်းမှာ ကျောက်စိမ်းကို ယန်္တရားတွေနဲ့အလွန်အကျွံတူးခဲ့တာဖြစ်ပြီးတော့ တရုတ်ပြည်ကျယ်ဂေါင်မြို့နဲ့ ရွှေလီမြို့တွေမှာ တစ်လကို တရုတ်ငွေယွမ်သိန်း ၅၀၀ ဖိုး(ကျပ်သိန်းပေါင်း တစ်သိန်းကျော်ခန့်) လောက်ရောက်ရှိနေ တယ်လို့လည်း ရွှေလီမြို့က မြန်မာနိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဘုန်းကျော်က မြစ်ကြီနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။
“ခြုံငုံပြောရင်တော့ ယွမ်သိန်း ၅၀၀ လောက်တော့ရှိတာပေါ့။ ၂၀၁၄ ရှေ့ပိုင်းနှစ်က ဒီထက်သုံးဆဝင်တယ်”လို့ ဦးဘုန်းကျော်က ပြောပြပါတယ်။
ဦးဘုန်းကျော်ပြောပြတဲ့ ကိန်းဂဏန်းကို သီးခြားအတည်ပြုချက်ရယူထားတာတော့ မရှိသေးပါဘူး။ ဒါက ရွှေလီကျောက်ဝိုင်းကို ဝင်နေတဲ့ ပမာဏကို ပြောပြခဲ့တာပါ။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကတော့ ကျောက်စိမ်းတွေ တရားမဝင် သွားလာမှုများနေတာက လိုင်စင်မဲ့ကားတွေကို ခရီးသည်လိုင်းပြေးဆွဲခွင့် ပြုထားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
“အကုန်လုံး စစ်မယ်ဆိုရင်လည်း လမ်းကြောင်းက ပိတ်ပြီ။ သွားရေးလာရေးကခက်ပြီ။ လိုင်စင်မဲ့ကားတွေနဲ့ လိုင်းဆွဲနေတာက တရားမဝင်သွားတာကို ပိုဖြစ်စေတယ်”ဟု ဦးကျော်စွာအောင်ကပြောပါတယ်။
ဖားကန့်မြို့နယ်က ဧရိယာစတုရန်းမိုင် ၂၃၃၉ ကျယ်ဝန်းပြီးတော့ မြေဧကအားဖြင့် ၁၄၉၆၈၇၇ ဧက ရှိပါတယ်။ ကျောက်စိမ်းထွက်ရှိရာ နေရာတွေမှာတော့ နိုင်ငံတော်အစိုးရက ဧကပေါင်း ၇၉၃၃ ဧကမှာ ကျောက်မျက်တူးဖော်ရေးကုမ်္ပဏီ သုံးရာကျော်ကို ပုဂ်္ဂလိကလုပ်ကွက်ပေါင်း လေးထောင်ကျော်(၄၆၁၆)နဲ့ နိုင်ငံတော်နဲ့အကျိုးတူလုပ်ကွက်ပေါင်း (၂၁၆)ကွက်ကို ကျောက်မျက်တူးဖော်ဖို့ တရားဝင်လိုင်စင် ချပေးထားပါတယ်။
ကျောက်စိမ်းတွေ အင်နဲ့အားနဲ့ ဘယ်လောက်တူးဖော်နေသလဲဆိုရင် စက်ယန္တရားပေါင်း တစ်သောင်းကျော် (၁၀၄၀၀)က ဖားကန့်ဒေသမှာရောက်ရှိနေပါပြီ။ ယာဉ်ယန္တရားကန့်သတ်ဖို့ တောင်းဆို တိုက်တွန်းပေမယ့်လည်း အဲ့ဒီယန္တရားတွေရဲ့ထက်ဝက်လောက်က တရားမဝင်ရောက်ရှိနေတဲ့ယာဉ်တွေ ဖြစ်တယ်လို့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ကချင်ပြည်နယ်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒီအကြီးစားမြေသယ်ယာဉ်အမျိုးအစား KOMATSU(785)တစ်စီးက သိန်းပေါင်း တစ်သောင်းကျော်လောက် တန်ကြေးရှိပြီးတော့ တစ်ရက်ကို ဆီပေပါ ၅ ပေပါအထိ ကုန်အောင် မောင်းနှင်အလုပ်လုပ်တယ်လို့ ဖားပြင်ကျေးရွာက ယာဉ်ကြီးကြပ်တစ်ဦးထံမှ သိရပါတယ်။
ဖားကန့်မြို့မှာတော့ ဆီပေပါတစ်ပေပါကို ကျပ်နှစ်သိန်းဝန်းကျင်လောက်အထိ ပေါက်ဈေးရှိပါတယ်။ တစ်ရက်ကို ကားတစ်စီးမှာ ဆယ်သိန်းဖိုးလောက် လောင်စာဆီအတွက် အသုံးပြုတယ်လို့ ယူဆလို့ရပါတယ်။ ကသာဆိပ်ကမ်းကနေ ဖားကန့်ကို ဆီသယ်ပို့တဲ့ယာဉ်က တစ်နေ့ကို အစီးတစ်ရာဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်။
ကျောက်စိမ်းကဏ္ဍရဲ့ အဓိကဇာတ်ကောင်တွေနဲ့ လုပ်ပိုင်ခွင့်
ကျောက်စိမ်းနဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်တာကသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မကလ)က အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ မကလရဲ့ လုပ်ငန်းတာဝန်တွေက ရတနာနယ်မြေအတွင်း ကျောက်မျက်ရတနာလုပ်ကွက်များ သတ်မှတ်ခြင်းနှင့် ခွင့်ပြုမိန့်ချထားပေးခြင်း။ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွေကို ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်တွေနဲ့အညီ စီမံခန့်ခွဲကြီးကြပ်ခြင်း၊ ကျောက်မျက်ရတနာပြပွဲတွေ ကျင်းပပြုလုပ်ခြင်း၊ ထုတ်လုပ်ရရှိတဲ့ ကျောက်မျက်ရတနာ အရိုင်းတွေအပေါ်မှာ တွင်းဝရတနာခွန်၊ အရိုင်း၊ အချောထည်နဲ့လက်ဝတ်ရတနာ ရောင်းဝယ်တဲ့အပေါ် ဥပဒေနဲ့အညီ အခွန်အခကောက်ခံခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှုတွေကို ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းဖြင့် ပြည်နယ်အစိုးရမှာ ကျောက်မျက်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်မရှိတာ တွေ့ရပါတယ်။ ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးH လအောင်ကတော့ ကျောက်စိမ်းကဏ္ဍတွေမှာ ဗဟိုအစိုးရကနေ တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ ဘာမှလုပ်ပိုင်ခွင့် မရပါဘူးလို့ ဆိုပါတယ်။
ယခုအစိုးရလက်ထက် ပြီးခဲ့တဲ့မတ်လမှာ ပထမဆုံးအနေနဲ့ ကချင်ပြည်နယ်မြစ်ကြီးနားမှာ ကျောက်မျက်ပြပွဲ လုပ်နိုင်ခဲ့ပါတယ်။ နေပြည်တော် ကျောက်မျက်ပြပွဲနဲ့ ကွာခြားချက်တွေကတော့ ယူရိုငွေနဲ့ ရောင်းချခွင့်မရှိတာ၊ ဖြတ်သား(အကြမ်းအဆင့်)ပဲ ရောင်းချခွင့်ရပြီး ပြည်တွင်းလုပ်ငန်းရှင်တွေသာ ဝယ်ယူခွင့်ရတာဖြစ် ပါတယ်။
ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ်မှာ ယူရိုနဲ့ရောင်းချနိုင်တဲ့ ကျောက်မျက်ပြပွဲတွေ ပြုလုပ်ခွင့်ရမယ်ဆိုရင်လည်း တရားမဝင်လမ်းကြောင်းက လျော့နည်းလာနိုင်တယ်လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦဇေလွမ်းကပြောပါတယ်။
တန်ဖိုးဖြတ်လုပ်ငန်းစဉ်တွေ ကြောင့်လည်း အခွန်ဆုံးရှုံး
ကျောက်စိမ်းကို တန်ဖိုးဖြတ်သတ်မှတ်ပြီး အခွန်ဆောင်ရတာကြောင့် တန်ဖိုးဖြတ်လုပ်ငန်းစဉ် (ရာဖြတ်)ကလည်း အရေးပါဆုံးအပိုင်းမှာ ပါဝင်ပါတယ်။
တန်ဖိုးဖြတ်လုပ်ငန်းစဉ်ကို မကလမှ ကိုယ်စားလှယ် သုံးဦး၊ အခြားအစိုးရအဖွဲ့အစည်းမှ ကိုယ်စားလှယ်လေးဦး၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်းမှ ကိုယ်စားလှယ်တစ်ဦးနဲ့ ပြင်ပကျွမ်းကျင်ပညာရှင် တစ်ဦးအပါအဝင် အဖွဲ့ဝင်ကိုးဦးထက်မနည်းပါဝင်တဲ့ တန်ဖိုးဖြတ်အဖွဲ့က စိစစ်တန်ဖိုးဖြတ်ပါတယ်။
၂၀၁၁ – ၁၂ ဘဏ္ဍာနှစ်နဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အကြား အစိုးရထုတ်ဖော်ကြေညာတဲ့ ကျောက်စိမ်းတစ်ကီလိုဂရမ်ကို မြန်မာကျပ်ငွေ ၃၃၇ ကျပ်ကနေ ၄၅၀ ကျပ်အထိ (အမေရိကန်ဒေါ်လာ ပြား၅၀အောက်)ဖြစ်ပါတယ်။ သည်ဈေးနှုန်းတွေက ဈေးကွက်နှုန်းထားထက် အဆပေါင်းများစွာ လျော့နည်းနေတယ်လို့ သယံဇာတ လေ့လာစောင့်ကြည့်တဲ့ NRGI (Natural Resource Governance Institute)က ထုတ်ဝေတဲ့ ကျောက်မျက်ကဏ္ဍ စီမံအုပ်ချုပ်မှု မြန်မာနိုင်ငံအတွက်ထည့်သွင်းစဉ်းစားရမယ့် အချက်များ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ရှုပ်ထွေးနေတဲ့ အခွန်စနစ်
ကျောက်စိမ်းအပေါ်ကောက်ခံနေတဲ့အခွန်ကို မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့ အခွန်အကောက် ဥပဒေနဲ့အညီ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက အဓိက ကောက်ခံပါတယ်။ မကလအနေနဲ့ ကျောက်စိမ်းအပေါ် အခွန်ကောက်ခံမှုတွေက လုပ်ကွက်အဆိုပြုငွေ (မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ) တွင်းဝရတနာခွန် (မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ)၊ ပြပွဲတင်ရောင်းချခ (မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ)တို့ကိုကောက်ခံပြီး အထူးကုန်စည်ခွန် (ပြည်ထောင်စုအခွန်အကောက်ဥပဒေ)ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ကောက်ခံပါတယ်။
ကောက်ခံမှုပုံစံတွေက နိုင်ငံတော်နဲ့ ဖက်စပ်လုပ်ကိုင်မှုအတွက် ထုတ်လုပ်မှုဝေစု (၂၅ရာခိုင်နှုန်း)၊ တွင်းဝခွန် (တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း)၊ ရောင်းချမှုအတွက် အထူးကုန်စည်ခွန် (၁၅ ရာခိုင်နှုန်း)၊ ကုမ္ပဏီဝင်ငွေခွန် (၂၅ ရာခိုင်နှုန်း)နဲ့ ဝန်ဆောင်ခများ (၁ မှ ၃ရာခိုင်နှုန်းအထိ) ပါဝင်ပါတယ်။
ဒီအခွန်နှုန်းထားတွေကို ကြည့်မယ်ဆိုရင် နိုင်ငံအများစုကောက်ခံနေတဲ့ ရတနာခွန်ထက် ၂ဆကနေ အဆ ၂၀အထိ ပိုမိုများပြားနေတယ်လို့ NRGI ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ကျောက်စိမ်းအခွန်ကောက်ခံမှု များပြားနေပေမယ့် တန်ဖိုးဖြတ်လုပ်ငန်းစဉ်မှာ သတ်မှတ်တဲ့တန်ဖိုးက ဈေးကွက်ထက် အဆပေါင်းများစွာ လျော့နည်းနေတာကြောင့် အခွန်ရရှိမှုက အားနည်းနေပါတယ်။ အခွန်စနစ်က များပြားပြီး ရှုပ်ထွေးနေသလို တန်ဖိုးဖြတ်မှုတွေမှန်ကန်ဖို့အတွက် ရာဖြတ်လုပ်ငန်းစဉ်ကို ထိန်းကျောင်းပေးမယ့် ဘုတ်အဖွဲ့တွေလိုအပ်ပြီး ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍတစ်ခုလုံးက ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်နေတယ်လို့ NRGI ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
တရုတ်ပြည်မှာ ကျောက်စိမ်းအခွန်ကောက်ခံတဲ့စနစ်ကိုတော့ ဦးဘုန်းကျော်က “၁၉၇၈ ခုနှစ်ကတည်းက မြန်မာပြည်ကနေ ဘယ်ကဝင်ဝင် အခွန်မဆောင်ရဘူး။ ကျယ်ခေါင်ကနေ ဒီဘက်တံတားကျော်မယ်ဆိုရင်တော့ အခွန်ဆောင်ရတယ်။ မဆောင်ရင်ဖမ်းတယ်။ လွတ်လပ်တယ်။ အခွင့်အရေးအများကြီးပေးတော့ လူတွေလည်း ပျော်ကြတယ်။ နောက်တစ်ခုက အရေးကြီးပြီဆို စာရေးပြီးတံဆိပ်ထုပို့လိုက်ရင် ချက်ချင်းဖြေရှင်းပေးတယ်။ အဲဒီလောက်အထိမြန်တယ်”လို့လည်း ရှင်းပြခဲ့ပါတယ်။
အခုလို ကျောက်စိမ်းတွေ တရားမဝင် သွားနေရတဲ့အကြောင်းအရင်းများစွာထဲမှာ ကျောက်စိမ်းကဏ္ဍ တစ်ခုလုံးပွင့်လင်းမြင်သာမှု အားနည်းပြီး အခွန်စနစ်ရှုပ်ထွေးတာ၊ ဥပဒေပိုင်းဆိုင်ရာတွေမှာ အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
ကျောက်စိမ်းတူးဖော်ခွင့် ရရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အကျိုးခံစားခွင့်ကို နိုင်ငံတော်က ၅၅ ရာခိုင်နှုန်း အကျိုးတူကုမ္ပဏီက ၄၅ ရာခိုင်နှုန်းပါ။ အခုလို ၅၅ ရာခိုင်နှုန်းသတ်မှတ်ထားပေမယ့် အမှန်တကယ်က အခွန်ရှောင်တာတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်တိုးမြှင့်ကောက်ခံပေမယ့် ကောက်ခံသလောက် မရရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကျောက်စိမ်းတစ်လုံးရဲ့ နောက်ဆုံးရောင်းရတဲ့ တန်ဖိုးငွေအပေါ်မှာ အခွန်ပေးရတာမဟုတ်ဘဲ ထွက်ရှိတဲ့ကျောက်စိမ်းကို လုံးခင်းကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ရာဖြတ်အဖွဲ့က တန်ဖိုး ဖြတ်တဲ့အပေါ်မှာ တွင်းဝခွန် ၂၀ ရာခိုင်နှုန်းဆောင်ရတာဖြစ်ပါတယ်။
တွင်းဝခွန် ကောက်ခံတဲ့ကော်မတီမှာ လုပ်ငန်းရှင်တွေကိုယ်တိုင် အဖွဲ့ဝင်ဖြစ်တဲ့အခါမှာ တန်ဖိုးဖြတ်သတ်မှတ်မှုတွေက မှန်ကန်တဲ့တန်ဖိုးတွေတကယ်ဖြစ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အစိုးရ မှီခိုအားထားနေတာကတော့ ဝင်ငွေခွန်ပဲဖြစ်ပါတယ်။ ဒီလိုမှီခိုတာဟာ မှားယွင်းတယ်လို့ ကျောက်မျက်ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ ကျောက်မျက်ကုမ်္ပဏီတွေက ဝင်ငွေအမှန်ကို မကြေညာလို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာြကောန်လကတော့ “အမှန်မရှိတဲ့ အပေါ်ဝင်ငွေကောက်ခံမှုကို အားကိုးတာမှားကိုမှားပါတယ်။ ဒါမဖြစ်သင့်ဘူး”လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
ထုတ်လုပ်မှုဝေစုကိုလည်း ကမ်္ဘာ့နိုင်ငံတွေကို လေ့လာကြည့်တဲ့အခါမှာ အကျိုးတူလုပ်ကွက်တွေမှာဆိုရင် ၅၀ ရာခိုင်နှုန်းကောက်ခံတယ်လို့ သိရပါတယ်။ မြန်မာတစ်နိုင်ငံတည်းမှာသာ လုပ်ငန်းရှင်တွေရဲ့ တိုက်တွန်းချက်တွေကြောင့် ၂၅ ရာခိုင်နှုန်းပဲ ကောက်ခံတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဘယ်လိုထိခိုက်မှုတွေရှိနိုင်လဲလို့ ဒေါက်တာ Mကောန်လကို ဆက်လက်မေးကြည့်တဲ့အခါမှာတော့ ကျောက်မျက်ရတနာသည် ထပ်တိုးတန်ဖိုးတွက်မရတဲ့ အမြတ်ဖြစ်ကြောင်း၊ သာမာန်ထုတ်ကုန်နှင့် နှိုင်းယှဉ်လို့ မရတဲ့အကြောင်း၊ အရည်အသွေးမြင့် ကျောက်တစ်လုံးအောင်ပြီဆိုပါက အရှုံးကျေသည့်အပြင် အမြတ်ပါထွက်ကြောင်း ဆက်လက်ပြောဆိုပါတယ်။
ကျောက်စိမ်းတူးဖော်ခွင့်ရတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်လည်း အရင်အစိုးရနဲ့ ပတ်သက်နေသူတွေ၊ ခရိုနီအုပ်စုတွေ အဓိကပါဝင်နေတယ်လို့ Global Witness ကလည်း ဖော်ပြထားတာကြောင့် ကျောက်စိမ်းလုပ်ငန်းစဉ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အဘက်ဘက်က ပွင့်လင်းမြင်သာမှုတွေ များစွာလိုအပ်နေပါသေးတယ်။
စည်သူ







