ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာရှိ၊ ကျောက်စိမ်းနဂါး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းဖြတ်သားများကို မည်သူမဆို အခမဲ့ ဝင်ရောက်ယူရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
ယင်းဖြတ်သား အများစုသည် အထက်ပါကုမ္ပဏီမှ ဖြတ်တောက်ထားသည့် တန်ဖိုးနည်းဖြတ်သားများ(အောက်ကျောက်..ဒေသအခေါ်အဝေါ် ) များသာဖြစ်ပြီး အောင်သည့် ကျောက်မှာ အနည်းအကျဉ်းမျှသာ ရှိကြောင်း သွားရောက်ယူဆောင်သည့် ဒေသခံ ကိုနေလင်းထွန်းက ပြောသည်။
“သူတို့ဖြတ်လိုက်ပြီးတော့ မအောင်တဲ့ကျောက်စိမ်း ဖြတ်သားတွေများတယ်။ သယ်ရတာလည်းမလွယ်ဘူး။ အောင်လို့အောင်ငြားဆိုပြီး သွားရှာရတာပဲ။ တစ်ချို့ကျတော့လည်း သိန်းလေးငါးဆယ် အောင်တဲ့အလုံး ရှိတယ်လို့လည်း ကြားတယ်။ အများစုကတော့ မအောင်တာများတယ်” ကိုနေလင်းထွန်းမှ ဆက်လက်ပြောသည်။
ကျောက်သယ်ချိန်ကို လွန်ခဲ့သည့် တစ်ပတ်ခန့် က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခွင့်ပြုထားပြီး နေ့စဉ်ရေးမဆေးသမား ၁၀၀၀ ခန့် သွားရောက်ယူဆောင်နေကြသည်ဟုလည်း သိရသည်။
“အလုအယက်နဲ့တော့ သယ်နေကြတာပဲ။ အမျိုးသမီးတွေလည်း ပါတယ်။ ကလေးတွေတောင်ပါသေးတယ်။ တောင်ပေါ်အထိ တက်ယူရတော့ တစ်လုံးတစ်လုံးရဖို့ဆို မလွယ်ဘူး” ဆိုင်းတောင် ကျေးရွာမှ လာျရာက်သယ်ယူသူ ကိုရဲမင်းထွေး မှ ပြောသည်။
ယင်းသို့ တရားဝင် ယူဆောင်စေခြင်းသည့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
စည်သူ(မြစ်ကြီးနား)













